ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်နေဆဲဖြစ်ခြင်းကြောင့် တိုက်ခန်းအရောင်းအဝယ်မှာ နှစ်နှစ်ဆက်တိုက် အေးစက်နေကြောင်း ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် i Myanamr မှ ကျင်းပသည့် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေအရောင်းပြပွဲတွင် ဝင်ရောက်ပြသသည့် အရောင်းပြခန်းအချို့မှ စုံစမ်းသိရသည်။“လာမေးတာတော့ ရှိတယ်။ ဒါပေမဲ့ မရောင်းရသေးဘူး။ ဒီပြခန်းမှာ လာတယ်တဲ့ သူတွေဆိုရင် အပြင်မှာ သိန်း ၉၀၀ နဲ့ရောင်း တဲ့ဟာမျိုးကို ဒီမှာ သိန်း ၈၅၀ လောက်နဲ့ ရောင်းတယ်။ ရောင်းအားကျတယ်။၂၀၁၄ ခုနှစ်လောက်ကစပြီးတော့ အေးနေတာ။ ရင်းနှီမြှုပ်နှံချင်တဲ့သူတွေက စောင့်ကြည့်နေတာကြောင့်လို့ ပြောရမှာပေါ့။ ရွေးကောက်ပွဲ ပြီးသွားပြီဆိုပေမယ့် တောက်လျှောက် အပြောင်းအလဲ ဖြစ်မဖြစ်မှ မဖြစ်နိုင်သေးတာ။ ကွန်ဒိုမီနီယံ ဥပဒေလိုမျိုး သူတို့စောင့်ကြည့်နေတာကြောင့်ဖြစ်မယ်။ အစ်မတို့က တောင်ဥက္ကလာလို၊ တာမွေလိုနေရာတွေမှာ ဆောက်ထားတာများတယ်။ ဒီလိုနေရာတွေက နေချင်လို့ ဝယ်တဲ့သူတွေများတယ်။ အဲဒီလိုနေရာတွေမှာ ဆောက်ပြီးသွားပေမယ့် အရောင်းထွက်တာက ရာခိုင်နှုန်း ၂၀ လောက်ပဲရှိတယ်။ အရင်ကတည်းက စာချုပ်ချုပ်ပြီးသားဟာတွေတော့ ဆက်ဆောက်နေတယ်။ အသစ်ဆောက်တာမျိုးတွေတော့ မရှိပါဘူး”ဟု ဂန္ဓမာကံမြင့် ဆောက်လုပ်ရေးလုပ်ငန်းမှ အရောင်းမန်နေဂျာက ပြောကြားသည်။“ဒီမှာတော့ မရောင်းရသေးဘူး။လာမေးကြတာတော့ရှိတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ အရင်နှစ်ကလိုပါပဲ။ ဈေးနှုန်းကတော့ မကျဘူး။ တိုက်ခန်းတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကတော့ ရောင်းရပါတယ်”ဟု အောင်မြင်ပြည့်စုံ ဆောက်လုပ်ရေးမှ အရောင်းမြှင့်တင်ရေးအမှုဆောင် ဒေါ်ရွှေစင်က ပြောကြားသည်။“အခုတလော အရောင်းအဝယ် ပြန်ကောင်းလာတယ်လို့ ပြောလို့ရပါတယ်။ အရင်ကထက်စာရင် ရွေးကောက်ပွဲလည်း ပြီးသွားပြီဖြစ်တဲ့အတွက် ပိုကောင်းလာတယ်။ ကျွန်တော်တို့လို စီမံကိန်းအကြီးကြီးတွေကတော့ ရှေ့ဆက် ပိုကောင်းလာဖို့ပဲ ရှိပါတယ်”ဟု Dagon City မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောကြားသည်။ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်အတွင်း ယခင် ဟံသာဝတီ ကားပွဲစားတန်းနေရာတွင် တည်ဆောက်နေသည့်Times City rS Marketing Translator ဒေါ်လီလီမြင့်က “ကျွန်မတို့ကတော့ ၈၀ ကနေ ၈၅ ခိုင်နှုန်းလောက် ရောင်းထွက်ပြီးပြီ။ အခုဆောက်နေတာကတော့ အဆောက်အအုံအားလုံး တစ်ပြိုင်နက်ထဲ ဆောက်နေတယ်။ အခုအားလုံး ငါးထပ်ပြီးသွားပြီ။ အရောင်းက ကျတယ်လို့လည်း မဟုတ်ပါဘူး။ ပုံမှန်ပါပဲ။ Shop houseနဲ့ လူနေကွန်ဒိုဆိုပြီးတော့ နှစ်မျိုးရှိတယ်။ Shop house ကတော့ ဈေးဆိုင်ဖွင့်ဖို့။ သူက တစ်စတုရန်းမီတာကို ကျပ် ၃၈၀၀၀၀ ရှိတယ်။ လူနေကွန်ဒိုကတော့ ကျပ် ၂၇၀၀၀၀ ကနေပြီးတော့ ကျပ် သုံးသိန်းအထိရှိတယ်”ဟု ပြောကြားသည်။မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမ အမှတ် (၃) ဘေးအနီး တည်ဆောက်နေသည့် စွယ်တော်စီးတီးမှ အရောင်းဝန်ထမ်းတစ်ဦးကလည်း “ကျွန်မတို့ အခုအဆောက်အအုံနှစ်လုံး ဆောက်နေတယ်။ ဆောက်ပြီးတာက ၅၀ ရာခိုင်နှုန်းပေါ့။ ရောင်းထွက်တာကတော့ ၄၀ ရာခိုင်နှုန်းလောက် ရှိတယ်”ဟု ပြောကြားသည်။ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက်အတွင်း၌ ကွန်ဒိုများကိုသာ ရုံးခန်းပြုလုပ်ရန် အတွက် ငှားရမ်းမှု မြင့်တက်လာပြီး အိမ်ခြံမြေ အရောင်းထက် အငှားဘက်တွင် ပိုမိုစိတ်ဝင်စားမှု မြင့်တက်လာကြောင်း၊ ပြီးခဲ့ သည့် လအတွင်း၌ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အိမ်ခြံမြေ ဈေးကွက်ပြောင်းလဲမှု မြင့်တက်လာနိုင်ကြောင်းကို အိမ်ခြံမြေ ကျွမ်းကျင်သူများမှ သုံးသပ်ထားသော်လည်း ကြီးမားသော ပြောင်းလဲမှု မတွေ့ကြောင်း၊ ထို့အပြင် အိမ်ခြံမြေအရောင်းဈေးကွက်ထက်ပင် အိမ်ခန်းအငှားဘက်တွင်သာ ပိုမိုစိတ်ဝင်စားမှု မြင့်တက်ပြီး အရောင်းအဝယ်မှာ အနည်းငယ်သာဖြစ်ကာ အငှားဈေးကွက် ပိုမိုမြင့်တက်လာကြောင်း www.ads.com.mm ၏ Head of public Relations ဖြစ်သူ Mr Elijah Htang က ပြောကြားသည်။
ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်နေဆဲဖြစ်ခြင်းကြောင့် ရန်ကုန်မြို့ တိုက်ခန်းအရောင်းအဝယ် နှစ်နှစ်ဆက်တိုက် အေးစက်နေ















