ရခိုင်ပြည်နယ်မှ ခိုးဝင်လာသည့် ဘင်္ဂါလီ ခုနှစ်ဦးအား သုံးခွမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်မှ တရားမဝင် ခေါ်ဆောင်လာသူ နှစ်ဦးနှင့် ဘင်္ဂါလီများကို နေအိမ်ငှားရမ်းထားသူတို့အား သက်ဆိုင်ရာ မြို့မရဲစခန်းတွင် ထပ်မံ အမှုဖွင့်ထားပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် စုံစမ်းသိရသည်။“ရန်ကုန် အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ဘင်္ဂါလီတွေကို လက်ခံခေါ်ယူလာတဲ့ မောင်မောင်သန်းရယ်၊ ဒီရန်ကုန်ထိ ခေါ်လာတဲ့ ရခိုင်ကြီး ဆိုတဲ့သူပေါ့။ ပြီးတော့ တစ်လကို ငါးသောင်းနဲ့ အိမ်ငှားလက်ခံထားတဲ့ ကိုသိန်းဆောင်ပေါ့။ ဒီသုံးယောက်ကို အရေးယူပေးပါဆိုပြီး အမှုလာဖွင့်တာပါ” သုံးခွမြို့မ ရဲစခန်းက ရဲအရာရှိ တစ်ဦးက ဒီဇင်ဘာ ၁၃ ရက်က ဆိုသည်။အဆိုပါ ဖြစ်စဉ်မှ ဘင်္ဂါလီများအား လက်ခံခေါ်ယူလာသည်ဟုဆိုသည့် မောင်မောင်သန်းဆိုသူနှင့် ရခိုင်ကြီးဆိုသူတို့အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိပြီး အိမ်ငှားတင်ထားသည့် သိန်းဆောင်ကိုတော့ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကာ ၎င်းအား ဒီဇင်ဘာ ၁၄ ရက်တွင် ရုံးထုတ် ရမန်ယူကာ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၊ သူကြီးပတုတ်ကျေးရွာ၌ ဒီဇင်ဘာ ၁၀ ရက် ညနေ ၅ နာရီတွင် ဘင်္ဂါလီခုနစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သုံးခွမြို့နယ် လဝကဦးစီးမှူး၊ သုံးခွမြို့မ ရဲစခန်းမှ တာဝန်ရှိသူများနှင့် ပတုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ သွားရောက်စစ်ဆေးရာ သူကြီး ပတုတ်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဘင်္ဂါလီခုနစ်ဦးအား တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သိရသည်။ယင်းနောက် ဒီဇင်ဘာ ၁၁ ရက်တွင် ရဲတာဝန်ရှိသူများက ဘင်္ဂါလီများအား စစ်ဆေးရာ လွန်ခဲ့သည့် တစ်လခန့်က ရန်ကုန်တွင် နေထိုင်သည်ဟုဆိုသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စင်္ကြာရွာသား မောင်မောင်သန်းဆိုသူသည် ရောက်ရှိလာပြီး ရန်ကုန်မြို့တွင် အလုပ်အကိုင် ရှာဖွေပေးမည်၊ ၎င်းအတွက် အကျိုးဆောင်ခအဖြစ် တစ်ဦးလျင် ငွေကျပ် ၅၀၀၀၀၀ စီ ပေးဆောင်ရမည်ဟု ပြောသဖြင့် သဘောတူခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။ယင်းနောက် သုံးလေးရက် အကြာတွင် မောင်မောင်သန်းက ၎င်းတို့ထံသို့ ဖုန်းဖြင့် ဆက်သွယ်ကာ ရွာထဲသို့ ရောက်ရှိနေသည့် တက္ကစီယာဉ်ဖြင့် ပြည်မြို့သို့လိုက်ခဲ့ရန်ပြော၍ ၎င်းတို့မှာ လိုက်ပါလာခဲ့ကြောင်း၊ ပြည်မြို့သို့ ရောက်ရှိပြီးနောက် ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ မောင်မောင်သန်းဆိုသူ ပြောထားသည့်အတိုင်း Express ယာဉ်ဖြင့် ဆက်လက်လိုက်ပါခဲ့ရာ ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးဂိတ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ယင်းမှတစ်ဆင့် သုံးခွသို့သွားသည့် ယာဉ်လိုင်းဖြင့် ဆက်လက်လိုက်ပါခဲ့ရာ သုံးခွမြို့နယ် လိုင်းကားဂိတ်တွင် မောင်မောင်သန်းနှင့် ရခိုင်ကြီးဆိုသူတို့က ကြိုဆိုပြီးနောက် အဆိုပါနှစ်ဦးအား ဘင်္ဂါလီ ခုနစ်ဦးက တစ်ဦးလျှင် ငွေကျပ် ငါးသိန်းစီ ပေးခဲ့ရကြောင်း သိရသည်။ယင်းနောက် မောင်မောင်သန်းနှင့် ရခိုင်ကြီးတို့က သုံးခွမြို့နယ်၊ သူကြီးပတုတ်ကျေးရွာသို့ ခေါ်ဆောင်ကာ ဦးသိန်းဆောင်နေအိမ်တွင် တစ်လလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် ငှားရမ်းထားရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အဆိုပါ မောင်မောင်သန်း၊ ရခိုင်ကြီး၊ ဦးသိန်းဆောင်တို့အား သုံးခွမြို့မ ရဲစခန်းက ပြစ်မှုပုဒ်မ ၃၆၈/၃၇၀/၁၁၄ တို့ဖြင့် ဒီဇင်ဘာ ၁၂ ရက်တွင် အမှုဖွင့်ထားကြောင်း သိရသည်။“ဘင်္ဂါလီတွေကိုတော့ သုံးခွမြို့နယ် လဝကက လဝက အက်ဥပဒေနဲ့ အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီထဲမှ တစ်ဦးကတော့ အသက်ပြည့်မီတဲ့အတွက် လွန်ခဲ့တဲ့ သောကြာနေ့က တရားစွဲဆို ပြီးသွားပါပြီ။ ကျန်တဲ့ခြောက်ဦးက ဒီ စနေ၊ တနင်္ဂနွေမှာ သူတို့ကို အသက်ထောက်ခံချက် ရဖို့အတွက် ဆေးစစ်ချက်တွေကို သုံးခွမြို့နယ် ဆေးရုံက ယူနေပါတယ်။ ဆေးစစ်ချက် အထောက်အထားတွေ ရလို့ရှိရင်တော့ ဆက်လက် တရားစွဲဆို သွားမှာပါ” ဟု အဆိုပါ သုံးခွမြို့မ ရဲစခန်း ရဲအရာရှိက ဆက်လက်ပြောကြားသည်။
သုံးခွမြို့နယ်အတွင်း ဘင်္ဂါလီခုနစ်ဦး ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်မှ တရားမဝင် ခေါ်ဆောင်လာသူ နှစ်ဦးနှင့် နေအိမ်ငှားရမ်းထားသူတို့အား အမှုဖွင့်