ပြည်သူ့ငွေစာရင်း ကော်မတီ၏ သဘောထားမှတ်ချက်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရေးယူ ဆောင်ရွက်ခြင်းများကို ပီပြင်စွာ ဆောင်ရွက်ရန် တိုက်တွန်း

ပြည်သူ့ငွေစာရင်း ကော်မတီ၏ သဘောထားမှတ်ချက်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရေးယူ ဆောင်ရွက်ခြင်းများကို ပီပြင်စွာ ဆောင်ရွက်ရန် တိုက်တွန်း
Published 7 December 2015
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပြည်သူ့ငွေစာရင်း ကော်မတီ၏ သဘောထား မှတ်ချက်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရေးယူ ဆောင်ရွက်ခြင်း၊ ဖြေရှင်းပြန်ကြားခြင်းများကို ပီပြင်စွာ ဆောင်ရွက်သင့်ကြောင်း အဆိုပါ ကော်မတီက တိုက်တွန်းတင်ပြခဲ့သည်။ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်သူ့ငွေစာရင်း ကော်မတီက အစီရင်ခံစာ တင်သွင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတိုက်တွန်း အကြံပြုခဲ့ခြင်းဖြစ်သည်။ထို့အတူ PAC တစ်ခုတည်းဖြင့် Oversight လုပ်ရန် မလုံလောက်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ကော်မတီများကို တိတိကျကျ ဖွဲ့စည်း၍ ဘတ်ဂျက်အစမှ ဝယ်ယူခြင်း အလယ်၊ စာရင်းစစ်ကန့်ကွက်ချက် အဆုံးအထိ Oversight ကို ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း၊ ပြည်သူ့ငွေစာရင်း ကော်မတီ၏ သဘောထား မှတ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရေးယူ ဆောင်ရွက်ခြင်း၊ ဖြေရှင်းပြန်ကြားခြင်းကို ပီပြင်စွာ ဆောင်ရွက်စေသင့်ကြောင်းလည်း ကော်မတီက အကြံပြုသည်။ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘတ်ဂျက်ကို ထိရောက်စွာ စိစစ်နိုင်ရန်အတွက် အခွန်ဆိုင်ရာ ပညာရှင်များ၊ ဘတ်ဂျက်ဆိုင်ရာ ပညာရှင်များ၊ မေခရို စီးပွားရေးဆိုင်ရာ ပညာရှင်များ ပါဝင်သည့် Parliamentary Budget Office (PBO) ကို ဖွဲ့စည်းထားရှိကာ အကြံဉာဏ် ရယူသင့်ကြောင်း ကော်မတီက လွှတ်တော်သို့ တင်ပြခဲ့သည်။ကော်မတီ အနေဖြင့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများအား စိစစ်ခြင်းကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်းနှင့် ဝန်ကြီးဌာနများ၏ ဝယ်ယူရေးကို ဦးစားပေး စစ်ဆေးသင့်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအား Value-For-Money ကဲ့သို့ ဝန်ကြီးဌာန စီမံကိန်းများ၏ စွမ်းဆောင်နိုင်မှုအပေါ် စစ်ဆေးခြင်း၊ စစ်ဆေးရေးအတွက် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၁၁ (ဍ) အရ တာဝန်ပေးစစ်ဆေး အစီရင်ခံသင့်ကြောင်း ကော်မတီက တင်ပြခဲ့သည်။ထို့အပြင် လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီကလည်း ပြည်သူလူထု၏ အခက်အခဲများနှင့် ပတ်သက်ပြီး တိုင်ကြားစာများကို အနည်းငယ်မျှသာ အစိုးရအဖွဲ့မှ ပြန်ကြားသဖြင့် တိုင်ကြားစာများ လျော့နည်းလာပြီး လွှတ်တော်ကော်မတီများအပေါ် ပြည်သူများ၏ ယုံကြည်အားကိုးမှု လျော့ကျလာကြောင်း အစီရင်ခံ တင်ထားသည်။ပြည်သူလူထု အနေဖြင့် ကြုံတွေ့နေသည့် အခက်အခဲများကို တင်ပြတိုင်ကြားမှုများနှင့် ပတ်သက်၍ လွှတ်တော်မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပေးပို့ဆောင်ရွက်ခဲ့ရာတွင် အချို့ တိုင်ကြားစာများမှာ အချိန်ကာလ ကြာမြင့်သည့်တိုင် ပြန်ကြားချက် မရရှိသေးခြင်း၊ အချို့ ပြန်ကြားစာများမှာ ပြန်ကြားချက် ရရှိခဲ့သော်လည်း ထိရောက်သည့် ဖြေကြားရှင်းလင်းမှု မရှိခြင်းများ တွေ့ရှိရကြောင်း ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက ဆိုသည်။

Most Read

Most Recent