ပြီးခဲ့သည့် မြစ်ရေကြီးမှုဖြစ်စဉ်တွင် တာမကျိုးပေါက်စေရန် စောင့်ကြည့်ထိန်းသိမ်းခဲ့ရသည့် ဟင်္သာတစည်ပင်တာ တောင့်တင်းခိုင်မာရေး ဆည်မြောင်းဦးစီးဌာနက တာဝန်ယူ ပြုပြင်ဆောင်ရွက်မည်

ပြီးခဲ့သည့် မြစ်ရေကြီးမှုဖြစ်စဉ်တွင် တာမကျိုးပေါက်စေရန် စောင့်ကြည့်ထိန်းသိမ်းခဲ့ရသည့် ဟင်္သာတစည်ပင်တာ တောင့်တင်းခိုင်မာရေး ဆည်မြောင်းဦးစီးဌာနက တာဝန်ယူ ပြုပြင်ဆောင်ရွက်မည်
Published 13 December 2015
အောင်ကျော်မျိုး (ဟင်္သာတ)

ပြီးခဲ့သည့်  မြစ်ရေကြီးမှုဖြစ်စဉ်၌ တာ မကျိုးပေါက်စေရန် ဌာနဆိုင်ရာနှင့် ပြည်သူများ စောင့်ကြည့်ထိန်းသိမ်းခဲ့ရသည့် ဟင်္သာတ စည်ပင် တာ တောင့်တင်းခိုင်မာရေးအတွက် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူ ပြု ပြင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါ စည်ပင်တာ အဆင့်မြှင့်တင် ပြု ပြင်ခြင်းလုပ်ငန်းကို ဆည်မြောင်း ဦးစီးဌာနမှ ဒီဇင်ဘာ ၁၅ ရက်တွင် လုပ်ငန်းစတင် ဆောင်ရွက်နိုင်ရန် စီစဉ်နေပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ပြီးစီးနိုင်ရန် လျာထားကြောင်း သိရသည်။“အရင် စလုပ်တုန်းက တာကို လူနဲ့ဖို့ခဲ့တယ်လို့သိရတယ်။ ထိန်းသိမ်းခဲ့တာလည်း မရှိတော့ ပစ်ထားသလို ဖြစ်နေတာပေါ့။ စည်ပင်က ထိန်းသိမ်းဖို့ ရန်ပုံငွေတို့ ဘာတို့မရှိတော့ ဆည်မြောင်းကို လွှဲလာတယ်။ အဲဒါကြောင့် လူကြီးတွေရဲ့လမ်းညွှန်ချက်နဲ့ ကိုယ်တို့ စံနဲ့ညီအောင် တာကို ပြန်ပြင်မှာပါ။ လက်ရှိ တာ အမြင့်ထက် တာ ကိုမြှင့်မယ်။ အောက်ခံ မြေသားက သိပ်မကောင်းတဲ့အတွက် မြစ်ဘက်မှာ ထောက်တာတစ်ခု၊ ကုန်းဘက်မှာ ထောက်တာတစ်ခု လုပ်မှာပါ”ဟု  ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသာယာက ပြောကြားသည်။လက်ရှိတွင် မြို့နယ်နှင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆည်မြောင်း၊ စည်ပင်၊ လျှပ်စစ်နှင့် မြေစာရင်းဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူ ပြုကော်မတီနှင့် မြို့မိမြို့ဖတို့ ပါဝင်သော ကော်မတီဖွဲ့စည်းကာ လုပ်ငန်း ခွင် ဧရိယာနှင့် မလွတ်ကင်းသည့် နေအိမ်များအား ကွင်းဆင်းစာရင်းပြုစုခြင်း၊ မြေနစ်နာကြေးနှင့် ရွှေ့ပြောင်းရမည့် အိမ်ခြေများအတွက် ထောက်ပံ့ကြေး တွက်ချက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။“ဒီဘက်နှစ်တွေမှာက ရာသီဥတုတွေ ဖောက်ပြန်တဲ့အတွက် ရုတ်တရက် ရေကြီးမှုတွေထပ်ဖြစ်လာမယ်ဆိုရင် လက်ရှိ တာက ခံနိုင်မှာမဟုတ်ဘူး။ တာကျိုးသွားရင် ဟင်္သာတတစ်မြို့လုံး ထိခိုက်နိုင်တဲ့အပြင် နောက်ကတာတွေကလည်း ရေမထိဖူးတော့ အရှိန်နဲ့ရေ ဝင်ဆောင့်ရင် တာနောက်မှာ ဧက ငါးသိန်း ကျော်ရှိတယ်။ ဟင်္သာတက ဧရာဝတီမြစ်၀ ကျွန်းပေါ်ရဲ့ ခေါင်ပဲ။ ဟင်္သာတကသာ တာ ကျိုးမယ်ဆိုရင် အောက်မှာရှိတဲ့ မြို့နယ်တွေအကုန် ဒုက္ခရောက်နိုင်တယ်။ ငဝန်နဲ့ ဧရာဝတီ စပ်ကြားဆိုတော့ လာသမျှ ရေအကုန် လုံးက တစ်ပြင်လုံး ဖြန့်စီးသွားမှာ။ တစ်တိုင်းလုံးနီးပါး ငဝန်နဲ့ ဧရာဝတီကြားမှာရှိတဲ့ မြို့နယ်တွေ အတော်များများ ဒုက္ခရောက်သွား နိုင်တယ်။ အဲလိုဒုက္ခတွေ မဖြစ်ရအောင် ပြီးခဲ့တဲ့ရေတုန်းက တာမကျိုးပေါက်အောင် ကြိုးစားပမ်းစား ကာကွယ်ခဲ့ကြရတဲ့ ရေနဲ့ထိတွေ့တဲ့တာကို အဆင့်မြှင့်တင် ပြုပြင်ဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု ဟင်္သာတမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနမှ AE ဦးတင်မြင့်အောင်က ဆိုသည်။ 

Most Read

Most Recent