မုန်တိုင်းကြားမှ ပြည်သူများ

မုန်တိုင်းကြားမှ ပြည်သူများ
Published 8 December 2015
မောင်ကြွယ်စိုး

နိုဝင်ဘာ ၃၀ ရက်ကစပြီး ပြင်သစ်နိုင်ငံမှာ ကမ္ဘာ့ခေါင်းဆောင် ၁၅၀ တက်ရောက်ခဲ့တဲ့ ရာသီဥတုဆိုင်ရာ ညီလာခံ ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၅ ရက်မှာ သဘောတူညီချက် မူကြမ်းကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ သဘောတူညီချက်မှာ ရုပ်ကြွင်း လောင်စာပေါ်မှာ မှီခိုနေရတဲ့ အဖြစ်က ရုန်းထွက်ဖို့၊ အပူချိန်ကို အန္တရာယ် ရှိစေလောက်အောင် မြင့်တက်စေတဲ့ ရေနံ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေ မီးရှို့မှုက ထွက်ပေါ်လာတဲ့ ဖန်လုံ အာနိသင် ဖြစ်စေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး ဖြစ်ပါတယ်။
ရာသီဥတု ပူနွေးလာမှုကြောင့် ကျွန်းတွေ၊ လူသူထူထပ်တဲ့ ကမ်းရိုးတန်း ဒေသတွေကို ကွယ်ပျောက် သွားစေမယ့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှုတွေ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားတွေ အတွက် ကပ်ဆိုးတစ်ခုဖြစ်တဲ့ မုန်တိုင်းတွေ၊ မိုးခေါင် ရေရှားမှုတွေ ဖြစ်လာနိုင်ကြောင်း သိပ္ပံပညာရှင်တွေက သတိပေးထားပြီး ဖြစ်ပါတယ်။ ပါရီ သဘောတူညီချက်မှာ လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့က အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားနေကြဆဲ ဖြစ်ပါတယ်။ နိုင်ငံခေါင်းဆောင်တွေက ၂၀၂၀ ပြည့်နှစ်ကစပြီး ဖန်လုံအိမ် အာနိသင် ဖြစ်ပေါ်စေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး ရှိတယ်လို့ ဆွေးနွေးပွဲမှာ တင်သွင်းခဲ့ပေမယ့် သိပ္ပံပညာရှင် တွေကတော့ ကမ္ဘာကြီး ပူနွေးလာမှုကို စက်မှု တော်လှန်ရေး ကာလ မတိုင်ခင်ကထက် နှစ် ဒီဂရီစင်တီဂရိတ် (၃ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်) ထက် မကျော်ရေးပါပဲ။
ရာသီဥတု ပြောင်းလဲရေး ဆိုင်ရာ သဘောတူညီချက် မူကြမ်း ရေးထိုးနိုင်ခြင်းဟာ လူသားတွေ အတွက် လုံခြုံ စိတ်ချရစေတဲ့ အာမခံချက်ကို ပေးနိုင်မယ် မဟုတ်ဘူးလို့ ယူဆထားသူတွေ အမြောက်အမြား ရှိနေပါတယ်။ ပါရီညီလာခံ ကျင်းပနေချိန်မှာပဲ သဘာ၀ ဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ကူတုဘီဒီယာကျွန်းမှာ နေထိုင်တဲ့ ဟာမီဒါဘီဂမ်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်က စိတ်မကောင်းစရာပါ။ သူ့အနေနဲ့ ကူတုဘီဒီယာ ကျွန်းမှာရှိတဲ့ နေအိမ်ကို စွန့်ခွာခဲ့ရသူ ဖြစ်ပါတယ်။ ခုလည်း စွန့်ခွာခဲ့ရတာကလည်း တစ်ကြိမ်မကပါဘူး။
မိုးကာလ ရောက်တာနဲ့ တစ်ပြိုင်နက် ကျွန်းငယ်မှာနေလို့ မဖြစ်တော့ပါဘူးလို့ ကလေး လေးယောက် မိခင် ဟာမီဒါက ပြောကြားပါတယ်။ ပင်လယ်လှိုင်းလုံးတွေ တက်လာရင် ကျွန်းကနေ ထွက်ပြေးကြရတဲ့ အဖြစ်ကို ကျွန်းသူကျွန်းသား တစ်သိန်းခန့် ခံစားနေကြရပါတယ်။ လက်ရှိကာလမှာတော့ ရေပြန်ကျသွားချိန်မှာ ပြန်နေလို့ ရသေးပေမယ့် ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် နောင်နှစ် ၅၀ ဆိုရင် ကျွန်းကလေးဟာ ပျောက်ကွယ် သွားနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရှိ အရပ်ဘက် အဖွဲ့စည်းတွေက ခန့်မှန်းထားကြပါတယ်။
ထောင်ပေါင်းများစွာသော ရွာသူရွာသားများဟာ အစားအစာ အတွက် မိုင် ၅၀ ခန့် ကွာဝေးတဲ့ ဒါကာမြို့ရှိ ကော့စ်ဈေးမှာ သွားရောက် ဝယ်ယူကြ ရပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ကျွန်းငယ်ပေါင်း တစ်ဒါဇင်ခန့်မှာ နေထိုင်သူတွေဟာ အင်မတန်မှ ဆင်းရဲမွဲတေနေ ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ကမားလ်အူဒင်အာမတ်က ကမ်းရိုးတန်းမှာ နေထိုင်သူ ဦးရေဟာ ၃၉ သန်းခန့် ရှိနေကြောင်း၊ အဲဒီလူတွေကို လုံခြုံရာ အရပ်ဒေသကို ပြောင်းလဲဖို့ ဆိုတာကလည်း အင်မတန်မှ ခက်ခဲကြောင်း ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လူဦးရေ ၁၆၆ သန်းခန့် ရှိနေရာ တစ်နိုင်ငံလုံး လူဦးရေ ထူထပ်မှု များပြားနေတဲ့ အတွက် နေရာ ပြောင်းရွှေ့ပေးဖို့ဟာ အခက်အခဲ ကြုံနေပါတယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့ နိုင်ငံ ၁၀ နိုင်ငံထဲမှာ ဖိလစ်ပိုင်၊ ဟေတီနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပါဝင်နေကြောင်း Garmanwatch က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ၂၀၀၉ ခုနှစ် ကတည်းက ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ငွေကြေးရန်ပုံငွေ တစ်ရပ်ကို ထားရှိခဲ့ပေမယ့် ဘတ်ဂျက်ငွေ ၆ ရာခိုင်နှုန်းသာ အသုံးပြု နိုင်ခဲ့ပါတယ်။ ကူတုဘီဒီယာ ဒေသမှာရှိတဲ့ အာဏာပိုင်တွေက ဒီရေကာကွယ်ဖို့ အတွက် တာတမံတွေ တည်ဆောက် ပေးခဲ့ပါတယ်။ ဒါ့အပြင် ဆိုက်ကလုန်း မုန်တိုင်း ဝင်ရောက်လာတဲ့ အခါမှာ ဒုက္ခသည်တွေ အတွက် ဆိုက်ကလုန်း Shelter တွေကို တည်ဆောက် ပေးခဲ့ပါတယ်။ ကာကွယ်ရေး စီမံချက်တွေ ဘယ်လောက်ပင် လုပ်ထားပေးပေမယ့် ကူတုဘီဒီယာ ကျွန်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးခုက တည်းကစပြီး ကျုံ့ဝင်သွားခဲ့ပါတယ်။ လှိုင်းလုံးတွေ တိုက်ခတ်မှုကြောင့် တာတမံတွေဟာလည်း မကြာခဏ ပျက်စီးခဲ့ရတယ်။
“လှိုင်းလုံးတွေ တက်လာတဲ့ အတွက် ထွက်ပြေးခဲ့ကြရတယ်။ တခြားကျွန်းတွေကို သွားရောက် နေထိုင်ဖို့ အတွက် ငွေကြေး ကုန်ကျမှုတွေ ရှိပါတယ်” လို့ ဟာမီဒါက ပြောကြားခဲ့ပါတယ်။
ပင်လယ် လှိုင်းလုံးတွေကို ကာကွယ်ပေးမယ့် တံတိုင်းတွေဟာ ကောင်းမွန်မယ် ဆိုရင်တော့ ရေဘေးဒဏ် သက်သာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ငွေကြေး အကုန်အကျခံပြီး တမံတွေကို လုပ်ထားပေမယ့် ပျက်စီးသွားတဲ့ အခါမှာ ကုန်ကျထားတဲ့ ငွေတွေ အဟောသိကံ ဖြစ်သွားခဲ့ပါတယ်။ ကျွန်းပေါ်မှာ ဆောက်လုပ်ထားတဲ့ နေအိမ်ကလည်း ခပ်သေးသေး ဖြစ်တာမို့ မိသားစု ငါးယောက် နေထိုင်ဖို့ အခက်အခဲ ကြုံနေရပါတယ်။ သဘာ၀ ဘေးအန္တရာယ်ကို ထိတ်လန့်နေပေမယ့် ကျွန်းပေါ်မှာ နေထိုင်ရတဲ့ သူတွေဟာ တခြားထွက်ပြေးစရာ အရပ် မရှိပါဘူး။ ဒါ့အပြင် ကျွန်းပေါ်မှာ နေထိုင်တဲ့ လူလေးသောင်းခန့်ဟာ ကော့စ်ဈေးမှာ သွားရောက် နေထိုင်ပြီး အရောင်းအဝယ်တွေ ပြုလုပ်နေကြပါတယ်။ သူတို့တစ်တွေဟာ ညစ်ပတ် ပေရေနေတဲ့ ဈေးထဲမှာ ဖြစ်သလို နေထိုင်ကြရပါတယ်။
ကျွန်းသူကျွန်းသား အများစုဟာ ငါးဖမ်းခြင်းနဲ့ လှေလုပ်ခြင်း လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ ကျွန်းသူ ကျွန်းသားတွေဟာ သာယာလှပတဲ့ ပင်လယ် ကမ်းခြေမှာ ဟိုတယ်တွေနဲ့ လူနေတိုက်ခန်းတွေ တည်ဆောက်မယ့် အချိန်ကို မျှော်လင့်နေကြပါတယ်။ အဲဒီလိုသာ ရင်းနှီး မြှုပ်နှံသူတွေ ဝင်ရောက်လာပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက် တစ်လမ်းက လုပ်ဆောင်ပေးမယ် ဆိုရင် စီးပွားရေးလည်း အဆင်ပြေလာမှာ ဖြစ်သလို သဘာ၀ ဘေးအန္တရာယ်တွေ ရင်ဆိုင်နေရတဲ့ ပင်လယ် ကမ်းခြေဟာလည်း အကာအကွယ်တွေ ရရှိစေမှာ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။
လက်ရှိအချိန်မှာတော့ သဘာ၀ ဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့ ကျွန်းတွေမှာ နေထိုင်သူတွေဟာ အခြားအရပ် ဒေသကို ပြောင်းရွှေ့လိုပေမယ့် လက်ခံမယ့် နိုင်ငံကလည်း မရှိဘူး ဖြစ်နေပါတယ်။ သဘာ၀ ဘေးအန္တရာယ် ရင်ဆိုင်ရတဲ့ ဒုက္ခသည်တွေ အတွက် ချမ်းသာတဲ့ နိုင်ငံကြီးတွေက အကူအညီ ပေးဖို့ကို မျှော်လင့်နေကြပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေ အစောပိုင်းက နေစလိုက်တဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ ရဲ့ ဆွေးနွေးမှုတွေက ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ချမ်းသာတဲ့ နိုင်ငံတွေအကြား ညီညွတ်မှု တစ်ရပ်ရရှိအောင် မတည်ဆောက် နိုင်ခဲ့ပါဘူး။ ဒါကြောင့် အခု ပါရီဆွေးနွေးပွဲကို လူသားတွေကို ကယ်တင်ဖို့ နောက်ဆုံးနဲ့ အကောင်းဆုံး အခွင့်အရေးလို့ သတ်မှတ်ထားခြင်း ဖြစ်ပြီး ကျွန်းတွေနဲ့ လူနေထူထပ်တဲ့ ကမ်းရိုးတန်း ဒေသတွေကို ကွယ်ပျောက်သွားစေမယ့် ပင်လယ်မျက်နှာပြင် မြင့်တက်မှုအပြင် ဘေးဒုက္ခ ကပ်ကြီးတွေ ဖြစ်စေမယ့် မုန်တိုင်းတွေနဲ့ ပြင်းထန်တဲ့ မိုးခေါင် ရေရှားမှုတွေကို ဖြစ်စေခြင်းနဲ့ အတူ ကမ္ဘာကြီးဟာ ပူနွေးလာတာနဲ့ အမျှ လူသားတွေကို ပိုပြီး ဒုက္ခပေး လာလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

Most Read

Most Recent