ဆင်းရဲမွဲတေမှု လျှော့ချနိုင်ဖို့ဆိုရင် . . .

ဆင်းရဲမွဲတေမှု လျှော့ချနိုင်ဖို့ဆိုရင် . . .
Published 20 December 2015
အငယ်ထွေး

အစိုးရ တစ်ရပ်ရဲ့ အရေးကြီးဆုံး တာဝန်တွေထဲက တစ်ခုကတော့ တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ဖို့ပါ။ မြန်မာနိုင်ငံမှာ ရာခိုင်နှုန်း ၇၀ လောက်က ကျေးလက် ဒေသမှာ နေကြတဲ့ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေပါ။  ဒါပေမဲ့ အခုချိန်မှာ မြို့ပြ ရွှေ့ပြောင်း နေထိုင်မှု များလာသလို ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင် လာကြတဲ့အတွက် ကျေးလက် ဒေသမှာ ဘယ်လောက် ရာခိုင်နှုန်း ကျန်ရှိနေတယ်ဆိုတာ ပြောဖို့ ခက်ခဲပါတယ်။ တစ်ဖက်မှာ ဒီလို မြို့ပြရွှေ့ပြောင်း နေထိုင်မှုတွေ များလာတာနဲ့အမျှ ရန်ကုန်မြို့မှာ နေရေးအတွက် ရိုက်ခတ်လာတဲ့ ပြဿနာတွေကို ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့ လိုလာပါတယ်။ ဒီပြဿနာတွေဟာ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက် မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာပါ။တချို့နိုင်ငံတွေမှာ Housing ကို ဘယ်လောက် ဦးစားပေးလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာတောင် ထည့်ဆွဲကြတာမျိုးပါ။ ဒီလို ထည့်ဆွဲတဲ့ နိုင်ငံပေါင်း ၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။ နေရေးအတွက် အစိုးရက လုပ်ပေးတဲ့ နိုင်ငံတွေပါ။ မြန်မာနိုင်ငံမှာတော့ အဲဒီလို ထည့်ဆွဲနိုင်ခြင်းမျိုး မရှိသလို အစိုးရ ဘတ်ဂျက်ထဲမှာလည်း Housing အတွက် သုံးထားတာမျိုး မတွေ့ရပါဘူး။ဒီနေ့ခေတ်မှာ တောကလူတွေ မြို့တက်လာတဲ့ ပြဿနာရှိလာပါတယ်။ ဒီလို တက်လာတာကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာ ဆွေးနွေးစရာ ရှိလာပါတယ်။၁၈ ရာစုမှာ ကမ္ဘာပေါ်မှာ မြို့ပြရွှေ့ပြောင်း နေထိုင်မှု Urbanization က နှစ်ရာခိုင်နှုန်းပဲ ရှိတယ်လို့ စာတန်းတစ်ခုထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ စိုက်ပျိုးရေး အခြေခံ Agro Base မို့လို့ပါ။ နှောင်းပိုင်း ခေတ်မှာတော့ Industrial Revolution ကြောင့် တောကလူတွေ မြို့ပြောင်းလာကြတယ်။ ၂၁ ရာစုအစမှာ ကမ္ဘာက လူဦးရေ ထက်ဝက်လောက်က မြို့ပြလူဦးရေတွေ ဖြစ်လာကြပါတယ်။ မလေးရှားမှာဆိုရင် မြို့နေလူတန်းစား ၈၅ ရာခိုင်နှုန်း ရှိပြီးတော့ တောနေ လူတန်းစား ၁၅ ရာခိုင်နှုန်းမျှသာ ရှိပါတော့တယ်။ မြန်မာနိုင်ငံမှာလည်း မြို့ပြရွှေ့ပြောင်းလာမှုတွေ အရမ်းများလာပါပြီ။ ဒါကြောင့် သေချာပေါက် Urbanization ဖြစ်မယ်ဆိုတာတော့ ပညာရှင်တွေက တွက်ပြီးသားပါ။ ဖြစ်ဖို့ တွန်းအားတွေ၊ ဆွဲအားတွေကလည်း ရှိနေတယ်။ တွန်းအား (Push Factor) တွေထဲမှာတော့ ကျေးလက်မှာ လူဦးရေ များလာတာလည်း တစ်ခုအပါအဝင်ပါ။ ဝန်ကြီးချုပ် ဦးနုရဲ့ ဖဆပလခေတ်ကတော့ မြန်မာနိုင်ငံမှာ လူဦးရေ ၁၈ သန်းပဲ ရှိပါသေးတယ်။ အခုအချိန်မှာ သန်း  ၅၀ ကျော်နေပါပြီ။အတည်မပြုနိုင်သေးတဲ့ အထောက်အထားတွေအရ ရန်ကုန်မြို့ လူဦးရေကို ခြောက်သန်းလောက် မှန်းထားတာကနေ ရှစ်သန်းလောက် ရှိနေတယ်ဆိုတဲ့ သတင်းစကားတွေလည်း ကြားလာရပါတယ်။ ဒါကြောင့် Hland and Manration ကလည်း ပြောင်းလဲသွားပြီ။ အမေရိကန်မှာ လူ ၁၀၀ မှာ နှစ်ယောက်ပဲ စိုက်ပျိုးရေးမှာ ရှိပါတယ်။ မြန်မာမှာ လူ ၁၀၀ မှာ ၇၀ က လယ်ယာ စိုက်ပျိုးရေး ကဏ္ဍကို မှီခိုနေရဆဲ ဖြစ်တယ်ဆိုပေမယ့် ဘာပဲဖြစ်ဖြစ် အခုနောက်ပိုင်းမှာတော့ လယ်မြေ သိမ်းယူမှုတွေနဲ့ သီးနှံဈေး ထင်သလောက် တက်မလာတာ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မကာမိတာနဲ့ နည်းပညာပိုင်းမှာ အားနည်းတာတွေကြောင့် တောင်သူတွေ လယ်ယာ လုပ်ငန်းခွင်ကို စွန့်လွှတ်လာကြပြီး မြို့ပေါ်တက်လာကြပါတယ်။ ဒါပေမဲ့ မြို့မှာလည်း မြေတွေက လက်ညှိုးထိုးမလွဲ ရှိပေမယ့် ပိုင်ရာဆိုင်ရာတွေက ယူထားပြီးသားပါ။နောက်တစ်ခုက မြေကြီးကတော့ ၂၆၂, ၂၂၈ ဧက ထက်ချဲ့လို့ မရတော့ပေမယ့် လူသားတွေက ထပ်မွေးနေဦးမှာပါ။ ဆွဲအားကတော့ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် တောဒေသတွေမှာ မရနိုင်တာတွေ မြို့မှာရှိနေတာပါ။ ဒါတွေကြောင့်ပဲ တောကလူတွေ မြို့တက်လာပြီး Urbanization ဖြစ်နေတာပါ။ ဒါပေမဲ့ Urbanization ပုံမကျရင်တော့ မြို့မှာ Social Crisis တွေ ဖြစ်လာတတ်ပါတယ်။ တကယ်တမ်းမှာ တောမှာထက် မြို့မှာဖြစ်နေတဲ့ Urban Poorness က ပိုပြီးတော့ကြောက်စရာ ကောင်းနေသေးတယ်။ လမ်းဘေးမှာ အိပ်တဲ့သူတွေလည်း ရှိလာပါပြီ။  နိုင်ငံတကာမှာတော့ သီအိုရီနှစ်ခု ရှိပါတယ်။ သီအိုရီ တစ်ခုအရတော့ တောကလူတွေ မြို့မတက်အောင် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ပေးဖို့ လိုပါတယ်ဆိုတဲ့ သီအိုရီပါ။ ဒီလို မဟုတ်ဘဲ အားလုံးမြို့တက်လာရင် မြို့က ဝန်ထုပ်ဝန်ပိုး ဖြစ်လာမှာပါ။ လက်ရှိအချိန်မှာ ရန်ကုန်မြို့ရဲ့ တိုးလာတဲ့ လူဦးရေကြောင့် မြို့ကလူတွေအတွက် အဆောက်အအုံတွေ တိုးချဲ့ဆောက်ပေးဖို့ လိုအပ်လာပါတယ်။ အဲဒီ အချိန်မှာ မြို့ကြီးက စနစ်တကျ မဖွံ့ဖြိုးလာဘူးဆိုရင် မြို့ပြနဲ့ ပတ်သက်တဲ့ Urban  Crime ဆိုတဲ့ မြို့ပြရာဇဝတ်မှုတွေ ဖြစ်လာမှာပါ။လက်ရှိ အချိန်မှာလည်း ဖြစ်နေတာ ရှိပါတယ်။ မြို့မှာ မိန်းကလေးတွေ၊ ယောကျ်ားလေးတွေ ပျက်စီးလာတာမျိုးတွေ ရှိလာမှာ ဖြစ်သလို ကျန်းမာရေး ပြဿနာတွေလည်း ရှိလာမှာပါ။ ဒါကြောင့်လည်း Social Losses တွေ ဖြစ်လာနိုင်ပါတယ်။ လူတွေ ကျဉ်းကျဉ်းကြုတ်ကြုတ်လေးမှာ ပြွတ်သိပ်ပြီး နေလာရတာမျိုး။ ဒါထက် ပိုဆိုးရင်တော့ နေစရာ မရှိတော့လို့ လမ်းနံဘေးမှာ နေရတာမျိုးတွေ ပိုများလာမယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။Urbanization အရ မြန်မာမှာ ဘာတွေ ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့ Issue ပါ။ ဥပမာ ဂျာမနီဆိုရင် တောကလူတွေ မြို့တက်မလာအောင် လုပ်ထားတာမျိုး တွေ့ရပါတယ်။ ဒီလို စဉ်းစားကြတဲ့အတွက် ဥပမာ အင်္ဂလန်မှာကတော့ တောမှာကုတဲ့ FRCS နဲ့ မြို့မှာကုတဲ့ FRCS က အရည်အချင်း အတူတူပဲ။ မြန်မာမှာက ဒဂုံ (၁) နဲ့ ဒဂုံ ( ၂ ) တောင် ဘာဖြစ်လို့ Educational Quality ကွာလဲ စဉ်းစားစရာ ဖြစ်နေပါတယ်။ တရုတ်ပြည်မှာ တိန်ရှောက်ဖိန် အလွန်ကာလ အတွင်းမှာ တောကနေ မြို့တက်တဲ့ လူဦးရေ သန်း ၁၂၀  ရှိနေပါတယ်။ Urbanization ရဲ့ နောက်ထပ်တစ်ခုက Migration နဲ့ ပတ်သက်နေပါတယ်။ အမှန်တော့ တောသားမြို့ရောက်တာ လက်ခံမလားဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။ လက်ခံရင် မြို့က ဝန်ထုပ်ဝန်ပိုးဖြစ်မယ်။ လက်မခံရင် ဒီမိုကရေစီနဲ့ ငြိမယ်လို့ပဲ ပြောရမှာပါ။ အမှန်တော့ တိုင်းပြည်တစ်ပြည်လုံးကို ကြိုက်တဲ့နေရာကို ဥပဒေနဲ့အညီ နေထိုင်ခွင့်ရှိတယ်လို့ပဲ ပြောတာပါ။ နေချင်ရာနေလို့တော့ ပြောထားတာ မတွေ့ပါဘူး။ ဒါပေမဲ့ ရှေ့လျှောက် Urbanization ရော၊ Migration ရော တားလို့ မရနိုင်ဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။လူတွေမြို့တက်မှာ လက်ခံမလားလို့ မေးလာရင် မှန်ပါတယ်။ လက်ခံသင့်တယ်လို့ပဲ ဖြေရမှာပါ။ ဒါပေမဲ့ မြို့နဲ့လျော်ညီတဲ့ ပညာအရည်အချင်းနဲ့ ရှိနေမှသာ ပိုပြီးအဆင်ပြေမှာပါ။ ပြီးရင် မြို့ရဲ့အခွန်အခကိုလည်း သူဆောင်ရမှာပါ။ တောက လူမြို့တက်ပြီးပညာမပါလာရင် ဖြစ်လာမယ့် Social Loss တွေက အများကြီးပါ။ တောမှာ မှိုနတို၊ ငါးပိရည်နဲ့စားတာ ကိစ္စမရှိပေမယ့် မြို့ရောက်မှ အဆုတ်ကင်ဆာ ဖြစ်လာရင် ပိုဆိုးမှာပါ။ဘာဆက်လုပ်ကြမလဲလူဦးရေ တိုးပွားလာမှုနဲ့ Urbanization ကို တားမရတော့တဲ့ အချိန်မှာ ဒီလူတွေကို နေရာပေးဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် Housing Need ဆိုတဲ့စကား ပေါ်လာပါလိမ့်မယ်။ လူတိုင်းသည် အိမ်လိုပါတယ်။ ဒါပေမဲ့ မဝယ်နိုင်ဘူး။ ဘာကြောင့် မဝယ်နိုင်လဲဆိုတော့ တစ်ဦးချင်းဝင်ငွေ နိမ့်တာအပြင် အလွန်အမင်း ဈေးတွေကြီးနေလို့ပါ။ အဲဒီမှာ ကျူးကိစ္စ စလာပါတယ်။နောက်တစ်ခုက ရန်ကုန် မြေပြဿနာ ပါ။ မြေကွက် တစ်ခုကို စိုက်ပျိုးမြေကနေ အိမ်ယာမြေ ပြောင်းမလား၊ မပြောင်းဘူးလား၊ ဘယ်လောက် ပြောင်းမလဲ၊ ဘယ်လောက် ထားမလဲ။ အစိုးရမှာ Master Plan တွေရှိဖို့ လိုအပ်ပါတယ်။ ၂၀၄၀ မှာ မြန်မာနိုင်ငံ လူဦးရေ သန်း ၁၀၀ ကျော်လာမယ်လို့ ခန့်မှန်းထားတဲ့အတွက် သန်း ၁၀၀ အတွက် လယ်ယာမြေ ဘယ်လောက် ချန်ထားမလဲဆိုတဲ့ ပြဿနာရှိတယ်။ သစ်တောတွေချည်းပဲ လှိမ့်ခုတ်လို့ မရတော့ဘူး။Environmental အတွက် သစ်တောတွေ ဘယ်လောက် ချန်ထားမလဲဆိုတာ စဉ်းစားရပါမယ်။ ဒါကြောင့် ရန်ကုန်မြို့ကြီးကို ဘေးချဲ့လို့မရရင် စင်ကာပူလို အပေါ်တက်ရမှာပါ။ အဲဒီလို အပေါ်တက်ရင် လျှပ်စစ်လိုလာမှာပါ။ စဉ်းစားရမယ့် အချက်တွေလည်း အများကြီးပါပဲ။   ပေါ်လစီပိုင်းနဲ့ ပတ်သက်ရင်လည်း Land Use ရဲ့ လုပ်ငန်း လုပ်ဆောင်ချက်တွေ နည်းလမ်း မကျဘူးလို့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေတာပါ။ ဥပမာ လန/၃၉ ချရင်ချ ပေးလိုက်တာမျိုးကို တကယ်က Land Use က လုပ်လို့ မရဘူးလို့ ဝေဖန်သူတွေက ထောက်ပြပါတယ်။ ဥပမာ ထိုင်းနိုင်ငံမှာ ဘန်ကောက် မြို့နားက မြေကိုဘယ်သူမှ စပါးစိုက်စားချင်မှာ မဟုတ်ပါဘူး။ စက်မှုဇုန်အတွက် ရောင်းစားဖို့သာ စိတ်ကူးကြပါတယ်။ မြန်မာနိုင်ငံမှာလည်း မင်္ဂလာဒုံလောက်က လယ်ကွက်တွေကို ပိုင်ရှင်က စပါးစိုက်ဖို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သိန်း ၁၀၀၀ ၊ ၂၀၀၀ ရနေတဲ့အတွက် ရောင်းပဲစားချင်မှာပါ။ စပါးစိုက်လို့ သိန်း ၁၀၀၀ မရနိုင်ပါဘူး။ ဂျပန်ဆိုရင် လယ်သမားကို အရှုံးခံပြီး ငွေထုတ်ပေးပါတယ်။ ဂျပန်အစိုးရက ပိုက်ဆံချမ်းသာတဲ့အတွက် အပြင်က ဝယ်စားနိုင်ပါတယ်။ ဒါပေမဲ့ စစ်ဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုတာကိုတော့ စဉ်းစားတတ်ကြပါတယ်။ ဒါကြောင့် Food Securities အတွက်လည်း စဉ်းစားရမှာပါ။ အမေရိကန်တောင် ချမ်းသာပေမယ့် စပါးစိုက်ပါသေးတယ်။ Food Securities အတွက် ဘယ်လို စဉ်းစားမလဲ ဆိုတာတွေ ရှိပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံမှာက အောက်ခြေက ယန္တရားတွေကလည်း လုပ်ချင်သလို လုပ်တာမျိုးတွေ ရှိသလို အပေါ်ကလည်း လုပ်ချင်ရာ လုပ်တတ်ကြပါတယ်။ အဲဒါတွေ အားလုံးကို ကိုင်တွယ်ဖို့ကတော့ Academic တွေ လိုအပ်ပါတယ်။အိမ်ရာ ဘယ်လိုထုတ်မလဲနောက်တစ်ခုက အိမ်ဘယ်လို ထုတ်မလဲဆိုတဲ့ အပိုင်းပါ။ အဲဒါက ပုံစံတွေက အများကြီး၊ သူဌေးအတွက်ဆို တစ်မျိုး ထုတ်ပါတယ်။ နောက်ဝင်ငွေ အလယ်အလတ်နဲ့၊ ဝင်ငွေနည်းတွေအတွက် ဘယ်လိုလုပ်မလဲ၊ အဲဒီအတွက် ဒီမှာက ပေါ်လစီ မရှိဘူး ဖြစ်နေတာပါ။ နောက်တစ်ခုက Low Cost လို့ပြောတယ်။ Low Cost ရဲ့ Defination မှာ အစိုးရက ထည့်ဝင်ပေးရပါတယ်။ အစိုးရက Subsidize လုပ်ပေးမှ ဖြစ်မှာပါ။ မြန်မာနိုင်ငံက Low Cost က Low Quality ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရက မထောက်ပံ့နိုင်လို့ပါ။ အခန်းတွေကလည်း ကျဉ်းနေပြန်ပါတယ်။ ဥပမာ အစိုးရက အဆောက်အအုံဆောက်ဖို့ မြေကြီးပေးမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ တစ်ခုခုပေးမှ တန်ဖိုးကျမှာပါ။ ဒီတော့ အိမ်ဘယ်လို ထုတ်ကြမလဲဆိုတဲ့ နေရာမှာ အစိုးရက ဘာလုပ်သင့်သလဲ၊ ပုဂ္ဂလိက ဘာလုပ်သင့်သလဲ ဆိုတာ မူဝါဒ တိတိကျကျရှိဖို့ လိုတယ်လို့ မြင်မိပါတယ်။အစိုးရမှာ ကိုင်ထားတဲ့ မြေတွေ ရှိတယ်လို့လည်း သိရတယ်။ ဘယ်လောက် အတိုင်းအတာနဲ့ ဘယ်လို ကိုင်ထားတာလဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ အစိုးရလိုချင်ရင် Land Use ပေါ်လစီ ပြောင်းနိုင်ရင် ရနိုင်ပါတယ်။ ရေးဆွဲနေတုန်းလို့ သိရပြီးတော့ ဘယ်လောက် ကောင်းမွန်ပြီး ခိုင်မာတဲ့ ဥပဒေဖြစ်လာမယ် ဆိုတာတော့ မသိသေးပါဘူး။ အကြောင်း မညီညွတ်ရင်လည်း လယ်သမားက ဆန္ဒပြလာနိုင်ပါတယ်။ လယ်သမားကလည်း သူ့ဘာသာသူ ဒီလယ်ကို အကွက်ရိုက် ရောင်းချင်ကြတာမျိုးပါ။ မြန်မာနိုင်ငံမှာ ဖြစ်နေတာက Land Use Policy ကို သစ်တောက ဆွဲတယ်လို့ သိရပါတယ် ။ အဲဒီမှာ သစ်တောမြေနဲ့ သွားဆိုင်နေတယ်။ လယ်ဆည်က စိုက်ပျိုးရေးကို ကိုင်ပါတယ်။ Urban Land ကို သုံးနေတာက အိုးအိမ်ရှိတယ်။ စည်ပင်ရှိပါတယ်။ နောက်တော့ ထွေအုပ်ရှိတယ်၊ မြေစာရင်း ရှိပါတယ်။ အဲဒီဌာန လေးခုလုံးကို ပူးပေါင်းလို့ မရဘူး ဖြစ်နေတယ်လို့လည်း သိရပါတယ်။မြေဈေးတက်တာ ဘယ်လိုထိန်းချုပ်မလဲမြေဈေးတက်တာက အစိုးရ Project တွေကြောင့် တက်သွားတာဆိုရင် နိုင်ငံခြားမှာ အခွန်ကောက်တယ်။ အဲဒါကို Betterment Tax လို့ခေါ်ပြီး အစိုးရက ကောက်လေ့ ရှိပါတယ်။ အဲဒါဆိုရင် ရာခိုင်နှုန်း ၇၀ လောက် ကောက်လိုက်တာ။ အခွန်နဲ့ ထိန်းကြတဲ့ သဘောပါ။ ပြီးရင် အိမ်တစ်လုံးက နှစ်လုံးဖြစ်လာရင်လည်း Properties Tax ကောက်ရပါတယ်။ နောက်တစ်ခုက နှစ်တိုင်း တန်ဖိုးကို ကြေညာရသလို အဲဒီတန်ဖိုးအပေါ်မှာ Properties Gain Tax ထပ်ဆောင်ရပါတယ်။ ဒီနှစ် သိန်း ၁၀၀ က နောက်တစ်နှစ်မှာ သိန်း ၁၂၀ ဖြစ်ရင် အဲဒီ ၂၀ အပေါ်မှာ အခွန်ထပ် ကောက်ပါတယ်။ အိမ်တန်ဖိုးတွေက အမြဲတက်တတ်တဲ့ သဘောတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်း ကိုယ့်ပိုက်ဆံကို တိုးချင်လို့ပါပဲ။                နောက်တစ်ခုက မြေကွက်လပ်တွေ ရှိနေရင် idle tax ကောက်တတ်ကြပါတယ်။ land speculation ကို လုပ်ချင်တိုင်း လုပ်လို့မရအောင် လုပ်တာမျိုးပါ။ မြေကွက်လပ်တိုင်းကိုတောင် ငါးရာခိုင်နှုန်း ကောက်တတ်ပါတယ်။ ဒီတော့ အနှစ်၂၀ ပစ်ထားရင် သူ့တန်ဖိုး အကုန်လျော်ရသလို ဖြစ်နေပါတယ်။ ဆိုတော့ သိန်း ၁၀၀၀ တန် မြေကွက်ကို အနှစ် ၂၀ ပစ်ထားရင် အစိုးရကို သိန်း ၁၀၀၀ ထပ်ပေးရမှာပါ။ ဈေးတိုးတာက ငါးရာခိုင်နှုန်း မကျော်ဘူး။ ဒီတော့ ငှားပစ်ရတော့မယ်။ အခုက ရန်ကုန်မှာ သူဌေးတွေက မြေကွက်တွေကိုဝယ်ပြီး ကိုင်ထားပါတယ်။ သူ့ကြိုက်ဈေး မရရင် မရောင်းဘူး။ဥပမာ ဒလမြေဈေး ဈေးတက်တာ စီမံကိန်းတွေရှိလို့ တက်တာပါ။ နိုင်ငံခြားမှာ ဆိုရင်တော့ betterment tax ကောက်ရမယ်။ အဲဒါဆို ရာခိုင်နှုန်း ၇၀ လောက် ကောက်တတ်ပါတယ်။အစိုးရ ဘာလုပ်မလဲမြန်မာနိုင်ငံမှာ အထူးသဖြင့် ရန်ကုန်ပတ်ဝန်းကျင်နဲ့ စက်မှုဇုန်တွေမှာ အဲဒီပြဿ နာရှိနေပါတယ်။ မြေကွက်တွေကို ကိုင်ထားပြီး အသုံးမချဘဲ ဈေးစကားဖို့ စောင့်နေတာပါ။ ဒါတွေကိုလည်း အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ အစိုးရ အနေနဲ့ ပိုင်ဆိုင်မှုတွေကို ပြန်စစ်ဆေးသင့်ပါတယ်။ ဒီမြေတွေကို ဘယ်သူ တစ်ယောက်တည်းကနေ ပိုင်ထားတာလဲ။ ဘယ်တုန်းက ဝယ်ထားတားလဲ၊ ဘယ်လောက် အခွန်ဆောင်ထားတာလဲဆိုတာ ပြန်ကောက်သင့်ပါတယ်။မနှစ်က စီးပွားရေး ပညာရှင် တစ်ယောက်က မေခဆောင် ဖောင်ဒေးရှင်းက ပြုလုပ်တဲ့ workshop တစ်ခုမှာ မြန်မာနိုင်ငံမှာ ၉၉ ရာခိုင်နှုန်းသော ပြည်သူတွေက နိုင်ငံဓနဥစ္စာရဲ့ ငါးရာခိုင်နှုန်းလောက်ကို ခွဲဝေသုံးစွဲနေရတဲ့ အချိန်မှာ ကျန်ငါးရာခိုင်နှုန်းသော သူတွေက နိုင်ငံဓနဥစ္စာရဲ့ ၉၅ ရာခိုင်နှုန်းလောက်ကို သုံးစွဲနေကြတယ်လို့ ပြောခဲ့ပါတယ်။ သူပြောချင်တာကတော့ မြန်မာနိုင်ငံမှာ  properties distribution က အချိုးမညီတာပါ။ ပိုင်ဆိုင်တဲ့ လူတွေက မတရားပိုင်ဆိုင်ထားပြီး မရှိတဲ့သူက ကုန်းကောက်စရာ မရှိအောင် ဆင်းရဲနေတာပါ။ လွယ်လွယ်လေးပါ။ မြန်မာပြည်မှာ သူဌေးဖြစ်ချင်ရင် မြေကို ကိုင်ထားရုံပါပဲ။ ကိုင်ထားလို့ ရအောင်လည်း ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ရင် ဝင်ငွေရလမ်း ဖော်ပြစရာမလိုဆိုတဲ့ စနစ်နဲ့ မြန်မာခရိုနီ၊ တရုတ်ခရိုနီတစ်စု ကောင်းစားအောင် လမ်းကြောင်းဖွင့် ပေးခဲ့ပြီးပါပြီ။နောက်တစ်ခုက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ကာလတွေက ငွေကြေးဈေးကွက် မရှိဘူး။ ပိုက်ဆံ ဘယ်နားသွားမြှုပ်နှံရမယ်မှန်း မသိတော့ သေချာပေါက်တက်မယ့် မြေကို ဝယ်ထားကြတာပါ။ အဲဒီအချိန်မှာ money laundry က ငွေတွေဝင်လာပြီး မြေဈေးက ထပ်တက်လာပါတယ်။ အဲဒီလို boom ဖြစ်တယ် ဆိုတာလည်း ကြောက်စရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ boom ဖြစ်ပြီးရင် bust ဖြစ်သွားတတ်လို့ပါပဲ။တကယ်တော့ အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့ဆိုတာ တစ်ဦးချင်း ဝင်ငွေတက်မှ ဝယ်နိုင်မယ်လို့ ပြောပေမယ့် မြန်မာပြည်မှာ လစာ ငါးသိန်းလောက်ရတဲ့ လူတစ်ယောက်ရဲ့ income က နိမ့်တာ မဟုတ်ပေမယ့် မဝယ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်ခြံမြေဈေးတွေကလည်း အစိုးမရလို့ပါပဲ။ ဈေးကစားတာတွေ သိပ်များနေပါတယ်။ ဘာကြောင့် ဈေးကစားကြတာလဲဆိုတော့ လုပ်ခွင့်ပေးထားလို့၊ တစ်နည်းအားဖြင့် တရားဥပဒေ စိုးမိုးမှု မရှိလို့ပါ။ ဒါကြောင့် အိမ်ခြံမြေ ကိစ္စတစ်ခုထဲကို ပြန်ကြည့်ရင် လာဘ်ပေးလာဘ်ယူမှုများပြီး တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာ သိနိုင်ပါတယ်။ တရားဥပဒေက စိုးမိုးချင်တဲ့သူသာ စိုးမိုးတဲ့ သဘော ဖြစ်နေပါတယ်။ဒါကြောင့် အိမ်ရာကိစ္စ၊ ဘယ်ကိစ္စမဆို ပြည်သူနဲ့ အစိုးရကြားမှာ အပြန်အလှန် ယုံကြည်မှု လိုပါတယ်။ အဲဒီလို ယုံကြည်မှုရှိဖို့ လိုသလို  အစိုးရမှာလည်း ခရိုနီကို ဗဟိုပြုတဲ့ ပေါ်လစီမျိုးထက် ပြည်သူကို ဗဟိုပြုတဲ့ ပေါ်လစီတွေရှိဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချမယ်ဆိုရင် မြေယာ ပေါ်လစီကို ပီပြင်အောင် ရေးဆွဲနိုင်ဖို့ လိုသလို တရားဥပဒေ စိုးမိုးဖို့လည်း လိုပါတယ်။ ဆင်းရဲမွဲတေမှုကို လျှော့ချမယ်ဆိုရင် ဒီလိုဥပဒေနဲ့ မညီညွတ်တာတွေကို အစိုးရ အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ လိုတယ်လို့ ထင်မိပါတယ်။      

Most Read

Most Recent