အိုဘယ့် . . . ဒီမိုကရေစီအစိုးရ

အိုဘယ့် . . . ဒီမိုကရေစီအစိုးရ
Published 22 December 2015
နိုင်ရဲေ၀ (ပလိပ်)

ဒီမိုကရေစီ နိုင်ငံတစ်ခုသည် ' နိုင်ငံရေး အကျဉ်းသား' မရှိစေရ။ ' နိုင်ငံရေး အကျဉ်းသားများ' ရှိနေတဲ့ နိုင်ငံသည် ' ဒီမိုကရေစီ နိုင်ငံ' လို့ ခေါ်နိုင်မည် မထင်ပါ။ နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ သဘောထား ကွဲလွဲ ခွင့် ရှိရမည်။ သတင်း လွတ်လပ်ခွင့် ရှိရမည်။ ကျောင်းသား၊ ကျောင်းသူများလည်း လွတ်လပ်စွာ ပညာ သင်ကြားခွင့် ရှိရမည်။ အလုပ်သမားများလည်း ထိုက်တန်သည့် လုပ်ခ လစာများ ရရှိရမည်။ တောင်သူ လယ်သမားများလည်း မိမိရဲ့လယ်ယာမြေပေါ်မှာ လွတ်လပ်စွာ ထွန်ယက် စိုက်ပျိုးခွင့် ရှိကြရမည်။ သို့မှ သာလျှင် " ဒီမိုကရေစီနိုင်ငံ" ဟု ခေါ်ဆို နိုင်မည် ဖြစ်သည်။ တိုင်းပြည် တိုးတက်ချင်လျှင် လူငယ်များကို မြှောက်စား ကြရမည်။ ပညာရေးသည် တိုင်းပြည်၏ အကြီးမားဆုံးသော ဒေါက်တိုင် ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံ၏ အရှားပါးဆုံး သယံဇာတသည် ကျောင်းသား လူငယ်များပင် ဖြစ်ပါသည်။ လူငယ်များသည် လွတ်လပ်စွာ ပညာသင်ကြားနိုင်ရန် အုပ်ချုပ်သူ အစိုးရတွင် တာဝန် ရှိသည်။ ကျောင်းသား လူငယ်များ စည်းလုံး ညီညွတ်စွာ အလုပ် လုပ်တတ်ရန် အသင်းအဖွဲ့များသည် အရေးကြီး လှပါသည်။ အစိုးရ အနေဖြင့် အားပေး ချီးမြှောက်ရမည်သာ ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံတွင် ထိုအရာများသည် " ပြောင်းပြန်"  ဖြစ်နေပါ သည်။ အစိုးရသည် ကျောင်းသား လူငယ်များကို ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးထားဆဲပင်။ အာဏာငမ်း ဖမ်းသူများသည် ကျောင်းသားထုကို ကြောက်ဒူးတုန် ကြသည်။ ယခုမှ မဟုတ်။ ခေတ်အဆက်ဆက် ကပင် ဖြစ်သည်။ အထူးသဖြင့် ကျောင်းသားများ နိုင်ငံရေး အသိစိတ် မြင့်မားခြင်းကို လိုလားဟန် မရှိကြပါ။ ကျောင်း သားသမဂ္ဂကို ခေတ်အဆက်ဆက် အာဏာရှင်များ ကြောက်ဒူးတုန် ကြပါတယ်။ ကျောင်းသား သမဂ္ဂဆိုသည့် စကား နားဝမှာပင် သူတို့ ကြားလိုဟန် မရှိကြသည်မှာ အမှန်ပင် ဖြစ်သည်။ ယခုအချိန် ထိပင် ဖြစ်သည်။ ဒါကြောင့် ကျောင်းသားများကို ဖိနှိပ်ကြသည်။ ပုဒ်မတွေ များစွာတပ်ပြီး မလွတ်လပ်သော ဟန်ပြ တရားစီရင်ရေး အောက်မှာ ချုပ်နှောင်ထားသည်။ ကျောင်းသားများ၏ တရားခွင်များ ကြည့်လျှင် သိနိုင်သည်။ အစိုးရ အဆက်ဆက် မည်သို့ပင် ဖိနှိပ်ပါစေ ဒေါင်းပိုင်ရှင်ကျောင်းသားများ ကြောက်ဒူး မတုန်ခဲ့ကြ။ စိတ်ဓာတ် တွေ ပို၍ ခိုင်မာလာ ကြသည်။ သမိုင်းဝင် ဒေါင်းအလံကို မိုးယံထက်မှာ လွှင့်ထူထား ကြသည်။ ကျောင်းသား သမိုင်း  မရိုင်းခဲ့ကြတာ  ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)၊ ကိုနု (ဝန်ကြီးချုပ်ဦးနု)၊ ကိုအောင်ကျော်၊ ကိုဗဟိန်း တို့က သက်သေ ထူလျက်ပင်။ ဖိနှိပ်သူ လူတစ်စုကို သွေးပျက်စေခဲ့ ကြပါသည်။ ကျော်ကိုကို၊ မင်းသွေးသစ်၊ ဖြိုးဖြိုးအောင်၊ အောင်မှိုင်းဆန်း တို့က ဆက်လက် သက်သေ ထူလျက်ပင် ဖြစ်ပါသည်။ ၁၉၂၀ ကိုလိုနီခေတ် မှ ယနေ့ ၂၀၁၅ (အသွင်ပြောင်း အစိုးရ လက်ထက်) အထိ ဆက်လက် တိုက်ပွဲဝင် နေရဆဲပင်။ ဗမာ့သမိုင်းမှာ ကျောင်းသားများ သမိုင်းတင်နိုင်ခဲ့ ကြသည်။ ၁၉၂၀ ပထမ ကျောင်းသားသပိတ်၊ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၊ ၁၉၃၈ တတိယ ကျောင်းသားသပိတ် တို့သည် မမေ့နိုင်သည့် ကျောင်းသားလူငယ်များ သမိုင်းပင် ဖြစ်သည်။ ယခု ၂၀၁၅ ကျောင်းသားများ ဆက်လက် တိုက်ပွဲဝင်နေကြရဆဲပင် ဖြစ်သည်။ ကျောင်းသားများ၏ တောင်းဆိုချက်သည် တရားသော တောင်းဆိုချက် ဖြစ်သည်။ ပညာရေးစနစ်ကို မြှင့်တင်ချင်ကြသည်။ ဘဝအာမခံချက် ပေးနိုင်သော ပညာရေးစနစ်မျိုးကို လိုလားကြသည်။ ပညာမြင့်မှ လူမျိုးမြင့်မည် ဆိုသည့်စကား လက်ဝယ် ထားကြသည်။ ပညာနိမ့်လျှင် တိုင်းပြည် ဆုတ်ယုတ်မည် ဆိုသည့် သစ္စာတရား လက်ကိုင်ထား ကြသည်။ ဘွဲ့ရ အလုပ်လက်မဲ့ အဖြစ်ကို မလိုလားကြသည်မှာ ကျောင်းသားထု တစ်ရပ်လုံး၏ ဆန္ဒအမှန်ပင် ဖြစ်သည်။ အာဏာကို ဆုပ်ကိုင် ထားချင်သူများကတော့ မလိုလားကြသည်မှာ အမှန်ပင် ဖြစ်လိမ့်မည်။ ၁၉၆၂ ခုနှစ်မှ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်မှစ အာဏာရှင် အဆက်ဆက်ဟာ မိမိတို့ အာဏာစည်းစိမ် တည်မြဲဖို့ နိုင်ငံရေး သားကြောဖြတ်၊ သမိုင်းအမှန်ကို ဖုံးကွယ် တံခါးပိတ်ခဲ့ ကြသည်။ စစ်ကျွန်ပညာရေး စနစ်ကို အသက်သွင်းခဲ့ကြသည်။ စလောင်းပွ ပညာရေးကိုသာ ပြဋ္ဌာန်း သင်ကြားစေခဲ့သည်။ တိုင်းပြည် ပညာရေး နိမ့်ကျတဲ့ အတွက် ဗမာပြည်ဟာ ကြွေးတင် နွံနစ် ကျွန်ဖြစ် ခဲ့ကြရသည်။ ကမ္ဘာမှာ ပညာခေတ်၊ ဗမာပြည် မှာ ပြာဖြစ် နေကြရသည်။ ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်သည့် ပညာရေး စနစ်မျိုးကို ကျောင်းသားများ ယနေ့အထိ တောင်းဆိုနေရဆဲပင် ဖြစ်ပါသည်။
သမိုင်းဆိုသည် ဖျောက်ဖျက်၍ မရကြ။ ၁၉၆၂ ခုနှစ်မှာ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ခွဲခဲ့ကာ ယနေ့ထိ မမေ့ကြ။ ၂၀၀၅ ခုနှစ်သမ္မတကြီး ဦးသိန်းစိန် အစိုးရ  ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းခဲ့ တာ မည်သို့ပင် ဖုံးကွယ်နိုင်လိမ့်မည် မဟုတ်။ စစ်အာဏာရှင် ဦးနေဝင်း ကဲ့သို့ပင် သမိုင်း အမည်းစက် ဖြစ်ပေဦးမည်။ ၂၀၀၅ မတ်လ ၁၀ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ် လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရအတွက် သမိုင်း အမည်းစက်ပင် ဖြစ်သည်။ ကျောင်းသားသပိတ် နှင့် ပတ်သက်၍ မဖမ်းဆီးပါ ဟူသော လေးပွင့်ဆိုင် ကတိကဝတ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲ လက်မှတ်ရေးထိုးခဲ့သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးလှထွန်း၊ ဦးစိုးသိန်းတို့သည် လေးပွင့်ဆိုင် ကတိကဝတ်များ အတွက် တာဝန်ခံယူခြင်း မရှိပါ။
ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီသည် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ)၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် မြေလတ်ဒေသ (ဗ.က.သ)တို့ဖြင့် ဖွဲ့စည်းထားသော ကော်မတီ ဖြစ်သည်။ အစိုးရအနေဖြင့် လေးပွင့်ဆိုင် ကတိကဝတ်များ ချိုးဖောက်ရုံ သာမက ကျောင်းသားများကို အငြိုးကြီးစွာ ဆက်လက် ဖမ်းဆီးနေဆဲပင် ဖြစ်ပါတယ်။ (ဗ.က.သ)ကျောင်းသားများကို အဓိက ရန်သူအဖြစ် သတ်မှတ် နေသည်မှာ အထင်အရှားပင်။ လေးရက်သပိတ် ရန်ကုန်မြို့တွင် ပြုလုပ် စဉ်က အမှုများပင် ထပ်၍ တိုးလာပါသည်။ ကိုကျော်ကိုကို၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုး အောင်တို့ကိုပင် ထပ်မံ၍ အမှုများ ဆင်နေသည်။ လက်နက်ဆိုလျှင် အပ်အတို တစ်ချောင်းပင် ကိုင်ဆောင်ခြင်း မရှိသော ကျောင်းသား များကို တံဆိပ်အမျိုးမျိုး တပ်၍ ဖမ်းဆီးထားခြင်းသည် " စစ်အစိုးရ" ၏ လုပ်ရပ်ဟောင်းများပင် ဖြစ်သည်။ ဒီမိုကရေစီ အစိုးရဟူသည် ပြည်သူ့အသံကို အလေးထား ကြပါသည်။ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရဆိုသည် ကတိတည်သော အစိုးရဖြစ်အောင် ကြိုးစားသင့်ပေသည်။ ပြည်သူ့အသံ ကို နားထောင်တတ်သော အစိုးရသည်သာ ဒီမိုကရေစီ အစိုးရဟု ခေါ်ဆိုထိုက် ပေလိမ့် မည်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက် သမိုင်းအမည်းစက် များစွာပင် ရှိနေပါသည်။ လက်ပံတောင်းတောင်၊ လယ်သူမ ကြီး ဒေါ်ခင်ဝင်းကိစ္စ၊ သံဃာတော်များကို မီးလောင်ဗုံး ဆက်ကပ်ခြင်း၊ အလွတ်သတင်းထောက် ကိုပါကြီးကိစ္စ၊ ကျောင်းသားသပိတ် ကိစ္စတို့သည် သမိုင်းတွင် တင်ကျန်ခဲ့ ပေလိမ့်မည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ရွေးကောက်ပွဲ အနိုင်ရ NLD  ပါတီကို ၂၀၁၆ ခုနှစ် မတ်လတွင် နောက်ဆုံးထားပြီး အာဏာ လွှဲပြောင်းရမည် ဖြစ်သည်။ ယခု လက်ရှိ အစိုးရ အနေဖြင့် သတ္တိရှိစွာဖြင့် မိမိတို့၏ သမိုင်း အမည်းစက်များကို ပြန်လည် ပယ်ဖျက် ပေးနိုင်ရန် ကြိုးစားသင့်ပေသည်။ မိမိအာဏာ တည်မြဲရေးအတွက် ကိုယ့်သားအရွယ်၊ သမီး အရွယ်၊ မြေးအရွယ် ကလေးများကို ထောင်တွင်း အကျဉ်းချထားခြင်းသည် ကောင်းသော လုပ်ရပ်မဟုတ်ပေ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အမှန်တကယ် လိုလားလျှင် ကျောင်းသား၊ ဝန်းရံ ပြည်သူများနှင့် နိုင်ငံရေးအကျဉ်း သားများကို အမြန်ဆုံး လွှတ်ပေးခြင်းသည်သာ မှန်ကန်သည့် နည်းလမ်း ဖြစ်ပါသည်။  ၂၀၁၆ ခုနှစ် ၁ လပိုင်း တွင် တက္ကသိုလ် ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သည်။ သို့သော် အကျဉ်းထောင် အတွင်း တက္ကသိုလ် ကျောင်းသားများ ဘ၀ မရေရာလှပေ။ မတရားသော တရားစီရင်ရေး အောက်မှာ ဘ၀ အချိန်တွေ ကုန်လွန်နေရ ပေသည်။ ကျောင်းသားများကို ဖိနှိပ်ခြင်းသည် ပြည်သူလူထု တစ်ရပ်လုံးကို ဖိနှိပ်ခြင်း ဖြစ်သည်။ အိမ်တိုင်းတွင် ကျောင်းသားများ ရှိကြသည်။ သို့သော် အိမ်တိုင်းတွင် စစ်သား မရှိကြပေ။ ထို့ကြောင့် ကျောင်းသားများ တောင်းဆိုခဲ့သော ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေးသည် တရားသော တောင်းဆိုချက် ဖြစ်သည်။ လူငယ်များ၏ ဘဝသည် တန်ဖိုးရှိ လှပေသည်။ နုပျို လတ်ဆတ်သော လူငယ်များ၏ အတွေးအခေါ်များ လွတ်လပ်ခွင့် ပေးသင့်ပေသည်။ ကျောင်းသား လူငယ်များသည် အနာဂတ်၏ သားကောင်း ရတနာများ ဖြစ်သည်။ အာဏာရှင် အစိုးရ အဆက်ဆက်သည် ကျောင်းသားများ၏ လွတ်လပ်စွာ တွေးခေါ်ခွင့်များ၊ ပညာရေး အခွင့်အလမ်းများ၊ မြင့်မားသော နိုင်ငံရေး အသိစိတ်များကို ရိုက်ချိုးခဲ့ကြသည်။ လူသားတစ်ယောက်၏ ရပိုင်ခွင့်များကို ပိတ်ပင်ခဲ့ ကြသည်။ ထို့ ကြောင့် နိုင်ငံ ဆင်းရဲတွင်း နက်ခဲ့ရသည်။ ကျောင်းသားများ၏ နိုင်ငံရေး အသိစိတ်များကို မြှင့်တင် ပေးနိုင်မှ သာလျှင် ဒီမိုကရေစီနိုင်ငံ အဖြစ် ခိုင်မာမည် ဖြစ်သည်။
အမေ လူထုဒေါ်အမာကတော့ ကျောင်းသားများ နိုင်ငံရေးလုပ်ခြင်းကို "ကျောင်းသားလည်း နိုင်ငံရေး လုပ်သင့်တယ်လို့ မြင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားလည်း တိုင်းသူပြည်သား တစ်ယောက်ပါပဲ။ တစ်နေ့ လူကြီး ဖြစ်လာဦးမှာပဲ။ နိုင်ငံရေး မလုပ်ရင် အတယ်။ ပြည်သူတွေနဲ့ အတူ ရောပြီး တက်ကြွ ရမှာပဲ။ နိုးကြားရမှာပဲ။ လှုပ်ရှား ရမှာပဲ"  လို့ မှတ်ချက်ပြုပေး ပါတယ်။ ကျောင်းသားများကလည်း ခွပ်ဒေါင်းတွေ နီဆွေး ကြောင်း သက်သေပြပေ လိမ့်မည်။ ဒေါင်းတရားတွေ အပြည့်နဲ့ ဗမာပြည်တစ်ဝန်း ကောင်းစားစေဖို့ " ခွပ်ဒေါင်း ကုဋေ အိုးေ၀ သံမာဆဲ...ဟိန်းဆဲ...တွန်ကျူးဆဲပင် ဖြစ်ပေတော့မည်။ သမိုင်းဝင် ခွပ်ဒေါင်းအလံကို ခိုင်မာစွာ ကိုင်ဆွဲရင်း အာဏာရှင် ဟူသမျှ တိုက်ထုတ်ကြရ ပေလိမ့်မည်။ စစ်အာဏာရှင်၊ ဒီမိုကရေစီ အာဏာရှင် ဟူသမျှ ဗမာ့မြေပေါ်မှာ မရှိစေရတော့၊ စစ်အာဏာရှင်စနစ် တော်လှန်ရေးကိုပင် ဒီမိုကရေစီ တော်လှန်ရေး အမြင်ကျယ်သူ လူငယ်များက ပညာရေး လွတ်လပ်ခွင့်ကို ဆက်လက် တိုက်ပွဲဝင်ကြမည် ဖြစ်သည်။ ခေတ်အဆက်ဆက် ပခုံးပေါ် ကျလာတဲ့ သမိုင်းပေး တာဝန်ကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းရွက်ခဲ့တဲ့ ခွပ်ဒေါင်းအလံ ဆိုတာ သမိုင်းသက်သေ။ ဒေါင်းတစ်ကောင် ဖမ်းထားရင် ဒေါင်းတစ်သောင်းထွက် လာကြမည်မှာ ခွပ်ဒေါင်း သမိုင်းပင် ဖြစ်သည်။ ကျောင်းသား လူငယ်များကို ထောင်သွင်းလို့ အကျဉ်းချထားတဲ့ အစိုးရသည် သတ္တိနည်းလွန်း လှပေသည်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရအနေဖြင့် သမိုင်းအမည်း စက် ဖျောက်ခြင်းသည်သာ မှန်ပေလိမ့်မည်။ အပြောနှင့် အလုပ်နှင့် ညီသောအစိုးရ၊ ကတိတည်သော အစိုးရ ဖြစ်ရန် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးသင့်ပါကြောင်း အကြံပြု တိုက်တွန်း လိုက်ပါသည်။

Most Read

Most Recent