လိပ်ကျွန်းလူသတ်မှု ယနေ့ အမိန့်ချမည်ဖြစ်ပြီး မည်သည့်အမိန့် ချသည်ဖြစ်စေ မြန်မာလုပ်သားနှစ်ဦးအတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်း မြန်မာသံရုံးအထူးအဖွဲ့ ပြောကြား

လိပ်ကျွန်းလူသတ်မှု ယနေ့ အမိန့်ချမည်ဖြစ်ပြီး မည်သည့်အမိန့် ချသည်ဖြစ်စေ မြန်မာလုပ်သားနှစ်ဦးအတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်း မြန်မာသံရုံးအထူးအဖွဲ့ ပြောကြား
Published 23 December 2015
ဉာဏ်ဝင်းရှိန်

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင်အတွင်းရှိ လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် စွဲချက်အတင်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ကော့စမွီခရိုင်တရားရုံး၌ ဒီဇင်ဘာ ၂၄ ရက် (ယနေ့) တွင် အမိန့်ချမှတ်မည် ဖြစ်သည်။
 
မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား လူသတ်မှု၊ မုဒိမ်းမှုအပါဝင် အခြားပုဒ်မများဖြင့် ကော့စမွီခရိုင်တရားရုံးတွင် စွဲချက်တင်ထားခြင်းဖြစ်ပြီး ထိုအမှုကို တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်သည်။
 
မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က မြန်မာလုပ်သားနှစ်ဦးအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း မထင်ရှားသည့်အတွက် သေဒဏ်မှ လွတ်မြောက်မည်ဟု ယုံကြည်သော်လည်း တရားရုံး၏ ဆင်ခြင်တုံတရားနှင့် ဆုံးဖြတ်သည့်အမှုအား နာခံရမည်ဖြစ်ကာ မည်သည့်အမိန့်ချမှတ်သည် ဖြစ်စေ မြန်မာသံရုံးအထူးအဖွဲ့အနေဖြင့် အကောင်းဆုံးပြင်ဆင်ထားကြောင်း ဒီဇင်ဘာ ၂၃ ရက်က ပြောကြားသည်။
 
ဦးအောင်မျိုးသန့်က “ကျွန်တော်တို့အခု ကော့စမွီကို သွားနေပါပြီ။ အန်ကယ်တို့ကတော့ ဘယ်လိုအနေအထားပဲဖြစ်ဖြစ် တရားရုံးရဲ့ဆင်ခြင်တုံတရားအမိန့်ကို နာခံဖို့ အသင့်ပါပဲ။ ဒါပေမဲ့ အပြစ်ပေးခံခဲ့ရမယ်ဆိုရင်လည်း ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ တိုင်ပင်ဆွေးနွေးပြီးပါပြီ။ မနက်ဖြန်ရုံးချိန်းက ထိုင်းစံတော်ချိန် မနက် ၉ နာရီကနေ ၁၀ နာရီကြား ချိန်းထားတယ်”ဟု ပြောကြားသည်။
 
ပြီးခဲ့သည့် တရားခွင်စစ်ဆေးချက်များတွင် စွဲချက်အတင်ခံထားရသူများသည် ကျူးလွန်သည်ဟု မျက်မြင်သက်သေနှင့်တကွ ခိုင်မာသည့် သက်သေပြချက်များ မပေးနိုင်ဘဲ ထိုင်းရဲတပ်ဖွဲ့မှ တရားစွဲဆိုရန် ကြိုးစားစဉ်ကလည်း အလွဲလွဲအချော်ချော် ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတကာမှ စောင့်ကြည့်သူများနှင့် မီဒီယာများ၏ ဝေဖန်မှုကို အပြင်းအထန်ခံခဲ့ရသည်။
 
ထိုလူသတ်မှုနှင့် ပတ်သက်ပြီး တရားခွင်၌ စစ်ဆေးစဉ်ကလည်း  သေဆုံးသူ ဟန်နာ၏ ကိုယ်ပေါ်ရှိ ဒီအင်န်အေနှင့် စွပ်စွဲခံထားရသူများ၏ ဒီအင်န်အေတို့ ပြန်လည်တိုက်ဆိုင် စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် တူညီမှုမရှိကြောင်း ထိုင်းနိုင်ငံ၏ ကျော်ကြားသည့် မှုခင်းဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာဖွန်တစ်က စက်တင်ဘာလအတွင်းက တရားခွင်ရုံးချိန်းတစ်ခုတွင် လာရောက်သက်သေပြ ထွက်ဆိုခဲ့သည်။
 
ထို့ပြင် စက်တင်ဘာ ၂၂  ရက် ရုံးချိန်းကလည်း ထိုင်းအမျိုးသား မှုခင်းဆရာဝန်က ၎င်းအနေဖြင့် ထိုအမှုတွင် စွပ်စွဲခံထားရသူများ၏ တောင်းဆိုချက်အရ လူသတ်လက်နက်ဖြစ်သည့် ပေါက်တူးရိုးအား ဒီအင်န်အေ ပြန်စစ်ဆေးရာတွင် ပေါက်တူးရိုး၌ ဒီအင်န်အေနှစ်မျိုး တွေ့ရကြောင်းနှင့် ထိုသက်သေ ဒီအင်န်အေများမှာ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ ဒီအင်န်အေနမူနာများဖြင့် အဆင့်ငါးဆင့်ထိသာ တူညီကာ ဒီအင်န်အေအဆင့် ၁၀ ကျော်မှသာ သေချာကြောင်း ထွက်ဆိုခဲ့သည်။
 
ထို့ပြင် ထိုင်းရဲတပ်ဖွဲ့အနေဖြင့်လည်း မျက်မြင်သက်သေ အပါအဝင် အခြားထင်ရှားသည့် သက်သေများမပြသနိုင်ဘဲ မူလက စစ်ထားသည့် ဒီအင်န်အေတူညီသည်ဆိုသည့် အချက်နှင့် ဝန်ခံသည့်အချက်များကိုသာ ထပ်တလဲလဲ သက်သေပြခဲ့သည်။
 
မြန်မာလုပ်သားနှစ်ဦးဖြစ်သူ ဇော်လင်း နှင့် ဝင်းဇော်ထွန်းတို့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ လူသတ်မှု၊ မုဒိမ်းမှုအပါဝင် ပြစ်မှုပုဒ်မခုနစ်ခုဖြင့် စွဲချက်တင်ထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဥပဒေအရ ပြစ်မှုထင်ရှားပါက သေဒဏ်ထိ ချမှတ်နိုင်ကြောင်း သိရသည်။
 
 

Most Read

Most Recent