မေတ္တာရပ်ခံချက်

မေတ္တာရပ်ခံချက်
Published 22 December 2015
ကျွန်း

နှစ်စဉ်နှစ်တိုင်း ကြုံရနေကျ အတိုင်းပါပဲ။ ဘာသာရေးဆိုင်ရာ ပွဲလမ်းတစ်ခု လမ်းထဲက ဖြတ်သန်းသွားတဲ့ အသံကို ကြားနေရပါတယ်။ သီချင်းသံက တစ်ခုတည်း မဟုတ်ပါ။ ကားတစ်စီးတိုင်းမှာ သီချင်းတစ်မျိုးမို့ သီချင်းသံတွေ ရောထွေး ဆူညံနေပါတယ်။
ဒါက ကြည်ညိုဖွယ်ရာ၊ ကြည်နူးဖွယ်ရာလား၊ သဒ္ဓါတရား ထက်သန်စရာ၊ စိတ်အေးချမ်းသာ စရာလား။ အမှန်တကယ် ဘာသာရေးအတွက် ဆောင်ရွက်ခြင်းဆိုရင် ဘာကြောင့် ဘာသာရေးနဲ့ ဘာမှသက်ဆိုင်ခြင်း မရှိတဲ့ သီချင်းတွေကို ဒီလောက် ကျယ်လောင်စွာ ဖွင့်ကြတာလဲ။ ဘာကြောင့် ကားတစ်စီးတိုင်းအတွက် သီချင်းတစ်မျိုး၊ ကျယ်လောင်မှုတစ်ခု ထွက်ရှိနေဖို့ လိုအပ်သလဲ။ ကျွန်မခေါင်းထဲမှာ ဘယ်သူမှ ဖြေကြားပေးမှာ မဟုတ်တဲ့ မေးခွန်းတွေ အများကြီးပါပဲ။ ကျွန်မ သင်ယူ၊  နားလည်ခွင့်ရခဲ့တဲ့ ဘာသာရေးဆိုင်ရာ ပို့ချချက်တွေနဲ့တော့ အတော်လေး လွဲချော်နေတာ အမှန်ပါ။
တစ်ချိန်က ကျွန်မတို့ ဗုဒ္ဓဘာသာဝင် အလယ်တန်း ကျောင်းသား၊ ကျောင်းသူတွေကို နှလုံးသားထဲ အထိစွဲနေအောင် ကျောင်းက သင်ကြားပေးခဲ့တဲ့ စကားလေး တစ်ခွန်းကို သတိရမိပါတယ်။ “တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ ပူဇော်ပါ”တဲ့။ တိတ်ဆိတ်ငြိမ်သက်တဲ့ အဆင့်အထိ မရောက်ရင်တောင် လူအများ ခံနိုင်ရည် အဆင့်ရှိတဲ့ အသံလောက်နဲ့သာ ဆောင်ရွက်ကြဖို့ သင့်ပါတယ်။
နေထိုင်ရာ လမ်းထဲ၊ ရပ်ကွက်ထဲမှာတင် မဟုတ်ပါဘူး။ လမ်းမှာ သွားရင်းလာရင်း အဲဒီလိုပွဲတွေ လှည့်ကြတာနဲ့ ကြုံတဲ့အခါတွေမှာလဲ အတော်လေး စိတ်မသက်သာစရာ ကောင်းပါတယ်။ ကားစီးလာရင် ကားတွေရဲ့ ခြေနင်းရာ နေရာမှာ ပြင်းထန်တဲ့ တုန်ခါမှု၊ ရိုက်ခတ်မှုတွေကို ခံစားမိပါတယ်။ အသံတွေက လူတစ်ယောက်ရဲ့ နားခံနိုင်ရည်အားကို ကျော်လွန်နေပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ ပြုလုပ်ရင် ထပ်တူညီစွာ၊ လွန်ကဲစွာ ဆူညံရတယ်ဆိုတဲ့ ဖော်မြူလာကို ဘယ်ကနေ ရခဲ့ကြတာပါလိမ့်။
ဆူညံသံတွေ၊ အသံကလာတဲ့ တုန်ခါမှုတွေကို ထိန်းသိမ်းဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ရှိသလား၊ ရှိရင် လိုက်နာစရာ မလိုအပ်ဘူး ဆိုတဲ့ အနေအထားမှာ ရှိနေသလား၊ အဲဒီ အတွက် ဘယ်သူတွေ တာဝန်ရှိသလဲ ကျွန်မ မသိပါ။ အသံချဲ့စက် ဥပဒေတော့ ရှိတယ်လို့ သိခဲ့ဖူးပါတယ်။ ပြင်းထန်တဲ့ ဆူညံသံတွေဟာ သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းစေမှု (Environmental Pollution) ဆိုတဲ့ ခေါင်းစဉ်အောက်ထဲမှာ ပါဝင်ပါတယ်။
၈၅ ဒက်စီဘယ်လ်နဲ့ အထက်မှာရှိတဲ့ ဆူညံသံတွေက လူတွေရဲ့ အကြားအာရုံကို အပြီးတိုင်အောင် ပျက်စီးချွတ်ယွင်း ထိခိုက်စေနိုင်ပါတယ်။ ၈၅ ဒက်စီဘယ်လ်ကို ၈ နာရီကြာ ခံစားရမှ အကြားအာရုံ အပြီးတိုင်အောင် ပျက်စီးနိုင်ပေမယ့်၊ ၁၀၀ ဒက်စီဘယ်လ်ဆိုရင်တော့ ၁၅ မိနစ်နဲ့တင်ကို အလားတူ ပျက်စီး နိုင်ပါတယ်။ ၁၁၂ ဒက်စီဘယ်လ်ဆိုရင် တစ်မိနစ် မပြည့်မီ အကြားအာရုံကို ပျက်စီးစေနိုင်ပြီး ၊ ၁၁၅ ဒက်စီဘယ်လ်ဆိုရင် စက္ကန့်၃၀ ဝန်းကျင်နဲ့တင် အဲဒီလို ပျက်စီးဖို့ လုံလောက်နေပါပြီ။ ဒါ့အပြင် ဆူညံသံတွေက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အတွက် သွေးတိုးလို စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ သွေးတိုးဆိုတာက နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့လို ရောဂါကြီးတွေကို ဆက်လက် ဖြစ်ပွားစေနိုင်တဲ့ အရာမို့ ဒါဟာ သေးငယ်လှတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီဆောင်ရွက်မှုတွေဟာ ပြည်သူ့ကျန်းမာရေးနဲ့လည်း အလွန်ကို သက်ဆိုင်နေပါတယ်။ အမေရိကန် နိုင်ငံလို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ အသံထိန်းချုပ်မှုဆိုင်ရာ ဥပဒေတွေ ရှိကြပါတယ်။
ကျွန်မ အလယ်တန်း ကျောင်းသူဘဝက သာသနာပြုခြင်းနဲ့ တွဲထားတဲ့ အခမဲ့ အင်္ဂလိပ်စာ သင်တန်းတစ်ခုကို တက်ခဲ့ဖူးပါတယ်။ အဲဒီမှာ သင်တန်းဆရာက ဗုဒ္ဓဘာသာကို ရုပ်တု၊ ဆင်းတု ကိုးကွယ်တဲ့ ဘာသာလို့ ညွှန်းဆိုတဲ့အတွက် ကျွန်မအလွန်အမင်း စိတ်ဆိုးပြီး သင်တန်းတက်တာကို ရပ်ပစ်ခဲ့ဖူးပါတယ်။ သို့ပေမဲ့ ကျွန်မတို့ရဲ့ ဆောင်ရွက်ပုံတွေက အဲဒီလို မြင်ချင်စဖွယ်၊ ပြောချင်စဖွယ် ဖြစ်မနေဘူးလားလို့  စဉ်းစားမိပါတယ်။
ကျွန်မတို့ ဘာသာရဲ့ အနှစ်သာရဖြစ်တဲ့ တရားဓမ္မက “ဧဟိပဿိကော”ဆိုတဲ့ စမ်းသပ်ခံနိုင်တဲ့ ဂုဏ်နဲ့ပြည့်စုံတဲ့ အတွက် လက်တွေ့ကျတဲ့ ဘာသာလို့ ကျွန်မယုံကြည် နားလည်ထားခဲ့တာပါ။ သိပ္ပံနည်းကျတောင် သက်သေပြလို့ ရတယ်လို့ ဂုဏ်ယူခဲ့ဖူးတာပါ။ စိတ်ကို ရှုပ်ထွေးစေပြီး၊ ရုပ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးတွေကို ထိခိုက်အောင် ပြုလုပ်ချက်တွေက ဘာသာရေး အတွက်ဆိုတဲ့ ဆောင်ရွက်ချက်တွေထဲမှာ မပါဝင်သင့်ပါဘူး။ ဒါက ဘာသာတရားရဲ့ ပုံရိပ်နဲ့ ဘာသာဝင်တွေရဲ့ ပုံရိပ်တွေကိုလဲ အလွန်အမင်း ထိခိုက်စေပါတယ်။ မိမိတို့ရဲ့ လုပ်ရပ်တွေက ဗုဒ္ဓဟောကြားခဲ့တဲ့ တရားဓမ္မတွေနဲ့ ညီညွတ်တဲ့ လုပ်ရပ်တွေ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ကိုယ်ပိုင် ဦးနှောက်တွေနဲ့ သုံးသပ်ဆင်ခြင် စဉ်းစားကြဖို့သင့်တဲ့ အချိန်ရောက်ပြီလို့ ထင်ပါတယ်။ 
ဗုဒ္ဓဘာသာ ခေါင်းစဉ်တပ်ထားတဲ့ ဆောင်ရွက်မှုတွေ အားလုံးဟာ လူတွေ နားခံသာတဲ့ အနေအထားမှာ ရှိသင့်ပါတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ မထိခိုက်တဲ့ အနေအထားမှာ ရှိသင့်ပါတယ်။ ဗုဒ္ဓဟောကြားခဲ့တာတွေနဲ့ များစွာ လွဲချော်နေခြင်း မရှိတဲ့ အနေအထားမှာ ရှိသင့်ပါတယ်။
ဆောင်ရွက်မှုတွေ အတွက် ဆုံးဖြတ်ချက်ချရာတွေမှာ ပါဝင်ခွင့်မရှိတဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦးရဲ့ အနူးအညွတ် မေတ္တာရပ်ခံချက် ဖြစ်ပါတယ်။
(References: www.dangerous-decibels.org, www.epa.gov)

Most Read

Most Recent