ကျွနု်ပ်နှင့် ကျိန်စာလွှမ်းသောည

ကျွနု်ပ်နှင့် ကျိန်စာလွှမ်းသောည
Published 22 December 2015
မင်းဒင်

(တစ်)
“သေချင်းဆိုးမယ့် မသာတွေ၊ ထန်းပင် လုံးလောက်ရှိတဲ့ မြွေပွေး အကောင်တစ်ရာ တပြိုင်တည်း ကိုက်ပြီး ကာလနာ တိုက်ကြပါစေဗျာ။ ကာလဝမ်းလျှောပြီး မသာပေါ်မယ့် လူ့ပေါက်ပန်းတွေ။ တိုင်းပြည် မွဲလွန်းလို့၊ နောက်တက်မယ့် လူသစ်တွေက လစာအဖြတ်ခံကြမယ့် အချိန်မှာ ဒင်းတို့က နေရာဖယ်ပေးခဆိုပြီး မသာပါးစပ်ထဲကနေ ကူးတို့ခကို ဇွတ်နှိုက်ယူနေကြပြန်ပြီ။ အရိမေတ္တေယျ ဘုရားကို မဖူးကြရပါစေနဲ့ဗျာ”
“အလိုလေး ကျိန်ဆဲချက်က ပြင်းလှချည့်လား မောင်ဖေကြည်ရယ်။ ဘာတွေများ ဒေါသူပုန်ထနေပါလိမ့်။ မေတ္တာနဲ့ယှဉ်တဲ့ စိတ်ကို မွေးပါလကွဲ့”
“ပြောတော့ဆြာတဲ့ ဒါလေးတောင် မသိဘူးလား။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် အရေးနိမ့်ခဲ့တဲ့ ကိုယ်တော်ချောတွေလေ။ အခုနိုင်ငံရေး ပင်စင်ဆိုလား။ ဘာဆိုလား။ သိန်းငါးဆယ်စီ သိန်းတစ်ရာစီ ဝေစုခွဲနေကြပြန်ပြီတဲ့။ ဘာတဲ့။ ကုန်ဈေးနှုန်းတွေ တက်နေလို့ သိန်းတစ်ရာဆိုတာ နည်းတောင် နည်းပါတယ်တဲ့။ ပြောတတ်လိုက်တဲ့ ပါးစပ်ချောင်လည်တဲ့အခါ အဲဒီပါးစပ်ကို ရွှေချရအောင် ခုကတည်းက စစ်စီး (သစ်စေး) သုတ်ထားမှ ထင်ပါရဲ့ အတော်ငတ်ကြီးကျတဲ့ မသာတွေ”
“ဟုတ်ပါပြီ မောင်ရယ်။ တိုးတိုးသက်သာ လုပ်စမ်းပါ။ ဖြည်းဖြည်းပြောလည်း ဒီစကားပါပဲကွယ်”
သူငယ်အိပ်စတ်ချိန် ဖြစ်သော်ငြား သင်းတို့ကား မအိပ်နိုင်သေးချေ။ ကျွနု်ပ်မှာမူ သက်ကြီးခေါင်းချချိန် မတိုင်မီ အိပ်စက်တော့အံ့ဟု ကြံလျက် ပြုမြဲအတိုင်း ဘုရားပုထိုး ရှိခိုးပြီး သကာလ အာဂုံမရသော မေတ္တာသုတ်ကို ရွတ်ရန် ဘုတ်အုပ်စင်ပေါ်မှာ လှန်လှောရှာဖွေနေစဉ် အခန်းတွင်းသို့ တပည့်ကျော် ဖေကြည်တစ်ယောက် မပြောမဆို ဝင်ရောက်လာကာ ပွဲကြမ်းနေခြင်းပေတည်း။
“ဖေကြည် မလွန်ဘူးဆြာ။ ဘီလူး သရဲစီးနေတဲ့ ကောင်တွေက မဲရှုံးတဲ့ အတူတူ မထူးဇာတ်ခင်းပြီး ငါးမရ ရေချိုးပြန် ဆိုသလို ငွေထုပ်ပိုက်ပြန်ဖို့ ကြံကြတာဗျ။ ပိုင်ဆိုင်မှုတွေ ချပြကြပါ ဆိုတုန်းကတော့ အိလေး အာလေးနဲ့။ တစ်စစီ စုတ်ပြတ်နေတဲ့ တိုင်းပြည်ကို ဝိုင်းပြီး အမဲဖျက် နေကြပြန်ပြီလေ။ ဘနဖူး သိုက်တူးတဲ့ ကောင်တွေလား ပင်စင်ပေးပစ်ရမှာ ခင်ဗျ။ ဘုရားအဆူဆူ ပွင့်တောင် ငရဲက မကျွတ်ကြပါစေနဲ့ဗျာ”
လာပြန်ချေပြီ နောက်တစ်ယောက်။ ဖေကြည်ငယ်၏ အဆိုကို ထောက်ခံရင်း ကျွနု်ပ်၏ အခန်းတွင်းသို့ ဝင်ရောက်လာပြန်သူကား တပည့်ကျော် လေမင်းသားပေတည်း။
(နှစ်)
“ကဲ အိပ်ချိန်ရောက်နေပါပြီ မောင်ရာ။ ဖေကြည် ပြောတာလည်း ပြည့်စုံနေလောက်ပါပြီလေ။ ဟို.. ပင်စင်ကိစ္စပဲ မဟုတ်လား။ အပ်ကြောင်း မထပ်ပါတော့နဲ့လေကွာ”
“ဆြာ့ အကဲဖမ်းတာ မော်လမြိုင်ဘက်က သတင်းကို မကြားမိသေးဘူးထင်တယ်။ မော်လမြိုင် မန္တလေးရပ်မှာ ပြည်သူပိုင် မြေတွေကို ပြည်သူလူထု ကန့်ကွက်နေတဲ့ကြားကနေ  မွန်ပြည်နယ် အစိုးရက တစ်ဧကကို သိန်းခုနစ်ထောင်နဲ့ ရောင်းနေကြပြန်ပြီတဲ့ ဆြာ”
ဟင်း… ဟူသော သက်ပြင်းရှည်ကြီးကိုသာ ကျွနု်ပ်ချနိုင်တော့သည်။ တပည့်ကျော်တို့ ကျိန်စာတိုက်မည်ဆိုက တိုက်စရာတွေ များလှပါဘိတောင်း။ ခုံးကျော်တံတား ကုန်ကျငွေတွေမှာ နှစ်ဆနီးပါး ပိုတွက်ပြီး မသဒ္ဓါ ရေစာကို မျိုဆို့ကြသည်။ ငွေတွေ ပိုထုတ်ကြသည်။ ဆောက်လက်စ ခုံးကျော်တံတားများ၏ ဘတ်ဂျက်ကို တစ်ပြားတစ်ချပ်မှ မဖြတ်မတောက်ဘဲ နောက်ဆုံး ပိတ်အိတ်နှင့် လွယ်ကြသည်။ အစိုးရ အဟောင်းနှင့် အသစ်အာဏာ အလွှဲအပြောင်း ကြားကာလ သုံးလတာမှာ မသာအိမ် ဓားပြတက်တိုက်သည့် သတင်းတို့ကား ကျွနု်ပ်နားနှင့် မဆန့်အောင် ကြားသိနေခဲ့ပြီး ဖြစ်ပါ၏။
“ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ကြနဲ့တော့ တပည့်တို့ရာ။ မေတ္တာခြုံရင် လုံသတဲ့။ ကဲ၊ကဲ အိပ်ကြပါတော့ကွယ်။ ဆြာလည်း မေတ္တာသုတ်လေးကျက်..၊ အဲ ရွတ်လိုက်ဦးမကွဲ့”
မေတ္တာလွှမ်းသော ကျွနု်ပ်၏ စကားသံကြောင့် ဖေကြည်နှင့် လေမင်းသား သကောင့်သား နှစ်ယောက် ကျွနု်ပ်၏ အိပ်ခန်းတွင်းမှ ခြေသံပြင်းပြင်းဖြင့် ဆင်းသွားကြပြီးချိန်တွင် အောက်ထပ်၌ သင်းတို့ သုံးကောင် ဘယ်သို့ စကားဆက်ကြသည် မသိသော်ငြား ကပ္ပလီငယ်၏ ကျိန်ဆဲသံကိုမူ အိပ်ခန်းတွင်းမှ ကျွနု်ပ် အတိုင်းသား ကြားနေရလေသည်။
“ဒေဝဒတ်ခံရတဲ့ ငရဲထက်ဆိုးသော အဆအရာ အဆအထောင် အဆအသိန်း တပြောင်းပြန်ပြန် ငရဲကျပါစေဗျာ။ မတရားလုပ်သမျှ ယောကျ်ား၊ မိန်းမအားလုံး အလျားအနံ အရပ်ခြောက်ဆယ် အသွားထူတဲ့ ကျောက်ဖျာကြီးမှာ ခါးတိုင်အောင် နစ်နေပြီး၊ ရေလဲမရ အစာလည်းမရ လျှာငါးလံထွက်ပြီး ခံရပါစေဗျာ”
(သုံး)
မေတ္တသုတ်ကို ထစ်အထစ်အနှင့် ရွတ်ဖတ်ပြီး သကာလ ကျွနု်ပ် အိပ်ရာဝင်ခဲ့၏။ မျက်စိအစုံကို မှိတ်လျက် လောက ဓာတ်တခွင်လုံးကို မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် နှလုံးသွင်းမိနေစဉ်မှာပင် အာဏာ အလွှဲအပြောင်း ကာလ၏ အနိဋ္ဌာရုံတို့က ကျွနု်ပ်၏ အာရုံကို မပြတ်တမ်း လွှမ်းမိုးလျက်ရှိချေ၏။ ထိုသို့လျှင် မှေးခနဲ ပျော်မည်ရှိစဉ် ကျွနု်ပ်၏ အိပ်ခန်းတစ်ခန်းလုံး ဝင်းခနဲ လင်းထိန်သွားကာ တစ်စုံတစ်ယောက်သော သူသည် ကျွနု်ပ်လျောင်းရာ နံပါး၌ ရုတ်ခြည်းလာ၍ ရပ်လေ၏။
“ဟ၊ ဟ၊ ဟ သောက်ပလုပ်တုတ်။ ဘယ်သူများပါလိမ့်”
“ဝတိံခေါင်ဖျား၊ တိမ်ဘုံကြားက၊ နတ်တို့ သနင်း..၊ ဘိုးတော်သိကြားမင်းဖြစ်တော့ သကိုး” “အိပ်တော့မယ် ဆိုကာမှဗျာ။ သင်္ကြန်မှ မကျသေးတာ ခင်ဗျားကြီးက တစ်မှောင့်။ ကဲ ဆိုပါဦး လာရင်းကိစ္စလေး”
“အင်း…၊ မောင်ဒင်ရေ မင်းပြောရင်လည်း ခံရတော့မှာပဲ။ ငါ့မှာ နေ့ရောညပါ အိပ်မရလို့ မင်းကို ကိုယ်ထင်ပြရတာကွဲ့။ အဲဒီ ပြဿနာ အတော်ကြီးတယ်”
“ရှင်းအောင်ပြောစမ်းပါဗျာ။ လင်မယားတွေ စကားများကြတာလား။ အဲဒီပြဿနာသာ မှန်ခဲ့ရင် ခင်ဗျားမှာက မယားလေးယောက်နဲ့ ဆိုတော့ ဘယ်လာအိပ်ချိန်ရှိတော့မတုံး”
“အာ…၊ အတော့်ကို နိုင်ငံရေး အသိအမြင်နည်းတဲ့ မောင်ဒင်ပါကလား။ ဖားကန့်၊ လုံးခင်းနဲ့ တောမှော်ဘက်တွေမှာ အမေရိကန် နိုင်ငံလုပ် (LIEBHERR) အမျိုးအစား ဘက်ဟိုး မြေတူးစက်ကြီးတွေ ရောက်နေတဲ့ သတင်းလောက်တောင် မဖတ်မိတာအံ့ပါရဲ့။ သုံးလအတွင်း အကုန်ပြောင်အောင် ထုတ်နေကြပြီကွဲ့ မောင်ဒင်ရဲ့”
“ဗျာ။ သိကြားမင်းနဲ့ အဲဒီပြဿနာ ဘာဆိုင်လို့တုန်းဗျာ” “ဆိုင်တာပေါ့ ငဒင်ရ။ ဧရာမ ယန္တရားကြီးတွေချည်းပဲ။ အစီးရေ နှစ်သောင်း ကျော်သုံးပြီး တူးဆွနေကြနေရာက ထွက်လာတဲ့ အသံတွေဟာ ငါ့မွေ့ရာ၊ အဲ.. ကျောက်ဖျာကို အက်ကိုး (Echo) လာရိုက်တော့ ထိုင်နေရင်းတောင် ခေါင်းကျိန်းနေပြီဟ”
“ခင်ဗျားဗျာ။ သိကြားမင်း လုပ်နေပြီးတော့ အတော်ညံ့တာပဲ။ ခင်ဗျား လက်ထဲက ဝရဇိန် လက်နက်ကြီးက ဘာလုပ်ဖို့တုံး။ မြင့်မိုရ်တောင်ကိုတောင် ထွင်းဖောက်နိုင်တယ်ဆို။ နောက်ပြီး ခင်ဗျားမှာ နတ်မြင်းတစ်ထောင် ကတဲ့ ဝေဇယန္တာ ရထားတို့ တိုက်ရည်ခိုက်ရည် ကောင်းလှပါချည့်ရဲ့ဆိုတဲ့ ဆင်တော် သုမိတ္တာတို့ အပြင် သုံးဆယ့်သုံးပါး သိကြားငယ်တွေနဲ့ နေလနတ်သား လေးပါးသော စစ်အင်္ဂါတွေကို ဘယ်ချောင် သွားထိုးထားသတုံး။ ဒီ ပြဿနာကို ခင်ဗျား ဝင်ရှင်းလိုက်ရင် အလွယ်လေးပါလေ”
(လေး)
ကျွနု်ပ်၏ ပိုင်နိုင်လှသော ထောက်ကွက်ကြောင့် ဘိုးတော်သိကြားခမျာ ဆတ်ခနဲ အမြီးကုပ်သွားဟန်ရှိပြီး ကျွဲမီးတိုသော လေသံဖြင့် ကျွနု်ပ်ကို ပြန်ပက်၏။
“နတ်ပြည် နတ်လောက အကြောင်း နကန်းတစ်လုံးမှ မသိတဲ့ ကောင်က တယ်လျှာရှည်သကိုး။ ခုကာလကြီးမှာ ပြဿနာတွေက သောင်းခြောက်ထောင်ဟ။ နတ်သဘင် အစည်းအဝေးမှာ အဆိုတင် ထောက်ခံကန့်ကွက် အတည်ပြု လုပ်နိုင်ဖို့ ထိုင်စောင့်နေရင် နောက်သုံးလနဲ့ မပြီးနိုင်ဘူးဟဲ့ ငတုံးရဲ့”
“သြ.. ခင်ဗျားလို သိကြားမင်းတောင် မတတ်နိုင်တဲ့ ကိစ္စကို ကျုပ်လိုပါမွှားက ဘာလုပ်ပေးနိုင်မတဲ့တုန်း”
“ကျုပ်လည်း မောင့်တပည့်တွေ လမ်းစဉ်လိုက်ပြီး ကျိန်စာတိုက်ရမယ်လေ။ ဒါကြောင့် မောင်ရင့် စာအုပ်စင်မှာရှိတဲ့ စာအုပ်တွေထဲကနေ ခေတ်အဆက်ဆက် ကျိန်စာတိုက်နည်းတွေ ရှာပေးစမ်းပါမောင်”
“အမယ်လေးဟဲ့။ သိကြားမင်းကလည်း ကျိန်စာတိုက်မတဲ့။ အရပ်ရပ် နေပြည်တော် ကြားလို့မှမတော်။ အံ့ရောဗျာ” “နင်အံ့တာ နောက်ထား။ လေးလေးနက်နက် ကျိန်စာတွေကို အမြန်ရှာပေတော့ မောင်ဒင်”
အတော် အာရုံနောက်ရသည့် သိကြားပေတကား။ သို့နှင့် ကျွနု်ပ်လည်း စကားနည်း ရန်စဲဟူသော သဘောပိုက်လျက် ကျွနု်ပ်၏ စာအုပ်စင်နှင့် ဂူဂဲလ်မှ ရှေးမြန်မာ ရာဇဝင်တို့ကို မွှေနှောက် ရှာဖွေကာ တွေ့မိသမျှ ကျိန်စာတို့ကို အနားတွင် အသင့်ရှိသော မိတ္တူကူးစက်ဖြင့် ကူး၍ ပေးအပ်လိုက်လေရာ ထိုကျိန်စာမျိုးစုံတို့ အနက်မှ သိကြားမင်း ကိုယ်တိုင် နှုတ်မှ တဖွဖွ ဖတ်ရှုရွတ်ဆိုနေသော ကျိန်စာ အချို့မှာ အောက်ပါအတိုင်း ဖြစ်လေသည်။
“သာသနာတော် ငါးထောင်ကို စောင့်တဲ့နတ်လည်း သတ်စေ။ ကျွန်းကြီးလေးကျွန်း၊ ကျွန်းငယ်နှစ်ထောင် စတဲ့ ကျွန်းအပေါင်းကို စောင့်တဲ့နတ်လည်း သတ်စေ။ မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ အင်းအိုင်ချောင်းမြောင်း အပေါင်းကို စောင့်တဲ့နတ်လည်း မနေဘဲ သတ်စေ။ ဟိမဝန္တာ တောသုံးထောင်အပါ အာကာသကို အစိုးရတဲ့ နတ်၊ ဗိဿနိုးနတ်၊ ဖုတ်ပြိတ္တာနတ်လည်း မနေဘဲ သတ်စေ။
ထို့ပြင်နတ်အများ သတ်တာတောင် မသေသေးဘဲ သွေးခဲသွေးနက် ပွက်ပွက်ထွက်၍ ကိုယ်လက်ပြောင်းပြန် သွေးခဲအန်၍ သေစေ။ ဘေးရှစ်ပါး ဒဏ်ဆယ်ပါးကြောင့်လည်း လတ်လတ် ချက်ချင်းသေစေ။
သားစဉ်မြေးဆက် ဥစ္စာပစ္စည်းလည်း မကြာခဏ ပျက်စီးပြီး ဆီမီးတန်ဆောင် တုံးသွားသကဲ့သို့ အကုန် မကြွင်းမကျန် ပျက်စီးခြင်းသို့ ရောက်စေ။ ဒါမှမဟုတ် ရေလမ်းခရီး သွားရင်လည်း ရေသတ္တဝါ ဆယ်ကုဋေရှိတဲ့ အထဲ မိကျောင်း၊ လင်းပိုင် နောက်ဆုံး ညံသတ္တဝါအထိ စားခြင်းခံရပြီး သေစေ။ ကုန်းလမ်းခရီးက သွားရင်လည်း သစ်၊ ကျား၊ ဆင်၊ ရဲ၊ စိုင် စတဲ့ ကိုးကုဋေသော သတ္တဝါတို့စား၍ သေစေ။ မြွေပွေး၊ မြွေဟောက်၊ ငန်းကျား၊ ငန်းပြောက် အပါ ဝင်ပေါက်၍ သေစေ။
အဲလို နတ်တွေကသတ် သဘာဝဘေး အန္တရာယ်နဲ့သေ ဒါမှမဟုတ် သတ္တဝါတွေစား ခြင်းခံရကာ သေပြီးနောက် ငရဲကြီးရှစ်ထပ်၊ ငရဲငယ် တစ်ရာနှစ်ဆယ့်ရှစ်ထပ်၊ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးပါးအထိ ရောက်စေ”
(ငါး)
အနှီည ဤညကား၊ ဧည့်အလာလွန်သော ညပေတကား။ သိကြားကွယ်ချိန်နှင့် တစ်ပြိုင်နက်တည်း ဆိုသလို၊ မဲမှောင်သော မီးခိုးလုံးကြီးများ ကြားမှ ထွက်ပေါ် လာပြန်သူကား ဥပဓိရုပ် အတော်မွဲသော ယမမင်းပေတည်း။ အိပ်ချင်ဇောကပ်နေပြီ ဖြစ်သော ကျွနု်ပ်လည်း ပုံဆိုးပန်းဆိုး ယမမင်းကို ကြောက်ရကောင်းမှန်း မသိဘဲ လာရင်းကိစ္စကို မေးမြန်းလေရာ သူ့ကိစ္စသည်လည်း ဘိုးတော် သိကြားနည်းနှင်နှင် ဖားကန့်-လုံးခင်းအရေးသာ ဖြစ်ချေသည်။
လောဘသမားတို့ တူးသည့် မြေသည် နက်လွန်းလှသဖြင့် ယမမင်း ရုံးစိုက်ရာ၊ ငရဲပြည်၏ ခေါင်မိုးများပင် တွန့်လိမ် ကြေမွနေပြီ ဆိုပါ၏။ကျွနု်ပ်ထံမှ ၎င်းယမမင်း တောင်းဆိုသည့် အရာမှာလည်း ရှေးခေတ်အဆက်ဆက် ကျိန်စာတို့ပင် ဖြစ်ချေပြန်သည်။ကျွနု်ပ် မတတ်သာ၍ ယမမင်းအား ပေးရသော ကျိန်စာတို့ကား အောက်ပါတိုင်းဖြစ်ချေ၏။
“မဟာသမုဒ္ဒရာ ပင်လယ်ပြင်ကြီးတွင် သင်္ဘောကြီး မျောပါပျက်စီးသလို အစိတ်စိတ် အမြွာမြွာ ကွဲသေစေ။ ဝါဂွမ်းတစ်လှည်းကို မီးဖုတ်သော် လက်တစ်ဆုပ်စာမျှ မရသလိုဖြစ်စေ။ သားစဉ်မြေးဆက် ကျေးကျွန်အဆုံး အဆင်းရဲကြီး ဆင်းရဲပြီး ခွက်ဆွဲကာ စားချင်သမျှ တောင်းစားရာ ဘဝကျရောက်၊ လူလည်း အလှတရား မရှိဘဲ လူပြိတ္တာဖြစ်စေ။ ထင်းကို မီးလောင်ရာ တစ်စစတို သလိုတိုစေ။ နိုင်ထက် ဖျက်ဆီးသောသူကား ဘုန်းမကြီးပါစေနှင့် အသက်မရှည်ပါစေနှင့်။
နိုင်ထက်မူလတ်သော သူကား လူတွင် ဘုန်းမကြီးစေ အသက် မရှည်စေသတေး။မင်းဘေးသင့် စေသတေး၊ မီးဘေး၊ ရေဘေး၊ မိုးကြိုး ပုဆိန်ဘေး၊ ဆင်ဘေး၊ မြင်းဘေး၊ မြွေဘေး၊ သစ်ကျားလူဝံဘေး၊ ဆင်ဘေး၊ သမားကု၍ မတတ်ရာသော အနာဘေးကြီးစွာလျှင် သင့်၍ သေစေသတေး။ သွေးခဲအန်၍ သေစေသတေး။ သေသော် အဝီစိငရဲကြီး၌ ကျက်စေသတေး။ ဘုရားအဖြစ်ဖြင့်လည်း မဖူးစေသတေး။ ကုသိုလ် ကံကြမ္မာအလျောက် လူဖြစ် ငြားတုံသော်လည်း နူသော၊ ဝဲသော၊ ကျိုးသော၊ ကန်းသော၊ နားပင်းသော၊ အသော၊ ရူးသော၊ တုံလှီသော၊ ခြေလက်တိုသော၊ နား၊ နှာခေါင်းတိုသော၊ ပုဆိုးကြမ်းလည်တွင် ပတ်၍ ဖုန်း (တောင်း) စားသော်လည်း မစားရတတ်သော လူပြိတ္တာလျှင် ဖြစ်စေသတေး”
(ခြောက်)
ယမမင်းလည်း ကျွနု်ပ်ပေးသော ကျိန်စာကို ကျွနု်ပ်ရှေ့တွင်ပင် ရွတ်ဖတ်ပြန်၏။ ယင်းကျိန်စာတို့မှာ ပြင်းထန်လှသည်ဖြစ်ရာ ကျွနု်ပ်လည်း မိမိနှင့် မသက်ဆိုင်ပါပဲလျက် သည်းဆုတ်အေးမျှ ကြောက်ရွံ့လှသည် ဖြစ်၍ အိပ်ရာထက်မှ ဝှန်းခနဲ ထထိုင်မိလေသည်တွင် ယမမင်းလည်း ကွယ်လေ၏။
သိကြားမင်းနှင့် ယမမင်းတို့ ကျွနု်ပ်ထံ အမှန်တကယ်ပင် လာလေသလော၊ ကျွနု်ပ်ပင် စိတ်စွဲ၍ ကယောင်ကတမ်း အိပ်မက်ဆိုးမက်လေ သလော။ မဝေခွဲနိုင်ချေ။ ကျွနု်ပ်ချက်ချင်း ဆိုသလိုပင် ကွယ်လွန်သူ မိခင်ကြီးကို သတိရမိသည်။ မိခင်ကြီးကား လူယုတ်မာတို့နှင့် ကြုံဆုံ၍ လိမ်လည်ယုတ်မာ ကောက်ကျစ်မှု ခံရလေတိုင်း၊ မျက်ရည် တစမ်းစမ်းနှင့် သင်းတို့အား ကျန်းမာချမ်းသာစေကြောင်း မေတ္တာသာတွင်တွင် ပို့လေ့ရှိ၏။
ကျွနု်ပ်သည်လည်း မိခင်ကြီး၏ နည်းနာအတိုင်း တစ်နိုင်ငံလုံးကို ကုန်းကောက်စရာ မကျန်အောင် သုံးလအတွင်း အပြီးတိုင် မြေလှန်ဖျက်ဆီး၍ ကိုယ်ကျိုးရှာနေသော မောင်မင်းကြီးသားတို့အား… “အများဒုက္ခ ရောက်သလို မရောက်ကြပါစေနှင့်၊ မသမာသည့် နည်းဖြင့်ရှာ၍ရသော အကျိုးစီးပွားတို့ကို မြိန်မြိန်ကြီး သုံးဆောင် ခံစားနိုင်ကြပါစေကြောင်း”၊ မေတ္တာနာနာသာ ပို့နေမိပါ၏။ သို့သော်.. ရင်တွင်း၌မူ အသည်းနာလှသည် ဖြစ်သောကြောင့် ကျွနု်ပ်၏ ပါးပြင်တွင် ပူနွေးသော မျက်ရည်တို့ တလိမ့်လိမ့် စီးဆင်းနေလေသည် တကား။

Most Read

Most Recent