ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ ဓားဖြင့် တိုက်ခိုက်ခံရသည့်အမှုမှ တရားလိုပြ သက်သေများအား သာကေတမြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၁၀ ရက်က လေးကြိမ်မြောက် ရုံးချိန်းအဖြစ် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုဖြစ်စဉ်နှင့် ကျူးလွန်ခံရသူများဖက်မှ သာကေတမြို့နယ် တရားရုံးတွင် တရားလိုပြသက်သေ ၂၀ ခန့် တင်သွင်းထားပြီး ယနေ့ရုံးချိန်းတွင် အဆိုပါ သက်သေများအနက် ယင်းအမှု ဖြစ်ပွားစဉ်က ရဲစခန်းတွင် စတင်အမှုဖွင့် တိုင်ကြားခဲ့သော သာကေတမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဒေါ်ချိုချိုအား မြို့နယ်တရားသူကြီးမှ စစ်ဆေးခဲ့သည်။
ဒေါ်ချိုချို၏ ထွက်ဆိုချက်များတွင် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင် ဦးကျော်သူ၊ မသန္တာတို့အား အမည်မသိ အမျိုးသားသုံးဦးက ဓားဖြင့်ဝင်ခုတ်ကြောင်း ဖုန်းဆက်သတင်း ပေးလာခဲ့ကြောင်း၊ အခင်းဖြစ်ပွားခဲ့စဉ်က မျက်မြင်သက်သေ တစ်ဦးဖြစ်သော NLD ပါတီရပ်ကျေးဥက္ကဋ္ဌ ကိုသန်းမျိုးဝင်းအား ရဲစခန်းသို့ တစ်ပါတည်း ခေါ်ဆောင်ပြီး တာဝန်ရှိသူတစ်ဦး အနေဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ဒေါ်ချိုချိုအား စစ်ဆေးပြီးနောက် အမှုစစ် မြို့နယ်တရားသူကြီးက တရားစွဲဆိုခံ ကိုဇော်လတ် (ခ) အောင်ဇော်လတ်၊ ကိုထက်ကို (ခ) ထက်အောင်လှိုင်နှင့် ကိုမျိုးမင်းခိုင်တို့ သုံးဦးအား ဒေါ်ချိုချို၏ ထွက်ဆိုချက်များနှင့် ပတ်သက်ပြီး မေးမြန်းစရာ ရှိသလား ဟုဆိုရာ ကိုဇော်လတ် (ခ) အောင်ဇော်လတ်က “ကျွန်တော့်ကို ဝိုင်းထိုးပါသည်” ဟု ပြောကြားသည်။ ယင်းနောက် အမှုစစ်မြို့နယ် တရားသူကြီးက မေးစရာ ရှိမရှိ မေးမြန်းတာ ဖြစ်ကြောင်း ပြောရာ ကိုဇော်လတ် (ခ) အောင်ဇော်လတ်က “မေးစရာမရှိပါ” ဟု ပြောကြားခဲ့သည်။
ထို့နောက် အမှုအား ငါးကြိမ်မြောက် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၄ ရက်၊ နံနက် ၁၀ နာရီသို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ၎င်းရုံးချိန်းတွင် တရားလို တစ်ဦးအား ထပ်မံစစ်ဆေးမည် ဖြစ်ကြောင်း သာကေတမြို့နယ် NLD ပါတီဘက်မှ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။
ကိုဇော်လတ် (ခ) အောင်ဇော်လတ်၊ ကိုထက်ကို (ခ) ထက်အောင်လှိုင်နှင့် ကိုမျိုးမင်းခိုင်တို့ သုံးဦးအား သာကေတမြို့နယ် တရားရုံးတွင် ပုဒ်မ ၃၂၆/၃၂၃/၂၉၄ တို့ဖြင့် တရားစွဲဆိုထားပြီး ကိုဇော်လတ် (ခ) အောင်ဇော်လတ်ကိုမှု လက်နက်ဥပဒေ ပုဒ်မ ၁၉ (င) ထပ်တိုး တရားစွဲထားကြောင်း အမှုစစ် မြို့နယ်တရားသူကြီးထံမှ သိရသည်။
NLD ပါတီဝင် ဦးနိုင်ငံလင်းသည် လက်ရှိတွင် နေပြည်တော်၊ ဒက္ခိဏသိရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု၍ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မဲဆန္ဒနယ်၊ တိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) တွင် အနိုင်ရရှိ ထားသူလည်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ ဓားဖြင့်တိုက်ခိုက် ခံရသည့်အမှုမှ တရားလိုပြ သက်သေများအား သာကေတမြို့နယ် တရားရုံးတွင် စတင်စစ်ဆေး















