စက်မှုဇုန်သစ်များ၊ စက်ရုံ အလုပ်ရုံများ တိုးလာခြင်း၊ လူဦးရေ တိုးလာခြင်းနှင့် လျှပ်စစ်ဓာတ်အား အသုံးပြုမှု မြင့်မားလာခြင်းကြောင့် နိုင်ငံတော်၏ ဓာတ်အား လိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးလာ

စက်မှုဇုန်သစ်များ၊ စက်ရုံ အလုပ်ရုံများ တိုးလာခြင်း၊ လူဦးရေ တိုးလာခြင်းနှင့် လျှပ်စစ်ဓာတ်အား အသုံးပြုမှု မြင့်မားလာခြင်းကြောင့် နိုင်ငံတော်၏ ဓာတ်အား လိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးလာ
Published 12 December 2015
နီလာ

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို အသုံးပြု လည်ပတ်ရသည့် စက်ရုံ အလုပ်ရုံများ၊ စက်မှုဇုန်သစ်များ တိုးလာခြင်း၊ လူဦးရေ တိုးတက်လာခြင်း၊ ဖွံ့ဖြိုးလာသည့် နည်းပညာများအရ လျှပ်စစ်ဓာတ်အားကို မြို့ရွာ ကျေးလက်ပါ မကျန် အသုံးပြုမှု မြင့်မားလာခြင်းတို့ကြောင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အပိုင်းတွင် ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၄- ၂၀၁၅ ခုနှစ်အထိ တည်ဆောက် ပြီးစီးခဲ့သော ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ကိုးရုံမှ စက်တပ်ဆင် အင်အား ၆၂၆ မဂ္ဂါဝပ်နှင့် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၀ ရုံမှ စက်တပ်ဆင် အင်အား ၈၇၇ ဒသမ ၄၉၄ မဂ္ဂါဝပ်တို့ကို တိုးချဲ့ တပ်ဆင်ခဲ့ရာ စုစုပေါင်း စက်တပ်ဆင် အင်အား ၁၅၇၇ ဒသမ ၄၉၄ မဂ္ဂါဝပ် တိုးတက်လာခဲ့ကြောင်း သိရသည်။
အလားတူ ဓာတ်အားပို့လွှတ်ရေး အပိုင်းတွင် ဓာတ်အားပို့လွှတ်ရေး လိုင်းစုစုပေါင်း ၁၃၅၄ ဒသမ ၉၃ မိုင်နှင့် ဓာတ်အားခွဲရုံ တပ်ဆင် အင်အား ၁၄၅၄ အမ်ဗွီအေကို တိုးချဲ့တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ထို့ပြင် ဓာတ်အားဖြန့်ဖြူးရေး အပိုင်းတွင်လည်း မြို့ပေါင်း ၃၉၈ မြို့၊ ရွာပေါင်း ၂၉၃၀၄ ရွာနှင့် အိမ်ထောင်စုပေါင်း ၃ ဒသမ ၅ သန်းမှာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ကီလိုဝပ် နာရီသန်းပေါင်း ၁၁၄၀၆ ဒသမ ၇၆ နှင့် တစ်ဦးချင်း သုံးစွဲမှု ပမာဏမှာ တစ်နှစ်လျှင် ၂၂၂  ကီလိုဝပ် နာရီအထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်မီးသုံးစွဲမှု အခြေအနေကို လေ့လာကြည့်ပါက လက်ရှိအချိန်၌ ရေအားလျှပ်စစ် စီမံကိန်းများနှင့် သဘာ၀ ဓာတ်ငွေ့မှ အမှန်တကယ် ဓာတ်အား  ထုတ်ယူသုံးစွဲနိုင်မှုမှာ မဂ္ဂါဝပ် ၃၀၀၀ ကျော် ရှိနေကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။
“ခုချိန်မှာ ရေအားနဲ့ သဘာ၀ ဓာတ်ငွေ့ကနေ ဓာတ်အားထုတ်ယူ သုံးစွဲနိုင်မှုက မဂ္ဂါဝပ်  ၃၀၀၀ ကျော်ပဲ ရှိသေးတယ်။ ရေအားလျှပ်စစ် စီမံကိန်းတွေရဲ့ စက်တပ်ဆင် အင်အား၊ စံနှုန်းတွေ အရဆိုရင် မဂ္ဂါဝပ် ၄၀၀၀ ကျော် ထွက်မှာပါ။ ဒါတွေက အပြည့်အ၀ မလည်ပတ်နိုင်သေးပါဘူး။ ဒါကြောင့် လက်ရှိ သုံးစွဲနေမှု လုံလောက်ဖို့ ဆိုရင် မဂ္ဂါဝပ် ၅၀၀ လောက် လိုနေပါသေးတယ်” ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အလားတူ နိုင်ငံတော် ဓာတ်အားအတွက် National Grid မှ ပေးနိုင်မှုမှာ ၃၃ ရာခိုင်နှုန်းခန့်သာ ရှိသေးပြီး မကြာမီ ကာလအတွင်း ရာခိုင်နှုန်း ၅၀ အထိ တိုးမြှင့်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဓာတ်အား လိုအပ်ချက်သည် နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ တိုးတက်လျက် ရှိနေပြီး ကျေးလက် ဒေသများသို့ တိုးချဲ့ဓာတ်အား ပေးနိုင်ရေး အတွက်လည်း ထပ်မံ လိုအပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent