ပြီးတာတွေ ပြီးပါစေတဲ့လား . . .

ပြီးတာတွေ ပြီးပါစေတဲ့လား . . .
Published 24 December 2015
ရဲထွတ်နီ

“ပြီးတာတွေ ပြန်ပြောနေလို့ ဘာထူးမှာလဲ”ဟု တစ်ခါတစ်ခါ ပြောဆိုတတ်ကြသည်။ လုံးဝမထူးတာတော့ မဟုတ်ဘူးထင်ပါသည်။ ပြောလိုက်တော့ မကြားရ မသိရသေးလျှင် ကြားသိရမည်။ ကြားဖူးသိဖူးပြီးသားဆိုပါမူ နာဖူးထပ်မံပေါ့။
‘ပြီးတာတွေ ပြီးပါစေ’ ဒီလိုလည်း ပြောတတ်ကြသည်။ ဒီစကားက မိဘဆရာ လူကြီးတို့က ခွင့်လွှတ်ခြင်း ဖြစ်သည်။ ကြီးမြင့်သူတို့က မေတ္တာရှေးရှေး ခွင့်လွှတ်ပေးသည်ကို ခွင့်လွှတ်ခံရသူတို့က ခွင့်လွှတ် ပေးလိုက်သော အကြောင်းကိစ္စတို့အတွက် နောင်ကြဉ်သင့်ကြသည်။ ‘နောင်ကြဉ်’ဆိုသည့် ဝေါဟာရကို ‘နောင်မလုပ်ရဲအောင်ဖြစ်သည်’ဟု အဓိပ္ပာယ် ပေးထားပါသည်။
ပြီးသွားခဲ့သော အဖြစ်အပျက် အကြောင်းအရာတို့သည် တဖြည်းဖြည်း စုလာပြီး ပေါ်ပေါက်လာရသလို ရုတ်တရက် ဖြစ်ပျက် ပေါ်ပေါက်လာသည်လည်း ရှိတတ်သည်။ ထိုသဘောအတိုင်းပင် ပြုသူတို့တွင်လည်း ဖြစ်ပြီးပြီးချင်းမှာပင် ‘ငါ...ငါတို့ မှားသွားတာပဲ’ဟု သိလိုက်ကြသူများလည်း ရှိသည်။ နောင်အခါမှ၊ နည်းနည်းကြာမှ သိသူများလည်း ရှိသည်။ ထို့ထက်မူ ကိုယ်ခံလိုက်ရတော့မှ ‘ကိုယ့်တုန်း ကလည်း ဒီလိုလုပ်ခဲ့ပါလား’ဟု သိသူများလည်း ရှိနိုင်ပါသည်။ ဤသို့ဖြစ်၍ မကြာမတင် ကာလက ဖြစ်စေ၊ ကြာခဲ့လေပြီးသော အချိန်ကဖြစ်စေ အဖြစ်အပျက်နှင့် ကျူးလွန်ခဲ့ကြ သည်များကို ပြန်ပြောမိခြင်း၊ ပြန်ပြောနေခြင်းသည် ဘာမှ မထူးတာတော့ မဟုတ်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ထူးတာထဲတွင် နောင်မလုပ်ရဲတော့ဟူသည့် သင်ခန်းစာကို သင်ယူသော အသိတရား ရသွားနိုင်သည်။ အသိတရားရသွားလျှင် အနိမ့်ဆုံးအားဖြင့် လူမှုဝန်းကျင်အတွက် အဖွဲ့အစည်းအတွက် အကျိုးရှိသည်။ မြင့်မြတ်လျှင် လောကအတွက် အကျိုးရှိသည်။
ပြီးတာတွေ ပြန်ပြောတာ အပြစ်ကိုထပ်မြင်ပြီး အပြစ်တင်ခြင်းတွေလည်း ဖြစ်နိုင်ပါသည်။ ထိုအခါ အကျိုးလည်း ရှိတတ်သလို အဆိုးလည်း ရှိတတ်ပြန်ပါသည်။
အပြစ်ပြောသည်ဆို၍ မကြိုက်၊ မခံချင်။ ဒီအခါ အပြစ်မဟုတ်လို့လား...အပြစ်ကို မလုပ်ခဲ့ဘူးလား ဆိုတော့ ဟုတ်နေတတ်သည်။ ဆိုက်ဒ်အဖက် ဖြစ်တတ်ပေမယ့် ဆေးတော့ တိုက်ရမည်ထင်ပါသည်။
‘လူတိုင်းအပြစ်မကင်း’ဆိုသော စကားမှာ အပြစ်မှန်းသိလျက်နှင့် ခဏခဏ အပြစ်မကင်းချင်သောသူတို့ ပိုနှစ်သက်သော စကားဖြစ်မည်။ ဒီလိုစကားကို နှစ်သက်နေသည်ကိုက အတ္တဆန္ဒ ကိုယ်ကျိုးအတ္တဟု ဆိုနိုင်မည် ထင်ပါသည်။
‘ပြီးခဲ့တာတွေ’ဟူသည် အတွေ့အကြုံ ဟု ဆိုနိုင်ပြန်သည်။ အတွေ့အကြုံကောင်းသည် အလွန်တန်ဖိုးထားစရာ အလေးထားစရာဖြစ်၍ အတွေ့အကြုံကို ငွေနှင့်ဝယ်၍ မရဟု ဆိုခြင်းဖြစ်မည်။
၁၀ တန်း အောင်ပြီးစမှာပင် ကျွန်တော်သည် မထင်မှတ်ဘဲ ဝန်ထမ်းဘဝကို ရောက်ခဲ့သည်။ အသက်က ၁၉ နှစ်။ အထက်တန်း ကျောင်းသားဘဝတွင် ဝင်ထွက်သွားလာခဲ့ဖူးပြီး ငေးခဲ့မောခဲ့သော တက္ကသိုလ်နှင့် တက္ကသိုလ်ကျောင်းသားဘဝကို ကျောခိုင်းခဲ့ရသည်။ ရုံးအလုပ်တစ်ဖက်နှင့် ညဘက်တွင် ပညာခရီးကို ဆက်ခဲ့ရသည်။
ကျွန်တော် အလုပ်ဝင်ခဲ့ရာ ဌာနသည် ကျွန်တော်လုပ်အားပေးခဲ့သည့် ဌာနပင်ဖြစ်သည်။ လုပ်ငန်းများက ကျောင်းသားလူငယ်များ၊ ပညာရည် ထူးချွန်သူလူငယ်များနှင့် ကြုံရ ဆုံရ သက်ဝင်လှုပ်ရှားသည့် လုပ်ငန်းများ ဖြစ်လေတော့ ကျရာတာဝန်တွင် အလုပ်လုပ်ရတာ ပျော်သည်။ နေ့ရောညပါ လုပ်ရတတ်သည်။ ကိုယ်တိုင်လည်း လူငယ်မို့ မောရ ပန်းရမှန်း မသိခဲ့ချေ။ ကိုယ့်ရှေ့မှလူများ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်လုပ်ကိုင်ကြပုံကို အတုယူနည်းမှီကာ ကြိုးစားလုပ်ကိုင်ခဲ့သည်။
တစ်လတာ မွမ်းမံသင်တန်းကို စခန်းဝင် ညအိပ်ကာ ပို့ချမှုကိုခံယူ၊ ဆရာမောင်သမျှ လေ့ကျင့်လှုပ်ရှား ယူရတော့ စိတ်ရောကိုယ်ပါ သွက်လက် တက်ကြွ လာခဲ့ရသည်။ ဘာသာရပ်များမှာ သဘောတရားရေးရာ ပါသည်။ သင်တန်းဖွင့်ဖွင့်ချင်းမှာပဲ Pre Test အနေဖြင့် ကင်းထောက်တို့ တတ်သိအပ်သည့် စူးစမ်းအဖြေထုတ်မှုကို စစ်ဆေးခဲ့သည်။ နောက်ပိုင်းတောက်လျှောက် ကင်းထောက်အတတ် လေ့ကျင့်မှုများ၊ စခန်းတည်ဆောက်ခြင်း၊ ခြေကျင်လျှောက်ခြင်း၊ လမ်းထွင်ကာ ကြိုးတံတားထိုးခြင်းအထိ ပါသည်။ အခြေခံစစ်ပညာမှာ လက်နက်ငယ် ဖြုတ်ထုတ်တပ်ခြင်းနှင့် ပစ်ခတ်ခြင်းလည်း ပါခဲ့သည်။ အားကစားနည်းအမျိုးမျိုး (ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ရေကူး၊ သိုင်းစသည်)တို့ကို အဖွဲ့ချုပ်နည်းပြကြီးများ၊  ကျွန်းဆွယ်အားကစား ရွှေတံဆိပ်ရှင်များကိုယ်တိုင် လာရောက်ပြသ လေ့ကျင့်ပေးခဲ့သည်။ ကမ္ဘာသုံးဂီတ သင်္ကေတ ပို့ချမှုလည်း ပါခဲ့သည်။ ကြံ့ခိုင်စွမ်းရည်အဆင့်ကို စစ်ဆေးမှုခံကာ ဖော်ထုတ်ခဲ့ကြသည်။ Hikingလျှောက်နှင့် ရွက်ဖျင်တဲထိုးနည်း သင်ယူပြီးနောက် မြောက်ပြအိမ်မြှောင် အညွှန်းစာဖြင့်  လမ်းညွှန်သည့်အတိုင်း အဖွဲ့လိုက် ခြေကျင်လျှောက်ကြကာ အင်းလျားကန် ကြက်ကျွန်း (ယခု အဆိုအပြောတွေ ဖြစ်နေသော မြကျွန်းသာ)တွင် တစ်ညတာ စခန်းချခဲ့ကြသည်။
ကျောင်းများတွင် ကျောင်းကောင်စီအသင်း လေးသင်း (ယခုငါးသင်း) ဖွဲ့စည်းကာ ပြိုင်ဆိုင်လှုပ်ရှား ဆောင်ရွက်လျက် ရှိကြပြီးဖြစ်သဖြင့် ကျွန်တော်တို့ဌာနခွဲ မွမ်းမံသင်တန်းတွင်လည်း ဝါ၊ စိမ်း၊ နီ၊ ပြာ (ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ)ဟူ၍ အဖွဲ့လေးဖွဲ့တို့သည် အိပ်ရာခင်း Kit Lay Out) ပါ ပြိုင်စေပြီး အနုတ်အမှတ်ဖြင့် နေခဲ့ရသည်။ သင်တန်းဆင်းတော့ စံပြတပ်သားနှင့် စံပြအဖွဲ့ကိုကြေညာကာ ဆုချီးမြှင့်သည်။ စံပြတပ်သား ပဏာမအဆင့် လေးယောက်ကို ကိုယ်ပိုင်နံပါတ်ခေါ်ကာ ရှေ့တို့ထွက်စေပြီး နောက်ဆုံးဖိုင်နယ်တစ်ယောက်အတွက် သင်တန်းမှူးက တစ်ဦးချင်း လိုက်ကြည့်စစ်ဆေးသည်။ အနုတ်မှတ်ဖြင့် သုံးယောက်ကို ဖြုတ်ရန်ဖြစ်သည်။ သင်တန်းမှူးက ကျွန်တော့်ရှေ့သို့ ရောက်ကာ လူတစ်ကိုယ်လုံးကို တစ်ပတ်ပတ်ကြည့်ပြီး ပတ်ထားသည့်ခါးပတ်ခေါင်းကို ဖျတ်ခနဲဆွဲယူလိုက်သည့်အခါ ဗိုက်ထဲတွင် လေကိုခိုးပြီး ထည့်သွင်းထားသည့် ခါးပတ်မှာ လျော့ရဲပြီးပါသွားတော့ ကျွန်တော်လည်း ပြုတ်သည့်အထဲ ပါသွားခဲ့တော့သည်။ မည်သို့ဖြစ်စေ အလုပ်အတွက် သင်တန်းတက်ရသည်က အဘက်ဘက်တွင် အကျိုးရှိခဲ့ပါသည်။
အလုပ်လုပ်ရတာ ပျော်ရွှင်လျှင် အလုပ်နှင့် ဌာနကို မြတ်နိုးမှုရှိလာသည်။ အလုပ်ခွင်တွင် ဌာနစိတ် ဌာနစုအလိုက် အရာထမ်း အမှုထမ်း ဖွဲ့စည်းပုံအလိုက် ရှိကြပြီး စုစည်းကာ လုပ်ကြသလို ပေါင်းစုရောယှက် ဆောင်ရွက်ကြရသည်လည်း ရှိသည်။ ဌာနစိတ်ဌာနစု၏ အလုပ်တာဝန် ရာထူးတာဝန် ဆောင်ရွက်လုပ်ကိုင်ပုံတို့ကို ဌာနအကြီးအကဲတို့က ကြည့်ရှု အကဲခတ် အကဲဖြတ်လျက် ရှိကြသည်။ ထိုအခါ အရာထမ်း၊ အမှုထမ်းများသည် အချိန်ကာလ ထိုက်သင့်သည့်အခါ ရာထူးအဆင့်ဆင့် တက်လာကြသည်။ ဌာန၏ ပြီးမြောက်ကြရမည့် အလုပ်များကို နေ့အလိုက် အချိန်အလိုက် ပြီးမြောက်အောင် ကြိုးစားလုပ်ဆောင် ပျော်ရွှင်နေမိကြချိန်တွင် ငါရာထူးတက်ဖို့ ငါ့ကိုရာထူးတိုးပေးဖို့ ဆိုသည်ကို ထည့်မစဉ်းစား၊ ထည့်တွက်မနေအားဘဲ အလုပ်ကိုသာ ကြိုးစားလုပ်ကြသူ ဝန်ထမ်းကောင်း မြောက်မြားစွာ ရှိသည်။ သို့သော်လည်း အချိန်တန်သင့်လျက် ခံစားရရှိမှာပါဆိုသော မျှော်ကိုးမှုတော့ ရှိကြမြဲဖြစ်ပါသည်။ အလုပ်ကို ကြိုးစားလုပ်ကိုင်သလို အသိအမှတ်ပြုခံရလျှင် ကျေနပ်အားရ ပျော်ရွှင်ကြသည်။ ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်ကာ ထက်မြက်ထူးချွန်မှုရှိ၍ ရာထူးအဆင့် တိုးမြှင့်ခံကြရလျှင် စိတ်သစ်လူသစ် အားအင်သစ်များ ပြည့်ဖြိုးကြမြဲလည်း ဖြစ်ပါသည်။ ဇနီး၊ ခင်ပွန်း၊ သားသမီးများပင်လျှင် ဝမ်းသာအားရ ပီတိဖြစ်ကြသည်။ အလုပ်နှင့် ဌာနအတွက် ဂုဏ်ယူကြသည်။ ဌာနတန်ဖိုး မြင့်တက်ရသည်။
အထက်ရုံး အထက်လူကြီးတို့က ကိုယ် ကျင့်သိက္ခာ စောင့်စည်းမှု၊ တည်တည်ကြည် ကြည်ဖြင့် ရုံးဌာနတို့၏ စည်းကမ်းနည်းလမ်း တကျအတိုင်း တရားမျှတစွာ ဦးဆောင်စီမံ ခန့်ခွဲသည့် အုပ်ချုပ်မှုကို ခံယူကြရသောအခါ အားလုံးကလည်း ချစ်ခင်လေးစားကြသည်။ ရို သေကြသည်။ အထက်ရုံး၊ အထက်လူကြီးတို့ ကို ယုံကြည်သက်ဝင်သည်။ ဝန်ထမ်းတို့လည်း ဂုဏ်သိက္ခာရှိသည်။
ကျွန်တော် အလုပ်ဝင်ခဲ့သည့် ဌာနခွဲသည် အစမူလက ဝန်ကြီးဌာနအောက်တွင် ထားရှိကာ လုပ်ငန်း ဆောင်ရွက်စေခဲ့သည်။ မူဝါဒဆိုင်ရာ ရည်ရွယ်ချက်တစ်ခု ထားရှိ၍ အသစ်ဖွဲ့စည်းသည့် ဌာနခွဲဖြစ်သည်။ သို့သော် ပါတီအော်ဂင် Organ အဖွဲ့ကြီးတစ်ဖွဲ့ ပေါ်လာသောအခါ ထုံးစံအတိုင်း အပေါ်စီး လုပ်ပိုင်ခွင့်ရှိသူတို့က မူလစီစဉ်ထားသည့်အတိုင်း မပြုတော့ဘဲ ကျွန်တော်တို့ဌာနမှ လုပ်ငန်းကြီးအချို့၊ ပစ္စည်းများနှင့် ကြည့်ကောင်းမည့် လူလောက်ကိုသာ ခေါ်သွားခဲ့သည်။ ဌာနခွဲကတော့ ဝန်ကြီးဌာနအောက်ရှိ ဌာနတစ်ခုအောက်သို့ သွတ်သွင်းခြင်း ခံလိုက်ရသည်။
အထက်ရုံးမှာ ဌာနဟောင်းကြီးတစ်ခု ဖြစ်သည်။ သွတ်သွင်းခံရသည့် ကျွန်တော်တို့ ဌာနခွဲမှာ Branch ကလေးလောက်သာဖြစ်တော့သည်။ သူတို့အထက် ရုံးသည်ပင် ရာထူးတိုးတက်ပေးနိုင်မှု နှေးကွေးလွန်းလှသဖြင့် အောက်ရုံးမှ ရာထူးများကို သိမ်းယူလိုက်သည်။ ရာထူးလစ်လပ်နေရာ တိုးပေးရန် စဉ်းစားသည့်အခါ ထုံးစံအတိုင်း နှစ်ကြာဌာနဟောင်းကြီးမှ အရာထမ်းအမှုထမ်း၊ လုပ်သက်ရင့်သူများနှင့် တန်းတူထားစဉ်းစားသလိုနှင့် နှိမ်ထားသည်။ စီမံကိန်းများ လှုပ်ရှားဆောင်ရွက်မှု ကျွမ်းကျင်မှုတို့တွင် ဘာမှမဆိုင်။ သူတို့ အထက်ရုံးမှ လူများမှာ နားမလည်ကြ မလုပ်တတ်ကြ မလုပ်နိုင်ကြ။ သို့သော် ရာထူးရသွားကြသည်။ အထက်ရုံး၏ ဆရာတပည့် များပေကိုး။
စားဝတ်နေရေး ကုန်ဈေးနှုန်းများ ကြီးလာသည်မှာ တစ်စတစ်စ။
လူနေမှုစရိတ်များ မြင့်တက်လာသည်။ အဆင့်ရှိရှိ မနေနိုင်။
ကုန်ဈေးနှုန်းကျဆင်းရေး၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး
ဟူသည့် ကြွေးကြော်သံက ခဏခဏ ကြားရသလို ကျယ်လောင်လှသည်။ သို့သော် ထိရောက်မှု မရှိလှပါ။
အစိုးရဌာန၊ လူထုဝန်ဆောင်မှု ယန္တရားများ စသည့် အလုပ်ခွင်များ မှန်သမျှသို့ အထက်မှ တာဝန်ပေးစေလွှတ်ပြီး ထမ်းဆောင်မှုဟူသည် ရှိနေ ဖြစ်ပေါ်နေသည့် လိုအပ်ချက်တွင် တတ်ကျွမ်းမှုနှင့် အသင့်တော်ဆုံး ဖြစ်မှုအရ စေလွှတ် ထမ်းဆောင်စေခြင်းသာ ဖြစ်သင့်သည်။ သို့သော် ‘တပည့်မွေး၊ ဆရာမွေး’အဖြစ် ရောက်လာကြသည်ကသာ များသည်။ ဆရာက မွေးလွှတ်လိုက်သည့် ထိုတပည့်များက ရောက်ရာနေရာများ တပည့်ထပ်ဆင့် မွေးယူပြန်သည်။ အထက်ဆရာကို ဖို့ကြသည်။ အောက်ဝန်ထမ်းများ ခက်ခဲကျပ်တည်းကာ အူဟောင်းလောင်း ဖြစ်နေကြပြီကို မသိ။ မကြည့်။ တစ်ခါ ဘယ်ဌာန ကောင်းသလဲ။ ထိုဌာနသို့ရောက်ရန် ရာထူးယူရန်အတွက် အထက်မှ ဆရာကို လိုင်းဝင်ကာရှာပြီး ရောက်ရောက်လာကြသူလည်း တစ်ပုံတစ်ပင်။ ထိုသူတို့ကို ကျွန်တော်ကတော့ ‘မိုးကျရွှေကိုယ်’ဟု မသုံးနှုန်းချင်။ ဖျက်ဆီးသူများ၊ မောက်မာရိုင်းပျလှသူများဖြစ်၍ အော့နှလုံးနာသည်။ ထိုသူတို့သည် တိုင်းပြုပြည်ပြုများ မဟုတ်ကြ။ ၈၈ အရေးအခင်းကြီးအပြီး ဌာနများတွင် ဝန်ထမ်းများကို ခြိမ်းခြောက်ဟန့်တားသလို အနိုင်ကိုင်ထားချင်သော သဘောဖြင့် ၃၃ ချက်ကို ဖြေခိုင်းခဲ့သည်။ (အခုအခါ ဌာနများတွင် လွတ်လွတ်လပ်လပ်ဖြင့်’ဆရာမွေး၊ တပည့်မွေး’ ခေါင်းစဉ်ဖြင့် ဖြစ်ရပ်မှန်များ ရေးကြစေ... ထိုက်တန်စွာ ဆုချီးမြှင့်ပေးမည်ဆိုလျှင် စာမူတွေ အများအပြားပင် ရလိမ့်မည်ဟု တောရမ်းမယ်ဘွဲ့တွေးမိပါသည်။)
ကျွန်တော်တို့ ဌာနခွဲသည် ဖွဲ့စည်းပုံ အသွင်တစ်ခါ ပြောင်းသည့်အခါ တစ်ခါသေးသွားရသလို၊ ဝန်ကြီးဌာနအောက် ဦးစီးများ တိုးချဲ့ဖွဲ့စည်းသည့်အခါတွင်လည်း ဟိုနည်းနည်း၊ ဒီနည်းနည်း အမည်ခံ ပါလေဟန်ဖွဲ့စည်းမှုကြောင့် (အစိုးရ၏ အရိပ်အဆင်ပြေမှုကို ကြည့်ကာ လုပ်ငန်းကို ပေါ်ထင်ပေါ်လွင် ထိရောက်စွာ မဆောင်ရွက်လိုသော သဘောကြောင့်လည်း ဖြစ်မည်။) အမည်သာရှိတော့ပြီး လုပ်ငန်းများက ပျောက်သလို ရှိသွားခဲ့ရသည်။ ဌာနများတွင် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများနှင့် အကျင့်ပျက် ခြစားမှုများလှသည်ဟူ၍ အပြောအဆိုများလှသည်မှာ အမှန်ပါဟုဆိုလျှင် အထက်လူဆိုသူများ၏ နမူနာပြ မကောင်းဆိုးဝါး လှတာများ လှသောကြောင့်ပါဟု အမှန်ဆိုရပါမည်။ ‘အမည်းစက်တွေနှင့် အထက်ကလူတွေ...’ ဆိုပြီး တစ်ခါကရေးခဲ့ပြီးပါပြီ။ (၁-၄-၂၀၁၅ The Daily Elelven)
အသက် ၁၉ နှစ်သားတွင် ဌာနသို့အလုပ်ဝင်ခဲ့၍ ဝန်ထမ်းဘ၀ ရောက်ခဲ့ရသော ကျွန်တော်သည် သက်ပြည့် ပင်စင်ယူရသည့်အခါ အမှုထမ်းသက်ခေါ် လုပ်သက်မှာ ၄၁ နှစ်ဖြစ်သည်။ ထိုကာလအတွင်း တံဆိပ်များ ချီးမြှင့်ခဲ့၍ ‘ပြည်သူ့ဝန်ထမ်းကောင်း’တံဆိပ်လည်း ရရှိခဲ့သည်။ ချီးမြှင့်ငွေက ၃၀၀၀။ တစ်ကြိမ်တည်းသာ။ (အချို့အဖွဲ့အစည်းတို့မှာ တံဆိပ်ချီးမြှင့်ငွေကို လစဉ် ခံစားရသည်ဟု ဆိုပါသည်။) ၄၁ နှစ်တာ ထမ်းဆောင်ဖြတ်သန်းခဲ့ပြီး ချီးမြှင့်ခံစားရသော ကရုဏာကြေးခေါ်လား... လုပ်သက်ဆုငွေဆိုလား... ရသည့်ငွေပမာဏ ရာထူးအဆင့်တူ (အချို့အ ဖွဲ့အစည်းမှ အရာရှိ)၏ ဆုငွေ၏ အစွန်းထွက်မျှသာ ရှိပါသည်။ ယခုလွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံရေးပင်စင်နှင့်ဆိုလျှင် တစ်ဝက်မျှပင်မရှိဟု ဆိုရလိမ့်မည်။
အလုပ်လုပ်ရတာ ပျော်ရွှင်ဖို့လိုသည်။ အလုပ်လုပ်ရတာ ပျော်ရွှင်လျှင် အလုပ်နှင့် ဌာနကို မြတ်နိုးမှုရှိလာကြမည်။ အထက်ရုံး အထက်လူကြီးတို့ဟူသည် ကိုယ်ကျင့်သိက္ခာ စောင့်စည်း တည်ကြည်မှုဖြင့် စည်းကမ်းနည်းလမ်းတကျအတိုင်း ကိုယ်ကျိုးအတ္တမဖက်ဘဲ တရားမျှတစွာ ခန့်ခွဲအုပ်ချုပ်ကြပါလျှင် အားလုံးက ချစ်ခင်လေးစားကြ၊ ရိုသေကြလိမ့်မည်။ ယုံကြည်မှု ရှိပါလိမ့်မည်။ ထိုအခါ တိုင်းပြည်အတွက် လိုအပ်လှသော လုပ်ငန်းနှင့် ဌာနတို့ ပိုမိုအောင်မြင်ပါလိမ့်မည်။
ယခုပြောမိတာတွေသည် ပြီးခဲ့တာတွေ ဖြစ်ပါသည်။ ယူသင့်တာယူ ဆင်ခြင်သင့်ကြတာ ဆင်ခြင်။ အကျင့်ဆိုးတွေ ပြင်တန်ပြင်လျှင် ထူးမှာမို့ပြောရပါသည်။ အခုတော့မူ သူတို့၏ လက်ကြီးပဲဟု ဆိုရမလိုရှိသည်။ ဝန်ထမ်းဘ၀ ပြန်ခံစားမိသည့်အခါ ဆရာကြီး မင်းသုဝဏ်၏ ကဗျာကို စိတ်ထဲရေရွတ်မိပါသည်။ ဆရာကြီးက မြန်မာနှစ်သစ်ကူးအခါတွင် ဆုတောင်းခဲ့ခြင်းဖြစ်ပါသည်။
နှစ်သစ်ကူးဆုတောင်း
ကိုယ့်ကျိုးသူ့ကျိုး၊ ဆောင်သယ်ပိုးခိုက်
မြတ်နိုးသည်လည်း ရှိခဲ့သည်။
မျှော်ကိုးသည်လည်း ရှိခဲ့သည်။
မျက်ငြိုးသည်လည်း ရှိခဲ့သည်။
ဥသြပမာ၊ ချိုသာပါဟု
ဆရာမိဘ၊ ဆိုဆုံးမခဲ့။
ပိတောက်ပမာ၊ လန်းရွှင်ပါဟု
ဆရာမိဘ၊ ဆိုဆုံးမခဲ့။
ရေချမ်းပမာ၊ ကြည်မြပါဟု
ဆရာမိဘ၊ ဆိုဆုံးမခဲ့။
 
ဖြူနက်ယှက်နှော၊ လူ့သဘောဖြင့်
ဥသြမချို၊ မျက်ထားသို၍
ရေချိုမချမ်း၊ နောက်သည့်စမ်းနှင့်
မလန်းပိတောက်၊ အကျင့်ဖောက်လည်း
မကောက်မယွန်း၊ ကိုယ့်လုပ်ငန်းကို
နေ့မှန်းမသိ၊ ညမသိနှင့်
ပိပိပြားပြား၊ ရပ်မနားဘဲ
စွမ်းအားကုန်ဆောင်၊ စွဲမာန်ထောင်၍
လုပ်ဆောင်ခဲ့ရ၊ ကိုယ့်ဘဝကို
တွေးဆလျက်သာ၊ ဖြေရပါသည်
မာတာနို့ဖိုး ကျေ၏လား။
မေးမိသည်လည်း တဖွားဖွား၊
တွေးမိသည်လည်း တများများ။

မင်းသုဝဏ်
(စစ်ပြန် မဂ္ဂဇင်း၊ ၁၉၈၃၊ ဧပြီ)
မြဝင်း (ဒဿန) ၏ ရွှေလိုဝင်းတဲ့ မင်းသု ဝဏ်မှ

Most Read

Most Recent