ပြန်ကြားရေးဝန်ကြီးဌာနက The Daily Eleven နှင့် Weekly Eleven တို့မှ ထုတ်ဝေသူအပါအဝင် ငါးဦးကို ပုဒ်မ ၅၀၀ ဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသောအမှုအား တရားရုံးပြောင်း စစ်ဆေးပေးရန် ဒက္ခိဏခရိုင်တရားရုံးတွင် အပြီးသတ် လျှောက်လဲချက်ပေးခဲ့မှုအား ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပယ်ချခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိတရားရုံးတွင် စစ်ဆေးနေသည့် ယခုအမှုနှင့်ပတ်သက်၍ ရုံးပြောင်းပေးသင့်ကြောင်း အချက်လေးချက် ထည့်သွင်း၍ ဒီဇင်ဘာလ ၃ ရက်နေ့က အပြီးသတ် လျှောက်လဲချက်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ရုံးပြောင်း လျှောက်ထားမှုကို ပယ်ချကြောင်း ဒက္ခိဏခရိုင်တရားသူကြီး ဦးဝင်းကြွေက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အမိန့်ချခဲ့ခြင်း ဖြစ်သည်။
“ခရိုင်တရားသူကြီးက အခုအမှုဟာ စွဲချက် တင်သင့်၊ မတင်သင့် ဆုံးဖြတ်ရမယ့်အဆင့် ရောက်နေတဲ့အဆင့်ဖြစ်လို့ ရုံးပြောင်း လျှောက်ထားတာကို ပယ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရားစွဲဆိုခံရသူတွေအနေနဲ့ မိမိအမှုကို ကိုင်တွယ်စစ်ဆေးနေတဲ့ တရားသူကြီးဟာ တရားမျှတမှုမရှိဘူး၊ မတရားသဖြင့် စီရင်နိုင်တယ်လို့ စိတ်ထဲမှာ စိုးရိမ်သောက ပူပန်မှုရှိနေတယ်ဆိုရင် အမှုစစ်ဆေးတာဟာ ဘယ်အဆင့်ဖြစ်နေဖြစ်နေ စွပ်စွဲခံရသူရဲ့ အခွင့်အရေးအဖြစ် ရုံးပြောင်းပေးနိုင်တယ်လို့ စီရင်ထုံးတွေမှာ ရှိပြီးသားဖြစ်ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ညို က ပြောပါသည်။
“ရာဇဝတ်တရားသူကြီး အပြုအမူနှင့် အပြောအဆိုတို့သည် မှန်ကန်မျှတသော တရားစီရင်ရေးကို ထိခိုက်ပေလိမ့်မည်ဟု တရားခံ၏ စိတ်တွင် စိုးရိမ်ကြောင့်ကြမှုကို ဖြစ်ပေါ်နေပါက အမှုကို ရုံးပြောင်းပေးသင့်သည်” ဟု (မောင်ကျော်အေးနှင့် နိုင်ငံတော်၊ ၁၉၅၉၊ လွှတ်တော်၊ စာ-၁၁၄) ၌ ထုံးဖွဲ့လမ်းညွှန်ထားကြောင်း၊ “တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံသာမက ထိုသို့ အမှန်တရားကို စီရင်ကြောင်း အများမြင်စေရာသည်” ဟူသော “ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် မောင်ရွှေ(ခ)၊ မောင်ရှည်၊ ၁၉၆၆ ခုနှစ်၊ မတစ၊ ရုံးချုပ်၊ စာ-၆၁၆” လည်း ညီညွတ်မျှတမည်ဟု ယုံကြည်ကြောင်း စသည့်အချက်များကို တရားရုံးပြောင်းပေးရန် အပြီးသတ်လျှောက်လဲချက်ပေးရာ၌ ထည့်သွင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့ပြင် ရုံးပြောင်းလျှောက်ထားရာတွင် “အဓိက စဉ်းစားရန်အချက်”မှာ “တရားစီရင်ရေးအဖွဲ့ဝင်များသည် အမှုကို မလွဲမသွေ ဘက်လိုက်ဆုံးဖြတ်လိမ့်မည်ဟူသောအချက် မဟုတ်ပေ။ လျှောက်ထားသူ၏ စိတ်ဝယ် တရားသူကြီးအဖွဲ့များသည် အမှုကို ဘက်လိုက်ဆုံးဖြတ်ပေးမည်ဟု သံသယဖြစ်ပေါ်စေနိုင်သောအချက် ရှိ၊ မရှိ ဖြစ်သည်” ဟု (ဦးအောင်ထွန်းနှင့် ပထစ၊ ၁၉၈၀၊ မတစ၊ ဗဟိုတရားရုံး၊ စာ-၅၆) တွင် စီရင်ထုံးဖြင့် လမ်းညွှန်ထားကြောင်းလည်း သိရပါသည်။
ယခုအမှုမှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး အမှုအား ပုဗ္ဗသီရိမြို့နယ် တရားသူကြီး ဦးခင်ဝင်းက လက်ခံစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ပုဗ္ဗသီရိမြို့နယ်တရားသူကြီး ဦးခင်ဝင်းအနေဖြင့် ယခုအမှုအား လက်ခံကြားနာစစ်ဆေးရာတွင် ပြုမူလုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်၍ စွပ်စွဲခံရသူများဘက်မှ သုံးကြိမ်တိုင် ကန့်ကွက်တင်ပြ အသိပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် “အမှုအား ဖိအားပေးစစ်ဆေးခြင်းမျိုးမပြုဘဲ လွတ်လပ်မျှတစွာ ပုံမှန်အတိုင်း စစ်ဆေးပေးပါရန် ကန့်ကွက်တင်ပြခြင်း” ဟူသော အကြောင်းအရာဖြင့် ပုဗ္ဗသီရိမြို့နယ် တရားသူကြီးထံ ကန့်ကွက်စာပေးပို့ခဲ့သည်။
အဆိုပါစာအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဇမ္ဗူသီရိခရိုင် တရားသူကြီးအပါအဝင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်တရားစီရင်ရေး ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌထံ မိတ္တူများ ပေးပို့ခဲ့ပြီးဖြစ်သည်။ အဆိုပါ ကန့်ကွက်စာတွင် “၃၀.၁၂.၂၀၁၄ နေ့ ရုံးချိန်းတွင် လူကြီးမင်းက အမှုအား နှစ်ရက်ဆက်တိုက် စစ်မည်ဟူ၍ လည်းကောင်း၊ အမှုစစ်ဆေးရာတွင် သတ်မှတ်ချိန် အပိုင်းအခြားအလိုက် မဟုတ်ဘဲ တစ်နေ့လုံး စစ်ဆေးမည်ဆိုပါက စစ်ဆေးနိုင်ကြောင်း၊ မိမိလုပ်ပိုင်ခွင့်အတွင်း ရှိကြောင်း စသည်ဖြင့် ပြောကြားချက်များသည် မိမိတို့ကို ဖိအားပေးရာ ရောက်နေပါသည်” ဟု လည်းကောင်း၊ “မိမိတို့ တရားစွဲဆိုခံထားရသောအမှုသည် ပုဒ်မ ၅၀၀ ဖြစ်ပြီး ယခုကဲ့သို့ အလျင်အမြန် စစ်ဆေးရန် လိုအပ်သောအမှုမျိုးဟု မိမိတို့မယူဆပါ။ ထို့အတူ အခြားတရားရုံးများတွင်လည်း ပုဒ်မ ၅၀၀ ကဲ့သို့သော အမှုမျိုးအား နှစ်ပတ်လျှင် တစ်ကြိမ်သာ ပုံမှန်စစ်ဆေးလေ့ ရှိပါသည်” ဟူ၍ လည်းကောင်း၊ “လူကြီးမင်း၏ ပြုမူပြောဆိုမှုနှင့် လုပ်ဆောင်မှုအချို့သည် တရားစီရင်ရေးစနစ်အပေါ် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေကာ ဥပဒေကို အသုံးပြုုခြိမ်းခြောက်ခြင်း၊ မမျှမတ လုပ်ဆောင်ခြင်း၊ ဖိအားပေးခြင်းများ ရှိနေသည်ဟု တရားစီရင်ရေးအပေါ် လွဲမှားစွာ ထင်မြင်ယူဆသွားနိုင်ပါကြောင်း”၊ “ယခု စွဲဆိုခံထားရသောအမှုအတွက် နေပြည်တော်သို့ ရန်ကုန်မြို့မှ အမှုလာရောက်ရင်ဆိုင်ရသူများတွင် အသက် ၆၇ နှစ်ကျော်အရွယ်အထိ ပါဝင်သလို ကျန်းမာရေးမကောင်းသူများ ပါဝင်နေပြီး အကျိုးဆောင်ရှေ့နေများတွင်လည်း သက်ကြီးဥပဒေပညာရှင်များ ပါဝင်နေကြောင်း”၊ “ယခုကဲ့သို့ လုပ်ဆောင်မည်ဆိုပါက ရန်ကုန်မြို့မှ နေပြည်တော်သို့ ရုံးချိန်းတိုင်း လာရောက်ရသည့် စွပ်စွဲခံရသူများအတွက် အမှုသည်နှင့် အကျိုးဆောင်များအကြား အမှုအကြောင်း ဆွေးနွေးရန် လုံလောက်သောအချိန် မရရှိသလို အမှုအား မြန်မြန်စစ်ဆေးရန် ဖိအားပေးရာ ရောက်နေပါသဖြင့် ဖိအားပေးစစ်ဆေးခြင်းမျိုး မပြုဘဲ လွတ်လပ်မျှတစွာ ပုံမှန်အတိုင်း စစ်ဆေးပေးပါရန် ကန့်ကွက်တင်ပြအပ်ပါသည်” ဟူ၍ လည်းကောင်း၊ အဆိုပါ ကန့်ကွက်စာတွင် ထည့်သွင်းရေးသားခဲ့သည်။
သို့သော် ပုဗ္ဗသီရိမြို့နယ် တရားသူကြီး ဦးခင်ဝင်းအနေဖြင့် အမှုစစ်ဆေးရာတွင် စွပ်စွဲခံရသူများအား တစ်ဖက်သတ် ဟန့်တားခြင်း၊ ငေါက်ငမ်းဆက်ဆံခဲ့မှုများ ထပ်မံပြုလုပ်ခဲ့သဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကန့်ကွက်စာ ထပ်မံပေးပို့ခဲ့ပါသည်။ အဆိုပါစာတွင် “၁၃.၁.၂၀၁၅ နေ့ ရုံးချိန်းတွင် တရားလိုအားစွပ်စွဲခံရသူများ၊ အကျိုးဆောင်က ပြန်လှန်မေးခွန်းများ မေးပြီးသည့်နောက်တွင် ရုံးချိန်းကိစ္စ ဆွေးနွေးရာ၌ တရားလိုအား လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ပြုပြီး ကျွန်တော်က ဆွေးနွေးသည့်အခါ ဆက်လက်ဆွေးနွေးခြင်း မပြုနိုင်ရန် အတင်းအကျပ် ဟန့်တားခြင်း ပြုခဲ့ပါသည်”ဟူ၍ လည်းကောင်း၊ “ထိုသို့ပြုလုပ်ခြင်းကြောင့် စွပ်စွဲခံရသူ တစ်ဦးဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်က တရားလိုဖြစ်သူအား လွတ်လပ်စွာ ပြောဆိုခွင့်ပြုပြီး စွပ်စွဲခံရသူများ ပြောဆိုသည့်အခါ ဟန့်တားသည့်အပေါ် ပြောဆိုရာ လူကြီးမင်းက ဆက်လက်ပြောဆိုခြင်း မပြုရန် ဒေါက်တာသန်းထွဋ်အောင်အား ငေါက်ငမ်းပြောဆို တားမြစ်ခဲ့သည်” “လူကြီးမင်းသည် ရုံးချိန်းကိစ္စ ဆွေးနွေးရာတွင် ဥပဒေအကျိုးဆောင်ရှိသော တရားလိုအား လွတ်လပ်စွာ အခွင့်အရေးပေး ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး ကျွန်တော်တို့အပေါ် အမိန့်အာဏာပြ၊ ဟန့်တား၊ ငေါက်ငမ်းတားမြစ်မှုများ တဖက်သတ် ပြုလုပ်ခဲ့သည်မှာ ထင်ရှားလှပါသည်”၊ “ကျွန်တော်တို့၏ အကျိုးဆောင်များသည် အတွေ့အကြုံရှိ အသက်အရွယ်ကြီးရင့်သော ဂုဏ်သိက္ခာရှိသည့် တရားလွှတ်တော်ရှေ့နေများ ဖြစ်ပါသည်။ ၎င်းတို့အပေါ်ကိုလည်း လူကြီးမင်းက အပြန်အလှန်လေးစားမှုမရှိဘဲ မယဉ်ကျေးစွာ ဆက်ဆံခဲ့မှုများကိုလည်း တွေ့ရှိခဲ့ရပါသည်” ဟူ၍ အဆိုပါ ကန့်ကွက်စာတွင် ထည့်သွင်းရေးသားခဲ့သည်။
ယင်းကဲ့သို့ ကန့်ကွက်စာ တင်ပြခဲ့မှုများနှင့် ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်ဖြင့် ထိုစဉ်က ဒက္ခိဏခရိုင်တရားသူကြီး ဦးအေးလွင်က ခေါ်ယူညှိနှိုင်းပေးခဲ့ရမှုလည်း ပေါ်ပေါက်ခဲ့ပါသည်။
နောက်ပိုင်းတွင် တရားရုံးကင်းလွတ်ခွင့် ရရှိခဲ့သူ ဒေါက်တာသန်းထွဋ်အောင် ( CEO. Eleven Media Group ) အား တရားရုံးရှေ့လာရောက်ရန် အကြိမ်ကြိမ် ခေါ်ယူခဲ့မှုအတွက် တိုင်ကြားစာ ထပ်မံပေးပို့ခဲ့ရပါသည်။ အဆိုပါစာတွင် “အသက်အန္တရာယ် လုပ်ကြံခံခဲ့ရမှုအခြေအနေ အပါအဝင် လတ်တလောအနေအထားများအရ တရားရုံးသို့ မလာရောက်နိုင်သေးခြင်းအပေါ် အသိပေး ခွင့်တိုင်ကြားခြင်းကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက် နေ့စွဲဖြင့် ပုဗ္ဗသီရိမြို့နယ် တရားသူကြီးထံ ပေးပို့ခဲ့ပါသည်။ ထို့အပြင် ရုံးချိန်းတရားခွင်များတွင် မိမိ၏ကိုယ်စား အကျိုးဆောင်ရှေ့နေမှတစ်ဆင့်လည်း မေတ္တာရပ်ခံ တင်ပြခဲ့ခြင်းများကို ဥပဒေနှင့်အညီ အဆင့်ဆင့် လုပ်ဆောင်ခဲ့ပါသည်”
“သို့သော် ပုဗ္ဗသီရိတရားသူကြီး ဦးခင်ဝင်းအနေဖြင့် အထက်ပါအခြေအနေများအားလုံးကို အပြန်အလှန် ညှိနှိုင်းခြင်းမပြုဘဲ လျစ်လျူရှုကာ ဥပဒေအသုံးပြု၍ ခြိမ်းခြောက်အကျပ်ကိုင်သည့်သဘော ထပ်မံပြုလုပ်ခဲ့ပါသည်။ မိမိအား အာမခံပေးထားသော ပုဂ္ဂိုလ်များထံ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက် နေ့စွဲဖြင့် သမ္မာန်စာဆင့်ဆိုကာ အောက်တိုဘာ ၁ ရက်နေ့တွင် တရားရုံးသို့ အကြောင်းပြလျှောက်ထားရန် သမ္မာန်စာ ဆင့်ဆိုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မိမိ တရားရုံးသို့ လာရောက်ခြင်းမရှိသည့်အပေါ် အာမခံထားသူများအနေဖြင့် အာမခံငွေကျပ် ၁၀ သိန်းပေးဆောင်ရန်ဟူသည့်သဘော ခြိမ်းခြောက်ထားသည်ကို တွေ့ရပါသည်”
“မိမိတို့အနေဖြင့် တရားစွဲဆိုခံထားရသောအမှုမှာ ပုဒ်မ ၅၀၀ သာဖြစ်ပြီး နိုင်ငံတော်ပုန်ကန်မှု၊ လူသတ်မှုကဲ့သို့ ကြီးမားသည့် မှုခင်းဖြစ်စဉ်မျိုးလည်း မဟုတ်ပါ။ အမှုရုံးချိန်း စတင်ခဲ့သည့် ၁၀.၁၀.၂၀၁၄ နောက်ပိုင်းမှစ၍ အမှုစစ်ဆေးစဉ် ကာလတစ်လျှောက် သတ်မှတ်ရုံးချိန်းများအတိုင်း သွားရောက်ခဲ့သည့် မှတ်တမ်းများရှိပြီး ဖြစ်ပါသည်။ နောက်ပိုင်းတွင် ခရီးဝေးသွားရန် ခက်ခဲသော ရောဂါဝေဒနာခံစားရခြင်း(လူကြီးမင်းကိုယ်တိုင် တရားရုံးကင်းလွတ်ခွင့်ပြုခဲ့သော လျှောက်ထားလွှာတွင် အချက်အလက် ပြည့်ပြည့်စုံစုံ ပါရှိပြီးဖြစ်ပါသည်။)
သတ်မှတ်ရုံးချိန်းများအတိုင်း သွားရောက်ခဲ့သည့် မှတ်တမ်းများရှိပြီး ဖြစ်ပါသည်။ နောက်ပိုင်းတွင် ခရီးဝေးသွားရန် ခက်ခဲသော ရောဂါဝေဒနာခံစားရခြင်း(လူကြီးမင်း ကိုယ်တိုင် တရားရုံး ကင်းလွတ်ခွင့်ပြုခဲ့သော လျှောက်ထားလွှာတွင် အချက်အလက် ပြည့်ပြည့်စုံစုံ ပါရှိပြီးဖြစ်ပါသည်။)
၁၄.၇.၂၀၁၅ နေ့တွင် ရန်ကုန်မြို့လယ် လူမြင်ကွင်း၌ အနီးကပ်တိုက်ခိုက်ခံရခြင်းကဲ့သို့သော အသက်အန္တရာယ်အား လုပ်ကြံခံရမှုတို့ကို တွေ့ကြုံရင်ဆိုင်ခဲ့ရခြင်းကြောင့်သာ လတ်တလောအခြေအနေများအရ တရားရုံးသို့ အမှုစစ်ဆေးမှု တစ်စုံတစ်ရာ ထိခိုက်စေမှုမရှိဘဲ ဥပဒေအတိုင်း ခွင့်တိုင်ကြားခြင်း၊ ကင်းလွတ်ခွင့် လျှောက်ထားရယူခဲ့ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အမှုအတွက် မဖြစ်မနေလိုအပ်သည့် အချိန်မျိုးတွင် မိမိ၏ ကျန်းမာရေးအခြေအနေနှင့် မိမိ၏ အသက်အန္တရာယ် လုံခြုံရေးအခြေအနေများအတွက် စိတ်ချရသည့် အနေအထားမျိုး၌ သတ်မှတ်တရားရုံးချိန်းများသို့ သွားရောက်မည် ဖြစ်ပါသည်”ဟူ၍ ယခုအမှု၏ စွပ်စွဲခံရသူအမှတ်စဉ်(၁) ဒေါက်တာသန်းထွဋ်အောင် (CEO. Eleven Media Group) ကိုယ်တိုင် လက်မှတ်ရေးထိုး၍ တိုင်ကြားစာပေးပို့ခဲ့ပြီးဖြစ်သည်။
အထက်ပါကဲ့သို့သော အမှုစစ်ဆေးစဉ် စွပ်စွဲခံရသူများအား ပုဗ္ဗသီရိမြို့နယ် တရားသူကြီး ဦးခင်ဝင်း၏ ပြုမူပြောဆို လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ကန့်ကွက်စာ၊ တိုင်ကြားစာများ ပေးပို့ခဲ့ပြီးနောက် အမှုစစ်ဆေးမှုနှင့် ပတ်သက်၍ မူလရုံးတော်၌ ဆက်လက် စစ်ဆေးစီရင်မည်ဆိုပါက အမှန်တရားမရနိုင်ဟု စိုးရိမ်ပူပန်သောကြောင့် ရုံးပြောင်းပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းကဲ့သို့ လျှောက်ထားမှုအပေါ် ဒက္ခိဏခရိုင်တရားသူကြီး ဦးဝင်းကြွေက ပယ်ချခဲ့ခြင်းဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက တရားလိုပြုလုပ်ကာ The Daily Eleven သတင်းစာနှင့် Weekly Eleven News Journal တို့မှ ထုတ်ဝေသူ အပါအဝင် ငါးဦးအား တရားစွဲဆိုထားခြင်းဖြစ်သည်။ အဆိုပါအမှု၏ ပထမဆုံးရုံးချိန်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိတရားရုံးတွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာနက The Daily Eleven နှင့် Weekly Eleven တို့မှ ထုတ်ဝေသူအပါအဝင် ငါးဦးအား ပုဒ်မ ၅၀၀ ဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသောအမှုကို တရားရုံးပြောင်း စစ်ဆေးပေးရန် လျှောက်ထားမှု ပယ်ချခံရ















