အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့သော ရန်ကုန်တိုင်းအတွင်းရှိ အနှေးယာဉ်လုပ်သားများသည် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက “NLD ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အနှေးယာဉ်လုပ်သားများက အားဖြည့်ကူညီ ဆောင်ရွက်ခဲ့မှု၊NLD ပါတီအား ထောက်ခံခဲ့မှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်မှ အနှေးယာဉ်လုပ်သားများအား ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားမည့် အဆိုပါ အခမ်းအနားကို မြို့နယ်တစ်မြို့နယ်လျှင် အနှေးယာဉ်လုပ်သား ငါးဦးစီ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ အနှေးယာဉ်လုပ်သား ၂၅၀ ခန့် တက်ရောက်ဖိတ်ကြားထားကြောင်း နှင့် နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဒီဇင်ဘာ ၁၁ ရက်က ပြော ကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခွင့်ရရန်အတွက် မြို့နယ်အချို့တွင် အနှေးယာဉ်လုပ်သားများကို မဲနှိုက်ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြုတက်ရောက်မည့် အနှေးယာဉ်လုပ်သားများ မဲနှိုက်ရွေးချယ်မှုကို ရပ်ကွက်အဆင့်တွင် ဒီဇင်ဘာ ၁၉ ရက်က စတင်ပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့် မဲနှိုက်မှုကို ဒီဇင်ဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း အနိုင်ရ တောင်ဥက္ကလာပမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ပြောကြားသည်။
“၂၁ ရက်နေ့က ငါးယောက် ရွေးချယ်ပြီးသွားပါပြီ။ မြို့နယ်အဖွဲ့ချုပ်ရုံးမှာပဲ မဲနှိုက်ရွေးချယ်ခဲ့တာပါ။ သူတို့သွားတက်ဖို့အတွက် ကျွန်တော်တို့ဘက်ကတော့ တစ်ယောက်ချင်းစီကို ကချင်လုံချည်နဲ့ လည်ကတုံးအင်္ကျီ ပေးဖို့ စီစဉ်ထားပါတယ်။ ကားလည်း ငှားပေးလိုက်မှာပါ”ဟု ဒေါက်တာစောနိုင်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD ပါတီရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် အနှေးယာဉ်လုပ်သားများသာမက တစ်နိုင်ငံလုံးရှိ ပြည်သူအများအပြားက ပုံစံအမျိုးမျိုး၊ လှုပ်ရှားမှုအမျိုးမျိုးဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးကို ဆောင်ရွက်ခဲ့ကြပြီး နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲ၌လည်း NLD ပါတီကို ပြည်သူအများစုက မဲပေးခဲ့ကြရာ NLD ပါတီတစ်ခုတည်းဖြင့် အစိုးရဖွဲ့နိုင်သည်အထိ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့သော အနှေးယာဉ်လုပ်သားများ တွေ့ဆုံမည်















