ခိုထောင်ကျွန်း လူသတ်မှုနှင့် ပတ်သတ်၍ သေဒဏ်အမိန့် ချခံခဲ့ရသည့် မြန်မာနိုင်ငံသားနှစ်ဦးကိစ္စနှင့် ပတ်သတ်ပြီး သက်သေအထောက်အထားများ ခိုင်လုံမှု ရှိ မရှိ ပြန်လည်သုံးသပ် ဆန်းစစ်ပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဒီဇင်ဘာ ၂၆ ရက် နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံ အစိုးရဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ General Prawit Wongsuwon၊ ထိုင်းဘုရင့်တပ်မတော်ဦးစီးချုပ် General Sommai Kaotira တို့ထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံမှူးမှ တစ်ဆင့် နှစ်သစ်ကူးသဝဏ်လွှာများ ပေးပို့ခဲ့ရာတွင် ထည့်သွင်း တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ နှစ်သစ်ကူးသဝဏ်လွှာများတွင် နှစ်သစ်ကူးအခါသမယ၌ ကျန်းမာချမ်းသာစွာဖြင့် နိုင်ငံအကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ Koh Samui ကျွန်း၌ ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သေဒဏ်ချမှတ်ခံရသော မြန်မာနိုင်ငံသား နှစ်ဦးကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရ၏ တရားဥပဒေအရ စီစဉ်ဆောင်ရွက်မှုကို လေးစားပါကြောင်း၊ သို့သော်လည်း သက်သေအထောက်အထားများ ခိုင်လုံမှု ရှိ/မရှိ ပြန်လည်သုံးသပ် ဆန်းစစ်ပေးစေလိုကြောင်း၊ တရားဥပဒေအရ အပြစ်ရှိသူကို ပြစ်ဒဏ်မပေးမိခြင်းထက် အပြစ်မဲ့သူကို ပြစ်ဒဏ်ပေးမိခြင်းမျိုး မဖြစ်စေရန် အရေးကြီးပါကြောင်း၊ စီရင်ချက် ချမှတ်ခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား တည်ရှိနေသော ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားယုံကြည်မှုတို့ကို ရှေးရှုကာ တရားဥပဒေအရ ညီညွတ်မျှတစွာ အကောင်းဆုံး ဖော်ဆောင်အလေးထား ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းဖြင့် ဖော်ပြပါရှိကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ခိုထောင်ကျွန်းကိစ္စနှင့် ပတ်သတ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ထိုင်းနိုင်ငံသို့ သဝဏ်လွှာပေးပို့















