ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)၊ နိုင်ငံရေး ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားစွဲဆိုခံထားရသူ မောင်ဆောင်းခ၏ ကဗျာထဲတွင် မပါဝင်သော “နိုင်ငံတော်သမ္မတ” ဟူသည့် အသုံးအနှုန်းဖြင့် အမှုတည်ဆောက်ခဲ့သူ တရားလိုရဲမှူး သိန်းဝင်းအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၁၂၄ (က) ဖြင့် မောင်ဆောင်းခ၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြန်လည်တရားစွဲဆိုရန်အတွက် လျှောက်ထားခဲ့မှုကို လာမည့်ရုံးချိန်းတွင် ရွှေပြည်သာမြို့နယ် တွဲဖက်မြို့နယ်တရားသူကြီးက ကြားဖြတ်အမိန့် ချမှတ်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် စုံစမ်းသိရှိရသည်။
အဆိုပါ ရုံးချိန်းတွင် ဦးရောဘတ်စန်အောင်က တရားလိုရဲမှူး သိန်းဝင်းကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၂၄ (က) ဖြင့် အရေးယူပေးပါရန် တွဲဖက်မြို့နယ်တရားသူကြီးအား စာဖြင့် လျှောက်ထားခဲ့သည်။
ယင်းသို့ တရားစွဲဆိုရန် လျှောက်ထားသည့် စာထဲတွင် “ပုံရိပ်” အမည်ရှိ ကဗျာထဲတွင် “သမ္မတကြီး” ဆိုသော စကားရပ်သာပါပြီး မည်သည့် သမ္မတကို ဆိုလိုကြောင်း ဖော်ပြထားမှုမရှိဘဲ တရားလိုက သက်သေခံ (က) တိုင်စာအပိုဒ်(၃) ၌ “ နိုင်ငံတော်”နှင့် “နိုင်ငံတော်သမ္မတကြီး”ဟု ရေးဖြည့်ပြီး အမှုတည်ဆောက်လာခြင်းမှာ စွပ်စွဲခံရသူကို အရေးယူ၍ရအောင် ဆောင်ရွက်နေခြင်းမှာ ထင်ရှားပါကြောင်း၊ မူလကဗျာထဲတွင် “နိုင်ငံတော်”နှင့် “နိုင်ငံတော် သမ္မတကြီး” ဟု မပါဝင်ဘဲ တရားလိုရဲမှူးက မိမိသဘောအလျောက် ရေးသားထည့်သွင်းခြင်းဖြင့် “နိုင်ငံတော်” နှင့် “ နိုင်ငံတော်သမ္မတကြီး ” ဟု ဂုဏ်သိက္ခာထိခိုက်အောင်၊ အကြည်ညိုပျက်အောင် ပြုလုပ်ခြင်းမှာ ထင်ရှားနေပါကြောင်း၊ ယင်းသို့ ဖြည့်စွက်ရေးသားခြင်းမှာ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရာရောက်ပြီး ရဲတပ်ဖွဲ့ဝင် အပါအဝင် ပြည်သူ့ဝန်ထမ်းများသည် တာဝန်ထမ်းဆောင်ရာ၌ ဥပဒေဘောင်ကျော်၍ ဆောင်ရွက်နိုင်ကြောင်း မည်သည့်ဥပဒေပြဋ္ဌာန်းချက်မျှ မရှိသဖြင့် ယခုကိစ္စကို တရားစွဲဆိုခွင့်ပြုမိန့် သီးခြားလိုအပ်မည် မဟုတ်ဘဲ ဥပဒေကြောင်းအရ ငြိစွန်းချက် ရှိ/မရှိကို သုံးသပ်ခြင်းဖြင့် စွပ်စွဲခံရသူ၏ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးသင့်ပါကြောင်းနှင့် တရားလိုရဲမှူးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ် မ-၁၂၄(က) အရ အရေးယူဆောင်ရွက်ကြောင်း အမိန့်ချပြီး ဥပဒေနှင့်အညီ ဆောင်ရွက်သင့်ပါကြောင်း စွပ်စွဲခံရသူ ကိုယ်စားလျှောက်လဲချက် တင်သွင်းပါသည်”ဟူ၍ ပါဝင်ခဲ့သည်။ အဆိုပါ လျှောက်လဲချက်အား ပြီးခဲ့သည့်ရုံးချိန်းကတည်းက ဦးရောဘတ်စန်းအောင်က တွဲဖက်မြို့နယ်တရားသူကြီးထံ နှုတ်ဖြင့် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
တရားလိုရဲမှူးအား ပြန်လည်တရားစွဲဆိုရန် လျှောက်ထားခဲ့သူ ဦးရောဘတ်စန်းအောင်က “ Facebook ယဉ်ကျေးမှုက ကျွန်တော်တို့ နိုင်ငံမှာ ပေါ်လာတာ မကြာသေးဘူး။ သူက ကြိုက်သလို လွန်ဆွဲလို့ရတဲ့ ပုဒ်မမျိုးဖြစ်နေတယ်။ ဆက်သွယ်ရေးဥပဒေက တကယ်တမ်းပြောရရင် လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူး။ ဒါကို လွှတ်တော်သစ်မှာပြန်ပြီး ကြားနာသင့်တယ်။ မဟုတ်ရင် လူ့အခွင့်အရေးတွေ ဆုံးရှုံးနေပါလိမ့်မယ်။ ဒီနေ့က အမှုစစ်ဖို့ မဟုတ်ဘူး။ ကျွန်တော်တို့က လျှောက်လွဲချက်တင်တယ်။ တင်တဲ့ လျှောက်လဲချက်ကို နောက်လ ၅ ရက်နေ့မှာ ကြားဖြတ်အမိန့် ချမယ်။ အဲ့လို ကြားဖြတ်အမိန့် ချပြီးမှ အမှုကို ဆက်စစ်မယ်”ဟု ပြောကြားသည်။
“ပုံရိပ်”ကဗျာအား Facebook ပေါ်တွင် ရေးသားခဲ့သူ မောင်ဆောင်းခသည် ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသည့်အပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက် ရုံးချိန်း၌ တရားလို ရဲမှူးသိန်းဝင်းက နိုင်ငံရေးပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံ တရားစွဲဆိုခံမှုကို တွဲဖက်မြို့နယ်တရားသူကြီးက လက်ခံခဲ့သည့်အတွက် ပုဒ်မနှစ်ခုဖြင့် တရားရင်ဆိုင်ရမည် ဖြစ်သည်။
၎င်းနည်းတူ ဆက်သွယ်ရေးဥပဒေဖြင့် ပထမဦးဆုံး တရားစွဲဆိုခံရသူမှာ မချောစန္ဒီထွန်း (ခ) ချစ်သမီးဖြစ်ပြီး ၎င်းအား မအူပင်မြို့နယ် တရားသူကြီးက ဆက်သွယ်ရေး ပုဒ်မ- ၆၆ (ဃ) အတွက် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။ ယင်းနောက် ဦးခွန်ဂျာလီ၊ ဦးဇော်မျိုးညွန့်တို့မှာလည်း အသီးသီး တရားစွဲဆိုခံရပြီး လက်ရှိတွင် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။
အဆိုပါ ကဗျာအား ရေးသားခဲ့သူ မောင်ဆောင်းခသည် နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်း၌ ဗကသ ကျောင်းသားခေါင်းဆောင်နှစ်ဦးကို ရုံးထုတ်သည့် ကမာရွတ်မြို့နယ် တရားရုံးသို့ လာရောက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
မောင်ဆောင်းခ၏ ကဗျာထဲတွင် မပါဝင်သော နိုင်ငံတော်သမ္မတဟူသည့် အသုံးအနှုန်းဖြင့် အမှုတည်ဆောက်ခဲ့သူ တရားလိုရဲမှူးအား တရားစွဲဆိုရန် လျှောက်ထားမှုကို လာမည့်ရုံးချိန်းတွင် ကြားဖြတ်အမိန့်ချမည်















