၂၀၁၆ မျှော်လင့်ချက်

၂၀၁၆ မျှော်လင့်ချက်
Published 31 December 2015
မောင်တင်ဦး(မြောင်းမြ)

ခွဲခွာချိန်
ဒီညဟာ လွမ်းစရာလိုလို။ ပျော်စရာလိုလို။ ရင်တဖိုဖို ဖြစ်ရတာတော့အမှန်။ ၂၀၁၅ ခုနှစ်ရဲ့ ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်။ လွမ်းတတ်သူတို့ရဲ့ နှုတ်ဆက်ည။ မျှော်လင့်ချက်တို့ ရုန်းထစေတဲ့ည။ ပြောင်းလဲခြင်းဆိုတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေချိန်။ တကယ်တော့ လူတိုင်းက  Happy New Year ၂၀၁၆ လို့ တစ်ပြိုင်နက်ကြွေးကြော်ဖို့ စောင့်ဆိုင်းနေကြချိန်။ ဘယ်သူကမှ  Happy Old Year ၂၀၁၅ လို့အော်ဖို့ စိတ်တောင် မကူးမိကြဘူး။
ဒီညမှာ ပြောင်းလဲလိုသူနဲ့ မပြောင်းလဲလိုသူတို့ ကွဲကွဲပြားပြား ဖြစ်ပေါ်လာတယ်။ ပြောင်းလဲလိုသူတို့က ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက် ၀၀း၀၀ နာရီလို့ ပြောနေချိန်မှာ မပြောင်းလဲလိုသူတို့က ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ၁၂း၀၀ နာရီလ့ို ပြောနေတုန်း။ ဒါပေမဲ့ နာရီလက်တံတွေက ရပ်တန့်ထားလိုမရဘူး။
ဆိုတော့ ခွဲခွာချိန်ဟာ မဆိုင်းမတွ ရောက်လာတယ်။ မပြောင်းလဲဘူးလို့ တင်းခံထားသူတွေကို ခေါ်မသွားနိုင်လို့ ထားရစ်ခဲ့တာကို နားလည်ပေးပါ။ သံယောဇဉ် ရှိခဲ့တာကြောင့် ခံစားတတ်မှန်းသိလို့ တိတ်တိတ်လေး ထွက်သွားဖို့ ကြံစည်ထားတာ။ ခုတော့ ရိပ်မိသွားပြီ။
တကယ်သွားတော့မှာလား။ အကြည့်တွေနဲ့ မေးတယ်။ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေလို့ အသံထွက်မလာဘူး။ ရင်ထဲမှာငိုနေတာ သိနေပေမယ့်  မသိချင်ယောင် ဆောင်လိုက်တယ်။ ချော့မိရင် ရုန်းထွက်ရခက်ဦးမှာ။ သံယောဇဉ်ကြိုးဆိုတာ တိခနဲဖြတ်မှ။ နို့မဟုတ် ရစ်ပတ်မိနေရင် ဖြတ်ရအခက်သား။ ၂၀၁၅ ရယ် နေခဲ့ပေတော့။
ခုသွားမယ့်နေရာက စုံမြိုင်တောရိပ်၊ ရွက်စိပ်စိပ်နဲ့ သူတော်ကောင်းတို့ ပြည်သူအပေါင်းတို့ နားခိုပျော်စံရာ နေရာလေးတစ်ခု။ အဲဒီနေရာရောက်ဖို့ လမ်းက မဖြောင့်ဖြူးဘူး။ ဆူးတွေ၊ ငြောင့်တွေ၊ ချိုင့်တွေ၊ ဗွက်တွေ ဘယ်လို အခြေအနေ ရှိမယ်ဆိုတာ မှန်းဆလို့မရဘူး။ ဖြောင့်နေလား။ ဘယ်ဘက် ကွေ့နေလား။ ညာဘက်စောင်းနေလား။ မတ်စောက်နေလား။ နိမ့်ဆင်းနေတာလား။ ဒါလည်း မှန်းဆရခက်တယ်။ တောတွင်းဓားပြတွေရဲ့ အတိုက်ခံရမလား။ ချုံခိုချောင်းမြောင်း အတိုက်ခံရမလား။ ဒါပေမဲ့ သွားရမှာပဲ။ အချိန်ဆိုတဲ့ စေခိုင်းသူကြီးက အတင်းတွန်းပို့နေတာ။ ဒီလိုနဲ့  ခေါ်မသွားသင့်သူကို ချန်ထားရစ်ခဲ့ရတာ။ နားလည်ပေးပါ။ မပြောင်းလဲချင်သူတွေ နေရစ်ပေတော့။ အနာမခံလိုသူတွေ လိုက်မလာနဲ့။
၂၀၁၅ ပုံရိပ်
ဒီကနေ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက် နေ့ဖြစ်တယ်။ ဆောင်းရဲ့သရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ပေးမယ့် နှင်းတွေက မစို့မပို့လေး ဝေနေတယ်။ ရှေ့သွားရင် နောက်လှည့ ်မကြည့်တတ်တဲ့ အကျင့်အတိုင်း ၂၀၁၅ ကို ထားရစ်ခဲ့တယ်။
ဖားကန့်မြေပေါ်မှာ ရေမဆေးကျောက် ရှာဖွေသူရဲ့ သင်္ချိုင်းဖြစ်ပွားရတဲ့နေ့ဟာ ၂၀၁၅ ခုနှစ်ရဲ့ ပြဿဒါးရက်ပဲ။ မရှိလို့ရှာစားရတာ။ မငတ်ဖို့ အန္တရာယ်ကို ရင်ဆိုင်ခဲ့တာ။ ခုတော့ အသက်ပေးသွားရပြီ။ ဘဝဟာ အဲဒီလောက် ခက်ခဲလား။
ထိုင်းနိုင်ငံရောက် အလုပ်သမား နှစ်ယောက်ကို လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ၂၄.၁၂.၂၀၁၅ ရက်က သေဒဏ် ချမှတ်လိုက်တယ်။ ကိုယ့်နိုင်ငံမှာ ၀၀လင်လင် လုပ်ကိုင် ရှာစားရတာ အဆင်မပြေဘူး။ ဒီတော့ ရရာရှာဖို့၊ တွေ့ရာနေဖို့၊ ကြုံရာလုပ်ဖို့၊ ထမင်းတစ်နပ်အတွက် ဒီ (ထိုင်း) နိုင်ငံ ရောက်လာမိတယ်။ ခုတော့ ကိုယ့်သေတွင်း ကိုယ်တူးနေရသလိုပါလား။
ပညာရေးဥပဒေကို ဆန္ဒပြတဲ့ ဒီမိုကရေစီ ပညာရေး စစ်ကြောင်းကို လက်ပံတန်းမြို့မှာ တားဆီးပြီး ရိုက်နှက်ကာ ဖမ်းဆီးခဲ့တယ်။ ယနေ့ထိတိုင် ဖမ်းဆီးခံကျောင်းသားနဲ့ ဝန်းရံပြည်သူများကို လွှတ်မပေးသေးဘူး။ အချို့ အစာငတ်ခံလို့ ဆေးရုံရောက်ကုန်ကြပြီ။ အလွတ်ကျက် ပညာရေးက ပန်းပန်လျက်ပဲ။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလို့ ကြွေးကြော်နေပေမယ့် အဖွဲ့ပေါင်း၂၁ ဖွဲ့ အနက် ရှစ်ဖွဲ့နဲ့သာ လက်မှတ် ထိုးနိုင်ပါသေးတယ်။ ဒီလိုဖြစ်ရတာက နိုင်ငံတော်ပိုင်းနဲ တိုင်းရင်းသား ကိုယ်စားလှယ်တို့ တွေ့ဆုံစဉ် ပြေလည်အောင် မညှိနှိုင်းတာကြောင့်လို့ သတင်းများအရ သိရတယ်။ ငြိမ်းချမ်းရေးအမှန် တကယ်လိုချင်ရင် ညှိနှိုင်းလို့ မရစရာ မရှိကြောင်း မရှိသင့်ဘူးလို့ ယူဆပါတယ်။
တရားဥပဒေ စိုးမိုးမှုမရှိသေးတာ၊ လယ်ယာမြေကိစ္စ၊ ကျန်းမာရေးပြဿနာ၊ ကလေး သူငယ်တွေ အနိုင်ကျင့်ခံနေရမှု စတဲ့အရေးတွေက ၂၀၁၅ ခုနှစ်ထဲမှာ သပွတ်အူလို ရှုပ်ထွေးနေတယ်။
နိုဝင်ဘာ ၈ ရက်က အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ရာခိုင်နှုန်း ၅၀ မှ ရာခိုင်နှုန်း ၈၀ အထိနိုင်မယ်လို့ အပိုင် တွက်ထားသူတွေ ရှုံးနိမ့်ခဲ့တယ်။ NLD ပါတီကတော့ ပြည်သူ့လွှတ်တော်မှာ ၂၅၅ ဦး၊ အမျိုး သားလွှတ်တော်မှာ ၁၃၅ ဦး၊ တိုင်းရင်းသားလူမျိုးစုလွှတ်တော်မှာ  ၂၁ ဦး၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်မှာ ၄၇၅ ဦး စုစုပေါင်း ၈၈၆ ဦး အနိုင်ရခဲ့တယ်။
၂၀၁၅ ခုနှစ်ဟာ ပြက္ခဒိန်များစွာထဲမှ တစ်ခုဖြစ်ပေမယ့် ထူးခြားမှု အပြည့်ရှိခဲ့တယ်ဆိုတာ အထက်ဖော်ပြပါ အဖြစ်များက ထင်ရှားနေတယ်။ ဒီ၂၀၁၅ ခုနှစ်ဟာ ၂၀၁၀ ပြည့်နှစ်ကစခဲ့တဲ့ လွှတ်တော်သက်တမ်းရဲ့ နောက်ဆုံးနှစ် ဖြစ်တယ်။ လက်ဆင့်ကမ်း ပြေးပွဲရဲ့ နောက်ဆုံး ပန်းဝင်သူဖြစ်တယ်။ ကျန်ခဲ့တဲ့ လေးနှစ်ရဲ့ လုပ်ဆောင်ချက်တွေကို ၂၀၁၅ ခုနှစ်က အဆုံးသတ်ပေးရမှာ။
အဆုံးသတ်ချက်ပေါ် မူတည်ပြီး လွှတ်တော် ပထမသက်တမ်းကို မှတ်ချက်ပေးကြရမှာ။ ကောင်းတယ်၊ မကောင်းဘူး။ တစ်ခုခုပေါ့။
၂၀၁၆ ရောက်ပြီလား
ခုဆို ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ကျော်လွန်လာပြီ။ ၂၀၁၅ ခုနှစ် ပြက္ခဒိန်တွေ ဖြုတ်သိမ်းကုန်ကြပြီ။ ၂၀၁၆ ခုနှစ် ပြက္ခဒိန်သစ်တွေ ချိတ်ဆွဲကုန်ကြပြီ။ ဟန်းဖုန်းတွေ၊ အင်တာနက်တွေမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်ဆိုတဲ့ Date and Time မှာ ဖော်ပြကုန်ကြပြီ။
ထို့အတူ ၂၀၁၅ ရဲ့အပေါင်းအပါတွေ၊ ဖြစ်ရပ်တွေ၊ လူပုဂ္ဂိုလ်အချို့တွေ ချန်ထားခဲ့ရဦးမယ်။ အချို့အချို့က ၂၀၁၅ က ဝတ်စုံကိုချွတ် ၂၀၁၆ ထဲကို ကိုယ်ယောင်ဖျောက်ပြီး ရောက်လာသူတွေ ရှိကောင်းရှိမှာ။ ကိုယ်ယောင်ဖျောက် ဝင်လာသူတွေထဲမှာ နှစ်မျိုးနှစ်စား ပါလာဦးမှာ။ ၂၀၁၅ ခုနှစ်က အကျင့်ဆိုးတွေကို သတိပြုမိပြီး ပြုပြင်ချင်လို့ ၂၀၁၆ ခုနှစ်ကို အလုပ်အကျွေးပြုချင်လို့ ပါလာတာကတစ်မျိုး၊  ၂၀၁၅ ခုနှစ်က စံစားခဲ့တဲ့ စည်းစိမ်တွေ၊ ရထားတဲ့ အာဏာကို လက်မလွှတ်နိုင်လို့ ဆက်နေဖို့ လိုက်နေတာကတစ်မျိုး။ ဘယ်လိုပဲဖြစ်ဖြစ် သတိရှိရမှာက ၂၀၁၆ ရဲ့တာဝန်ပဲ။ ၂၀၁၆ ဟာ အချိန်ရဲ့စေစားမှုကြောင့် သမိုင်းလမ်းကြောင်းမှာ မလွဲမသွေ ဖြတ်သန်းရမှာ။
၂၀၁၆ ဟာ အလုံးစုံမှာ အကောင်းတွေချည်း ဖြစ်ရမယ်ဆိုရင် စိတ်ကူးအိပ်မက် တစ်ခုကို အတင်းမက်ရာ ကျလွန်းပါတယ်။ လောကဓံဆိုတာကို အိပ်မက်မက်လို့ရတာမှ မဟုတ်လေတာ။ မဝင်းမော်၊ ကိုပါကြီး၊ ဒေါ်ခင်ဝင်း၊ ကချင်ဆရာမလေးနှစ်ဦး၊ ငါးလောင်းပြိုင် လူသတ်ခံရမှု၊ သူတို့ရဲ့ဝိညာဉ်တွေက ခုနှစ်တွေပြောင်းလဲတာကို သိချင်မှသိမှာ။ ဒါပေမဲ့ သူတို့အတွက်အမှန်တရားကိုတော့ တမလွန်က မျှော်နေမှာ အသေအချာ။ ဘယ်သူတွေ အမှန်တရားကို ဖော်ထုတ်ပေးမလဲ။ ပြည်သူတွေကို ယုံလို့ ပြည်သူ့အတွက် တိုင်းပြည်အတွက် ဘဝတွေ၊ အသက်တွေ အဆုံးရှုံးခံခဲ့တာ။ ဒါကို ပြည်သူက မေ့မယ်မထင်ဘူး။
မျှော်လင့်ချက်
၂၀၁၆ ဟာ လူစွမ်းကောင်းတွေ ထွန်းကားတဲ့ နှစ်တော့မဟုတ်ဘူး။ လူတော်လူကောင်းတွေ၊ တိုင်းပြည်ချစ်သူတွေ၊ အမှန်တရားကိုချစ်ပြီး အမှန်တရားအတွက် တိုက်ပွဲဝင်ရဲတဲ့ သတ္တိရှိသူတွေ စုဝေးရာနှစ်တော့ ဖြစ်မှာ သေချာတယ်။
၂၀၁၅ ခုနှစ်  နိုဝင်ဘာလ ၈ ရက်က ပြည်သူတွေ ရွေးပေးလိုက်တဲ့ လူတွေဟာ ပြည်သူက ယုံကြည်သူတွေဖြစ်တယ်။ ဒါကြောင့် ပြည်သူရဲ့ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်း ပြသဖို့ ၂၀၁၆ က မျှော်လင့်နေတယ်။ လူတော်လူကောင်းအဖြစ် စိတ်ရင်းကောင်းဖို့က ပထမဖြစ်တယ်။ စိတ်ရင်းကောင်းတယ်ဆိုတာ ရိုးသားဖြူစင်တာကို ဆိုလိုပြီး ရိုးအ၊ အယုံလွယ်တာကို မဆိုလိုဘူး။
ပြည်သူအတွက်၊ တိုင်းပြည်အတွက် အာဂသတ္တိရှင်တွေ ဖြစ်ဖို့လိုတယ်။ ၂၀၁၅ရဲ့ အမွေဆက်ခံသူ အဖြစ်ထက် ၂၀၁၅ ရဲ့ အမွေဆိုးတွေကို ဖယ်ရှား သုတ်သင်နိုင်သူ ဖြစ်ရမယ်။ ပြည်သူကို အမှန်တကယ် မျက်နှာပြုတဲ့၊ ပြည်သူအပေါ် တစ်ရွေးသားမှ သစ္စာမပျက်တဲ့၊ အာဏာကို စွဲလမ်းမွေ့လျော်ကာ တလွဲသြဇာ မသုံးစွဲတဲ့ လူတော်လူကောင်းများအဖြစ် ၂၀၁၆ က မျှော်လင့်နေတယ်။
၂၀၁၆ ခုနှစ်ကတော့ လာလတ္တံ့သော အပြောင်းအလဲများကို ပြောင်းလဲလိုစိတ်ရှိသော၊ တိုင်းပြည်ချစ်စိတ်ရှိသော၊ ငြိမ်းချမ်းစေလိုသော၊ ပြည်သူအလုံးစုံကို ဆင်းရဲတွင်းမှ ကယ်တင်လိုသော၊ လူတော်လူကောင်းတို့ရဲ့ အားနဲ့ တွေးဆရ မလွယ်ကူသော အနာဂတ်ကို ရင်တဖိုဖို၊ အသည်းတထိတ်ထိတ်နဲ့ လျှောက်လှမ်းဖို့ မျှော်လင့်နေပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ အောင်မြင်ခြင်းကို ပြည်သူတစ်ရပ်လုံး အားနဲ့ လူထုခေါင်းဆောင် အားတို့ တစုတစည်းတည်း ပူးပေါင်းလျက် အရယူ သိမ်းပိုက်လိုက်ကြရအောင်။
 

Most Read

Most Recent