သန်လျင်မြို့နယ်၌ အမျိုးသားတစ်ဦးကို အုပ်စုဖွဲ့ ဝိုင်းဝန်း ရိုက်နှက်ခဲ့သည့် လူလေးဦးအား ဖမ်းဆီး စစ်ဆေးရာ လွတ်ငြိမ်း ချမ်းသာခွင့် တစ်ဦးနှင့် တရားခံပြေး တစ်ဦး ပါဝင်နေ

သန်လျင်မြို့နယ်၌ အမျိုးသားတစ်ဦးကို အုပ်စုဖွဲ့ ဝိုင်းဝန်း ရိုက်နှက်ခဲ့သည့် လူလေးဦးအား ဖမ်းဆီး စစ်ဆေးရာ လွတ်ငြိမ်း ချမ်းသာခွင့် တစ်ဦးနှင့် တရားခံပြေး တစ်ဦး ပါဝင်နေ
Published 22 December 2015
အောင်မျိုးသန့်၊ ပြည့်ဖြိုးအောင်

သန်လျင်မြို့နယ်တွင် အမျိုးသားတစ်ဦးကို အုပ်စုဖွဲ့ ဝိုင်းဝန်း ရိုက်နှက်ခဲ့သည့် လူလေးဦးအား ဖမ်းဆီးစစ်ဆေးရာ လွတ်ငြိမ်းချမ်းသာခွင့် တစ်ဦးနှင့် တရားခံပြေးတစ်ဦး ပါဝင်ကြောင်း ဒီဇင်ဘာ ၂၂ ရက်က သန်လျင်မြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။
ဒီဇင်ဘာ ၁၉ ရက်က သန်လျင်မြို့နယ်တွင် ၁၄ နှစ်အရွယ် လူငယ် အမျိုးသားတစ်ဦးအား လူလေးဦးက လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှေ့တွင် အုပ်စုဖွဲ့ ထိုးကြိတ်နေသည်ကို ကြည့်ရှုခဲ့သည့် ၂၆ နှစ်အရွယ် အမျိုးသားအား အဆိုပါလူလေးဦးက "မင်းဘာကြည့်တာလဲ"ဟုပြောဆိုကာ ဝိုင်း၍ ဓားဖြင့်ထိုး၊ တုတ်ဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။
ကျူးလွန်သူလေးဦးကို ဒီဇင်ဘာ ၂၁ ရက် ဘုရားကုန်း ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ မြေပြင် ဂြိုဟ်တု ဆက်သွယ်ရေးဝင်း အုတ်တံတိုင်း နံဘေးရှိ ဝါးရုံချုံအောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့လေးဦးအား ဖမ်းဆီးစဉ် ဓားအရွယ်အစားမျိုးစုံ လေးချောင်း၊ ကတ်ကြေးသုံးခု၊ ဝက်အူလှည့် တစ်ချောင်း၊ တူတစ်လက်၊ လေးခွတစ်လက်၊ ကုန်းသီး သုံးလုံး၊ ဖန်ဂေါ်လီ ခြောက်လုံး၊ကျောက်စရစ်ခဲ နှစ်လုံး၊ သံဖြတ်လွှ နှစ်ချောင်း၊ ဆေးခြောက်ဟု ယူဆရသည့် အရိုး/အရွက်/အခြောက်/အမှုန့်များနှင့် အတူ မူးယစ်ဆေး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လိုင်စင်မဲ့ ဆိုင်ကယ်နှစ်စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျူးလွန်သူလေးဦးအား ဖမ်းဆီး စစ်ဆေးရာ ၎င်းတို့ လေးဦးအနက် နှစ်ဦးမှာ မိုတို (ခ) မင်းနိုင် လူသတ်မှုဖြင့် အကျဉ်းကျခံနေရာမှ ယခုနှစ် ဇူလိုင်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်လာသူဖြစ်ပြီး ကိုရဲ (ခ)ရဲဝင်းအောင်(၂၄)နှစ်မှာ ဓားထိုးမှု အကြိမ်ကြိမ် ကျူးလွန်ကာ တရားခံပြေး ကြေညာထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
"ကျူးလွန်သူလေးဦးကို ဖမ်းဆီး စစ်ဆေးတဲ့အခါမှာ နှစ်ဦးက လူသတ်မှုနဲ့ ထောင်ကျပြီး လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။ နောက်တစ်ဦးက လက်ရှိမှာလည်း ဓားထိုးမှုနဲ့ ရိုက်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ထားလို့ တရားခံပြေး ကြေညာထားတဲ့သူ ဖြစ်တယ်။ သူတို့တွေကိုတော့ အရင် ပုဒ်မအပြင် နောက်ထပ် ပုဒ်မသုံးခုနဲ့ ထပ်မံ ဖွင့်လှစ်ထားတယ်"ဟု သန်လျင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ကြောင့် အဆိုပါ ကျူးလွန်သူလေးဦးအား သန်လျင်မြို့မ ရဲစခန်းက ပြစ်မှုပုဒ်မ ၃၂၆/၃၂၅ /၁၁၄ အပြင်မူး/စိတ်ပုဒ် မ၁၅/ ၁၆(ဂ)/၂၁၊  လက်နက်များ အက်ပုဒ်မ ၁၉ (က) စွဲဆိုထားပြီး ဇာနည် (ခ) တက်တိုး အောင်နှင့် နေလင်းအောင်(ခ)အာကြီး နှစ်ဦးကို ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။