ရွေးကောက်ပွဲ အနိုင်ရပါတီအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူများနှင့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် Myanmar Peace Center မှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၃ ရက် ဝန်းကျင်တွင် နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်က NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့၏တွေ့ ဆုံဆွေးနွေးမှုအပြီးတွင် ယခုကဲ့သို့ NLD တာဝန်ရှိသူများနှင့် Myanmar Peace Center တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရန် ဖြစ်လာခြင်းဖြစ်ကြောင်း Myanmar Peace Center မှ ဦးညိုအုန်းမြင့်က ပြောကြားသည်။NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က “ကျွန်တော်တို့ဆီက ဦးဉာဏ်ဝင်းနဲ့ ဦးထွန်းထွန်းဟိန်သွားမယ်။ သွားတဲ့အခါမှာ ဦးအောင်မင်းက သူတို့ MPC ရဲ့ လုပ်ငန်းတွေကို ရှင်းပြလိမ့်မယ်။ နောက်ပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လိုလုပ်ထားတယ်ဆိုတာ ပြောလိမ့်မယ်” ဟု ပြောကြားသည်။ဦးညိုအုန်းမြင့်က “ NLD ပါတီရဲ့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ဦးအောင်မင်းနဲ့ တွေ့ဆုံတဲ့အချိန်မှာ ဒီငြိမ်းချမ်းရေးကိစ္စတွေ ဆက်ပြီးတော့ NLD ပါတီ အနေနဲ့ဆက်ပြီးတော့ ဆောင်ရွက်ဖို့ တွေ့ဆုံမယ်ဆိုပြီး ပြောပါတယ်။ NLD ကတော့ ရွေးကောက်ပွဲ အနိုင်ရတဲ့ပါတီ အစိုးရဖြစ်လာမယ့် ပါတီဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဆောင်ရွက်တဲ့ဟာတွေကို ဦးအောင်မင်းဦးဆောင်တဲ့ MPC နဲ့တွေ့ဆုံဖို့ ဟာကို သူတို့တွေ့မှာဖြစ်ပါတယ်။ အခြားအဖွဲ့တွေ မပါပါဘူးခင်ဗျ။ MPC ရဲ့လုပ်ငန်းတွေကို ကျွန်တော်တို့ဘက်က သက်ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတို့ နောက်တစ်ခါ နိုင်ငံရေးမူဘောင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးတို့ MPC ရဲ့ လုပ်ငန်းသဘာဝတို့ အဲဒါတွေလည်း သူတို့ကို ကျွန်တော်တို့က တင်ပြမှာပါ” ဟု ပြောကြားသည်။ အဆိုပါတွေ့ဆုံမှုကို နေပြည်တော်၌ ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမတိုင်မီ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်မင်းတို့ နေပြည်တော်၌ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဦးအောင်မင်းနှင့် တိုင်တိုင် ပင်ပင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ အစိုးရသစ် လက်ထက်တွင် My- anmar Peace Center ဆက်လက်တည်ရှိရေး အတွက်လည်း ဆန္ဒရှိကြောင်း စသည်တို့ကို ပြောကြားခဲ့သည်ဟု ဝန်ကြီးဦးအောင်မင်းက ၎င်းတို့အား ပြန်လည်ရှင်းပြချက်အရ သိရသည်ဟု ဦးညိုအုန်းမြင့်က ပြောကြားသည်။ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဖွဲ့စည်းမှုကို ပြန်သုံးသပ်ပြီး ညှိနှိုင်းဆောင်ရွက်သွားရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်မင်းအား ပြောကြားခဲ့သည်ဟု ၎င်းက ပြောကြားသည်။ UPDJC ကိုအစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းထားရာ နိုင်ငံရေး ပါတီအစုအဖွဲ့ကိစ္စနှင့် ပတ်သက်ပြီးပြန် လည်သုံးသပ်ရမည့် ကိစ္စဖြစ်သည်ဟု ဦးဝင်းထိန်က ဆိုသည်။“ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးပါတီတွေရဲ့ ဖွဲ့စည်းပုံက ကျွန်တော်တို့ ရာခိုင်နှုန်း ၈၀ နိုင်တဲ့ပါတီနဲ့ တစ်ယောက်မှ မနိုင်တဲ့ပါတီနဲ့ အတူတူထားတယ်ဆိုတာ သဘာဝမှ မကျတာ။ အဲဒါက သဘောမတူဘူးလို့ နဂိုကတည်းက ပြောပြီးသား။ နိုင်ငံရေးပါတီတွေ အကုန်လုံး သီးသန့် ညှိနှိုင်းကြလိမ့်မယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပါတီနိုင်ငံရေး ကစားကွင်းအဖြစ် ကျွန်တော်တို့လက်မခံဘူး။ ဘာကြောင့်လဲဆိုရင် ကြည့်ရတဲ့ပုံစံက ပါတီနိုင်ငံရေး ကစားမယ့် လက္ခဏာတွေ့နေရတယ်။ ဘာကြောင့် လဲဆိုရင် ရွေးကောက်ပွဲမှာ တစ်ယောက်မှမနိုင်တဲ့ ပါတီတွေကို ထည့်ထားတာကိုး။ အဲဒီလို အခြေအနေမျိုးဆိုရင် ညှိရနှိုင်းရ ဆွေးနွေးရမှာလေ။ ကြာမှာပေါ့။ နှစ်ပေါင်းများ စွာဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ နေ့ချင်းညချင်း ပြီးသွားမှာ မဟုတ်ဘူး။ ကြာမယ်ဆိုတာ သိပါတယ်။ စိတ်ရှည်ရမယ်ဆိုတာလည်း ကျွန်တော်တို့သိပါတယ်” ဟု ဦးဝင်းထိန်က ပြောကြားသည်။
ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် NLD တို့ နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးမည်















