လမ်းလျှောက်ခြင်း ကျန်းမာရေး

လမ်းလျှောက်ခြင်း ကျန်းမာရေး
Published 30 December 2015
အေးမို့မို့အောင်သူ၊ မြတ်စုနိုင်

ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါး ဖြစ်ပါတယ်။ လူကျန်းမာမှ စိတ်ကျန်းမာမှာ ဖြစ်သလို ကျန်းမာရေးကောင်းမွန်မှသာ အောင်မြင်တဲ့ လူဘဝနဲ့ စိတ်ချမ်းသာမှုကိုလည်း ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဆင်းရဲ၊ ချမ်းသာ အသက်ကြီးငယ်မရွေး အမျိုးသား၊ အမျိုးသမီးတိုင်းက ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် အထူးလိုအပ်ပါတယ်။ဲမြန်မာနိုင်ငံမှာ ကျန်းမာရေးဗဟုသုတ အသိပညာနည်းပါးကြတဲ့အတွက် ကျန်းမာရေးကို တကူးတက အချိန်ပေးပြီး လေ့လာလိုက်စားမှုတွေက သိပ်မရှိကြပါဘူး။ လူတွေက ငွေကြေးအကုန်ကျခံပြီး ကျန်းမာရေး လိုက်စားမှ ကျန်းမာရေးအတွက် လုပ်နေတာလို့ ထင်ကြတယ်။အမှန်တကယ်က ဒါက မှားယွင်းတဲ့ အချက်တစ်ချက်ပါ။ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကို ချင့်ချိန်စားသောက်ပြီး ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်မယ်၊ အချိန်မှန်မှန် အိပ်စက်အနားယူမယ်ဆိုရင် ကျန်းမာရေးအတွက် အတိုင်းအတာတစ်ခုထိ ပြည့်စုံလုံလောက်ပါတယ်။ဖွံ့ဖြိုးပြီးနိုင်ငံတိုင်းမှာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့အတွက် အသက်ငယ်ရွယ်စဉ်အခါကတည်းက ကိုယ်လက်လှုပ်ရှား ကျန်းမာရေးကို ပြုလုပ်ကြပါတယ်။ အားကစားခန်းမသွားပြီး အလေးမ၊ လမ်းလျှောက်ပြေးခြင်းလုပ်မှ အားကစားပြုလုပ်တာ မဟုတ်ပါဘူး။အိမ်မှာနေရင်း၊ မနက်စောစော လမ်းလျှောက်ခြင်းနဲ့ ပြေးလွှားခြင်းဖြင့်လည်း ကျန်းမာရေးကို အထောက်ကူပြုနိုင်တဲ့အပြင် သက်လုံကောင်းအောင်လည်း လုပ်ဆောင်ပေးနိုင်တဲ့အတွက် ကျန်းမာရေး နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။"စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လမ်းလျှောက်ခြင်းကလည်း လူတစ်ယောက်အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။မြို့ပေါ်နေ လူတန်းစား လူမှုဘဝမှာ နေ့စဉ် လမ်းလျှောက်နေကြပေမယ့် အမှန်တကယ် တစ်ရက်ကို အချိန်တစ်နာရီခန့် မနားတမ်း လမ်းလျှောက်နိုင်ဖို့က မလွယ်ကူတဲ့ အဖြစ်တစ်ခုပါပဲ။ တစ်ရက်ကို လူတစ်ယောက်ရဲ့ လမ်းလျှောက်နှုန်းက အနည်း ဆုံး ၁၅ မိနစ်ခန့် ရှိသင့်ပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုထားပါတယ်။လမ်းလျှောက်လို့ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိပါတယ်။ အသက်ကြီးပိုင်းကို ရောက်နေပြီး တစ်ခါမှ ကျန်းမာရေး လိုက်စားမှုကို မပြုလုပ်ဖူးသူတွေအနေနဲ့ အားကစားပြုလုပ်ချင်တယ်ဆိုရင် အလွယ်ကူဆုံး အားကစားပြုလုပ်နည်းကတော့ လမ်းလျှောက်ခြင်းပဲဖြစ်ပါတယ်။လမ်းလျှောက်ခြင်း အလေ့အထမရှိသူ တစ်ယောက်အနေနဲ့ ပထဦးဆုံး စတင်လမ်းလျှောက်မယ့်ရက်မှာ နာရီဝက်ခန့် ဦးစွာလမ်းလျှောက်သင့်ပါတယ်။ ဒုတိယမြောက်ရက်မှာ ငါးမိနစ် ဒါမှမဟုတ် ၁၀ မိနစ်တိုးပြီး လမ်းလျှောက်ပေးပါ။ နောက်ရက်တွေ၊ နောက်ရက်တွေမှာဆိုရင်လည်း ကိုယ်လျှောက်နိုင်တဲ့ အတိုင်းအတာတစ်ခုကို သတ်မှတ်ပြီး နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးပါ။နေ့စဉ်၊ နေ့တိုင်း လမ်းမလျှောက်နိုင်ရင်တောင်မှ တစ်ပတ်ကို အနည်းဆုံး သုံးရက်ကို နာရီဝက်နဲ့ တစ်နာရီခြားလမ်းလျှောက်ခြင်း အားဖြင့် ကြွက်သားများကို သန်စွမ်းစေခြင်း၊ ခန္ဓာကိုယ် ဟန်ချက်ထိန်းသိမ်းရန် လွယ်ကူခြင်း၊ သက်လုံကောင်းမွန်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။လမ်းလျှောက်ခြင်း လေ့ကျင့်ခန်း မလုပ်ဖြစ်တဲ့ သူတွေကတော့ ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်ခြင်း မရှိတဲ့အတွက်ကြောင့် အသက်အရွယ် ကြီးလာတဲ့အခါမှာ ရာခိုင်နှုန်း ၉၀ ခန့် မတော်တဆ လဲကျမှုကြောင့်  အရိုးကျိုးပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အများအပြား ဖြစ်ပေါ်လာတာကိုလည်း တွေ့ရှိရပါတယ်။လူတစ်ယောက်မှာ နေ့စဉ်ခြေလှမ်း ၁၀၀၀၀ ခန့်လမ်းလျှောက်သင့်ပါတယ်။ ငါးရက်လောက် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ လမ်းမလျှောက်ပဲ နေခြင်းကြောင့် ခန္ဓာကိုယ် အတွင်းရှိ သွေးကြောများပျက်စီးမှု ဖြစ်ပေါ်စေတဲ့အပြင် ကိုယ်အလေးချိန်တိုးခြင်း၊ အင်ဆူလင်အား အာရုံခံစားမှုလျော့နည်းခြင်းကနေ ဆီးချိုရောဂါနဲ့ နှလုံးရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ပျက်စီးသွားတဲ့ သွေးကြောတွေအနေနဲ့ ပြန်လည်ကောင်းမွန်နိုင်ဖို့အတွက် အချိန်အများကြီးလိုအပ်မှာဖြစ်ပါတယ်။တစ်ရက်ကိုခြေလှမ်း ၅၀၀၀ အောက် နည်းပြီး လမ်းလျှာက်သူတွေက ဇီဝရုပ်ဖြစ်ပျက်ခြင်း မူမမှန်မှုတွေကြောင့် ရောဂါပိုမို ဖြစ်လွယ်စေပါတယ်။ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် အနေနဲ့ကတော့ တစ်ရက်ကို ခြေလှမ်း ၁၀၀၀၀ ခန့်လျှောက်တဲ့ သူတွေအနေနဲ့ ဇီဝရုပ်ဖြစ်ပျက်မှု မမှန်ခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို ကုစားနိုင်ပါတယ်။ဒါ့အပြင် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်သူတွေအနေနဲ့ လမ်းလျှောက်တဲ့ နေရာဒေသပေါ်မှုတည်ပြီးတော့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုကို ဖြစ်စေပါတယ်။ မြို့ပြဒေသတွေမှာ နေထိုင်သူတွေအတွက် ပန်းခြံ၊ ကန်ပေါင်တို့လိုနေရာတွေမှာ လမ်းလျှောက်ခြင်းကို ပြုလုပ်သင့်ပါတယ်ကားလမ်းမနံဘေး လမ်းလျှောက်သူတွေနဲ့ ပန်းခြံစတဲ့နေရာတွေမှာ လမ်းလျှောက်သူတွေရဲ့ အဓိကကွာခြားချက်တွေကတော့ အသက်ရှူနှုန်းဖြစ်ပါတယ်။ ကားလမ်းမနံဘေးမှာ လမ်းလျှောက်သူတွေအနေနဲ့ သဘာဝလေကို ရရှိနိုင်မှုက အလွန်နည်းပါးတဲ့အပြင် မော်တော်ယာဉ်မှ ထွက်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ မီးခိုးငွေ့တွေက အသက်ရှူ လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်စေတဲ့ အပြင် လမ်းလျှောက်ချင်စိတ်ကိုလည်း လွတ်လပ်မှုမရှိဘူးလို့ ခံစားရမှာပါ။သဘာဝလေရရှိတဲ့ နေရာမျိုးတွေမှာ လမ်းလျှောက်သူတွေအနေနဲ့ စိတ်ကိုတက်ကြွ လန်းဆန်းစေတဲ့အပြင် လမ်းလျှောက်ခြင်း စိတ်ကိုလည်း ပိုမိုဖြစ်ပေါ်စေတာကြောင့် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင် သဘာဝလေကောင်း၊ လေသန့်ရရှိနိုင်မယ့် နေရာတွေမှာ ရွေးချယ်သွားရောက်သင့်ပါတယ်။လမ်းလျှောက်တယ်ဆိုတာ လူ့ဘဝမှာ နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေရတာကြောင့် အရေးမပါလောက်တဲ့ အကြောင်းအရာတစ် ရပ်လို့ ထင်ကောင်းထင်မိကြမှာပါ။  ဒါက မှားယွင်းတဲ့ ယူဆချက်တစ်ခုဖြစ်တဲ့အပြင် လမ်းလျှောက်ခြင်းက လူ့ဘဝကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အလေ့အထတစ်ခုပဲဖြစ်တယ်။ဒါကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့နဲ့ ရောဂါကင်းဝေးနေထိုင်နိုင်စေဖို့ လမ်းလျှောက်ခြင်းကို စတင်ကာ ကိုယ်ရောစိတ်ပါ ကျန်းမာလန်းဆန်နိုင်စေဖို့ တိုက်တွန်းရင်း...။ 

Most Read

Most Recent