ကုန်သွယ်မှုမျှခြေနှင့် သယံဇာတထွက်ကုန်များ

ကုန်သွယ်မှုမျှခြေနှင့် သယံဇာတထွက်ကုန်များ
Published 28 December 2015
သစ်ထွဋ်

မကြာမီ သက်တမ်း ကုန်ဆုံးတော့မယ့် လက်ရှိအစိုးရလက်ထက် မှာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေ ဟာ ဒေါ်လာဘီလျံနဲ့ချီပြီး ပြလျက်ရှိ ရာ နောက်ပိုင်းနှစ်တွေမှာ ကုန်သွယ်မှု လိုငွေတွေဟာ ပိုပြီးတိုးလာခဲ့တာ တွေ့ရပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားတဲ့ ကုန်သွယ်မှု အချက် အလက်များ အရပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၉၁ သန်း ရှိခဲ့ပါတယ်။၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှု လိုငွေဟာ တစ်ရှိန်ထိုး မြင့်တက်လာခဲ့ပြီး အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် (၂၅၅၆ သန်း)အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။အဲဒီဘဏ္ဍာနှစ်မှာ ပို့ ကုန်တိုးလာခဲ့သလို သွင်းကုန်ကလည်း များခဲ့တာကြောင့် ကုန်သွယ်မှုလိုငွေ မြင့်တက်ခဲ့တာပါ။ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှု လိုငွေဟာ ဆက်လက်မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၄ ဒသမ ၁ ဘီလျံကျော်(၄၁၁၀ သန်း)အထိ ရောက်ရှိခဲ့ပြီး စံချိန်တင်ခဲ့တဲ့ ကုန်သွယ်မှု လိုငွေပမာဏ ဖြစ်ခဲ့ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလအထိ ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်(သန်း၂၂၇၀)အထိ ရောက်ရှိခဲ့ကြောင်း တရားဝင်ထုတ် ပြန်ချက် များမှာ ပါရှိပါတယ်။ ဒီလို ကုန်သွယ်မှုလိုငွေတွေ မြင့်တက် နေခဲ့တာကြောင့် နိုင်ငံခြား သုံးငွေတွေ ကို ကုန်သွယ်မှုတွေမှာ ပိုမိုသုံးစွဲနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
သယံဇာတကုန်စည်
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်း အဝေးတစ်ရပ်မှာတော့ ကုန်သွယ်မှု  လိုငွေတွေ ဖြစ်ပေါ်မှုများနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် အချို့ကဝေဖန် ဆွေးနွေးမှုတွေရှိခဲ့ ပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အမျိုးသား စီမံကိန်းအစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကုန်သွယ်မှု ကိန်းဂဏန်းများအပေါ် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အထူးသဖြင့် ကုန်သွယ်မှု လိုငွေပြနေတဲ့အပြင် ပို့ကုန် အများဆုံး တင်ပို့ခဲ့တဲ့ ကုန်စည်တွေမှာ သယံဇာတ ကုန်စည်တွေ ဖြစ်နေတာကို ထောက်ပြ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ပထမ ခြောက်လပတ်အတွင်း ကုန်သွယ်မှု တန်ဖိုးမှာ ၁၆၁၁၁ ဒသမ ၃၃၄ ဘီလျံဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ကျပ် ၃၁၀၀ ဒသမ ၅၂ ဘီလျံဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားခဲ့တာကြောင့် အမေရိကန်ဒေါ်လာနဲ့ တွက်ချက်ပါက ဒေါ်လာ သုံးဘီလျံ ကျော်အထိ ရှိ နေတာဖြစ်ပါတယ်။ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ခြောက်လပတ်အတွင်း အများဆုံးပို့တဲ့ ကုန်စည်တွေ မှာတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့က အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လယ်ယာ ထွက်ကုန်များဖြစ်ပြီး သတ္တုနှင့် တွင်းထွက် ကုန်စည်များက တတိယအများဆုံး တင်ပို့ထားပြီး သစ်တောထွက်ပို့ကုန်နဲ့ ရေထွက် ကုန်တွေ ပါဝင်ပါတယ်။ ပို့ကုန် ကုန်စည်များတွင် စက်မှုကုန် ချောထွက် ကုန်တင်ပို့မှုတွေလည်း ပါဝင်ခဲ့ပေမယ့် အများဆုံး တင်ပို့တဲ့ ကုန်စည်များအနက် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုနှင့် တွင်းထွက်ပစ္စည်း၊ ရေထွက်ပစ္စည်းနှင့် သစ်တောထွက် ပစ္စည်းပို့ကုန်ပမာဏဟာ နိုင်ငံ့ပို့ကုန် အားလုံးရဲ့ ၆၂ ရာခိုင်နှုန်းအထိ ရှိနေတာကြောင့် လွှတ်တော် ကိုယ်စားလှယ်အချို့က ဝေဖန်ခဲ့တာဖြစ်ပါတယ်။
အလွန်အကျွံထုတ်ယူခဲ့
ဒါ့အပြင် အမျိုးသားစီမံကိန်း အစီရင်ခံစာအရ သစ်တောကဏ္ဍမှာ ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့ မှုကိုရပ်ဆိုင်းပြီး ပထမခြောက်လပတ်အတွင်း နိုင်ငံပိုင် အခန်းမှ ကျွန်း ၁၅၆၂၉ ကုဗတန်နဲ့ သစ်မာ ၃၆၉၉၈ ကုဗတန် ထုတ်လုပ်ခဲ့တယ်လို့ ဖော်ပြထားသော်လည်း ပြည်ပသို့နေ့စဉ် တရားမဝင် သစ်ခိုးထုတ်မှုများရှိနေ ကြောင်းနဲ့ ယင်းဖြစ်စဉ်များကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသင့်ကြောင်း ကိုယ်စားလှယ်များက ဆွေး နွေးခဲ့ကြပါတယ်။ တကယ်တော့ ဒီလိုပို့ကုန်တွေမှာ သယံဇာတ ထွက်ကုန်ပစ္စည်းတွေကို အများဆုံးတင် ပို့ခဲ့တာဟာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ သယံဇာတထုတ်ကုန် တွေကို တင်ပို့ရာမှာလည်း ကုန်ကြမ်း အဆင့်ကိုသာ တင်ပို့နိုင်ခဲ့တာ ဖြစ်တာကြောင့် နစ်နာမှုတွေ ရှိပါတယ်။ ဥပမာအားဖြင့် သဘာဝဓာတ်ငွေ့ တွေကို ထိုင်းနိုင်ငံသို့ အများအပြား တင်ပို့နေသော်လည်း ပြည်တွင်းမှာ သုံးစွဲရတဲ့ ဓာတ်ငွေ့ (ဂတ်စ်) အမျိုး အစားအချို့ကို ထိုင်းနိုင်ငံကပဲ ပြန်လည်တင်သွင်း နေရတာမျိုးတွေ ရှိနေပါတယ်။ အခြားသယံဇာတထွက် ကုန်စည်တွေမှာလည်း ကုန်ကြမ်းအဆင့်ကိုသာ အများစ ုတင်ပို့နိုင်တာကြောင့် ပို့ကုန်ဝင်ငွေရရှိမှု လျော့နည်းစေတာ ဖြစ်ပါတယ်။ ဒီလို သယံဇာတ ကုန်စည်တွေကို အဓိကထား တင်ပို့ဖို့အတွက် သယံဇာတ တူးဖော်မှုတွေကို နိုင်ငံအတွင်း နှစ်ရှည်တိုးချဲ့ လုပ်ကိုင်လာမှုကြောင့်  သဘာ၀ ပတ်ဝန်းကျင်နဲ့ လူမှုပတ် ဝန်းကျင်တွေကို ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဝေဖန်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်အတွင်း နိုင်ငံအနှံ့ဖြစ်ပွားခဲ့တဲ့ ရေကြီး၊ ရေလျှံ မှုတွေလိုမျိုးဖြစ်ရပ်တွေဟာ သစ်ပင်ကဲ့သို့ သယံဇာတထွက်ကုန်တွေကို အတိုင်းအဆမရှိ အလွန်အကျွံ ထုတ်ယူခဲ့တဲ့ဖြစ်ရပ်တွေကြောင့် ဖြစ်ပေါ်ခဲ့တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အသေးအဖွဲကအစ
အမှန်တော့ ကုန်သွယ်မှုလိုငွေ ပြနေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ပို့ကုန်တွေက သယံဇာတထွက်ကုန် စည်တွေ ဖြစ်နေရတာဟာလည်း ရေရှည်အတွက် ကောင်းတဲ့ အလားအလာ မဟုတ်ပါဘူး။ ကုန်သွယ်မှု လိုငွေပြလို့ နိုင်ငံခြားငွေ ပိုသုံးစွဲရသလို သယံဇာတထုတ်ယူ တင်ပို့မှုတွေကြောင့် ထိခိုက်နစ်နာရတဲ့ အဖြစ်အပျက်တွေဟာ မိအေးနှစ်ခါနာရတဲ့ အဖြစ်မျိုးတွေပါ။ ပြည်ပနိုင်ငံတွေ ကသွင်းလာတဲ့ ကုန်စည်တွေကို ကြည့်ရင် လုပ်ငန်းသုံး ကုန်ကြမ်းကုန် ပစ္စည်းများကို အများဆုံး တင်သွင်းနေရပြီး လူသုံးကုန် ပစ္စည်းကလည်း နှစ်စဉ်ဒေါ်လာဘီလျံနဲ့ချီပြီး သွင်းနေရတာ ဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ဆိုရင် လူသုံးကုန် ပစ္စည်းတင်သွင်းမှုဟာ ဒေါ်လာ သုံး ဘီလျံနီးပါးအထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတင်သွင်းခဲ့တဲ့ လူသုံး ကုန်ပစ္စည်း တွေဟာဆိုရင် အများစု  ဟာ ကုန်ချောတွေအဖြစ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံတွင်းမှာ မထုတ်နိုင်တာကြောင့် လူသုံးကုန်ပစ္စည်း အသေးအဖွဲကအစ ပြည်ပက တင်သွင်းနေ ကြရတာဟာလည်း ကုန်သွယ်မှု မျှခြေကို တည်ဆောက်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်စေတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဇိမ်ခံ ကုန်စည်ပစ္စည်းများ တင်သွင်းမှုများ ကလည်း ကုန်သွယ်မှု လိုအပ်ချက်ကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိကုန်သွယ်မှု စာရင်းဇယားတွေဟာ တရားဝင်အချက်အလက် တွေသာဖြစ်ပြီး တရားမဝင် တင်သွင်း၊ တင်ပို့မှုဖြစ်ရပ် တွေလည်း ရှိနိုင်ပါတယ်။ တရားမဝင် တင်ပို့တင်သွင်းမှုတွေဟာ အခွန်ငွေ ရရှိမှုကို လျော့ကျစေပြီး ကုန်သွယ်မှု အခြေအနေကို တွက်ချက်ရာမှာလည်း အခက်အခဲတွေ ဖြစ်ပေါ်စေပါတယ်။ ကုန်သွယ်မှုမျှခြေကို တည်ဆောက်ဖို့ဆိုရင် ပို့ကုန်တွေမှာ ကုန်ချောတွေ ပိုပြီးတင်ပို့နိုင်ဖို့ လိုပါတယ်။ ကုန်ချောတင်ပို့နိုင်မှသာ ပို့ကုန်ဝင်ငွေ ပိုရနိုင်မှာ ဖြစ်ပါတယ်။သယံဇာတ ဆိုတာ အချိန်တန်ရင် ကုန်သွားမယ့် အရာမျိုးဖြစ်ပါတယ်။ ဒါတွေချည်းပဲ ထုတ်ရောင်းနေလို့ မဖြစ်ပါဘူး။ ကုန်ကြမ်းအဖြစ် တင်ပို့နေတာထက် ကုန်ချောအဖြစ် တင်ပို့နိုင်ဖို့ လိုပါတယ်။ အဓိကအားဖြင့် သယံဇာတတွေ ထုတ်ရောင်းတာထက် ပြည်တွင်းမှာ ကုန်ထုတ် လုပ်ငန်းတွေ တိုးတက် ထူထောင် လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်း အခြေအနေတွေ ဖန်တီးပေးဖို့ လိုပါတယ်။တစ်ပိုင်တစ်နိုင် အသေးစား၊ အလတ်စားလုပ်ငန်းတွေ ထူထောင် လုပ်ကိုင်မယ့် အခြေအနေကို ဖန်တီးပေးဖို့လိုသလို အကြီးစား ကုန်ထုတ်လုပ်မှု လုပ်ငန်းကြီးတွေ ထူထောင်နိုင်ဖို့ အခြေအနေတွေ ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကုန်ထုတ်လုပ်မှုတွေ တိုးတက်လာပြီး ပြည်ပကို ကိုယ့်နိုင်ငံထွက် ကုန်စည်တွေ ပိုပြီး တင်ပို့နိုင်မှာ ဖြစ်ပါတယ်။
ဒီ့အတွက် လာမယ့်အစိုးရသစ် အနေနဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် အရေးပါတဲ့ စီးပွားရေးကဏ္ဍမှာ ကုန်သွယ်မှုမျှခြေ ဖြစ်ပေါ်ရေးကို အစီအမံတွေချမှတ် ဆောင်ရွက်သင့်တာ ဖြစ်ပါတယ်။ ကုန်သွယ်မှုဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ လုပ်မထားပါက မကြာမီအသက်ဝင်တော့မယ့် အာဆီယံစီးပွား ရေးအသိုက်အဝန်းနဲ့ အတူ ဒေသတွင်း ကုန်စည်စီးဆင်းမှုတွေမှာ ဝင်ရောက်ယှဉ်နိုင်စွမ်းတွေ လျော့ကျ နေမှာဖြစ်ပါတယ်။ ဒီလို ကုန်ထုတ်လုပ်ငန်းတွေ ကုန်စည်တင်ပို့တဲ့ လုပ်ငန်းတွေ အားမကောင်းနေ သရွေ့တော့ ထုံးစံအတိုင်း ရှိတဲ့သယံဇာတသာ ထုတ်ရောင်းရင်းနဲ့ သယံဇာတ ကျိန်စာတွေ သင့်နေကြဦးမှာ ဖြစ်ပါတော့တယ်။
 

Most Read

Most Recent