အစိုးရတပ်မတော်နှင့် စစ်ရေးပဋိပက္ခ လျှော့ချရပ်ဆိုင်းရေး ကိစ္စများ အကောင်အထည်ဖော်ရန် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးကို ထပ်မံဆွေးနွေးနေဟု SSPP ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

အစိုးရတပ်မတော်နှင့် စစ်ရေးပဋိပက္ခ လျှော့ချရပ်ဆိုင်းရေး ကိစ္စများ အကောင်အထည်ဖော်ရန် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးကို ထပ်မံဆွေးနွေးနေဟု SSPP ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား
Published 7 December 2015
အောင်ဇော်ထွန်း

အစိုးရ တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား စစ်ရေးပဋိပက္ခ လျှော့ချရပ်ဆိုင်းရေး ကိစ္စများ အကောင်အထည်ဖော်ရန် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးကို ထပ်မံ ဆွေးနွေးနေသည်ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။SSPP/SSA အထွေထွေအတွင်းရေးမှူး(၂) စဝ်ခမ်းသီ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာ ၇ ရက်တွင် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် သွားရောက် ဆွေးနွေးနေကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ရေးကို အဓိကထား ဆွေးနွေးနေသည်ဟု ဗိုလ်မှူးစိုင်းဆုက ပြောကြားသည်။ဗိုလ်မှူး စိုင်းဆုက “ဆွေးနွေးနေတုန်းလို့ပဲ ကြားရပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာကတော့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးပါပဲ။ ပြီးခဲ့တဲ့ သဘောတူညီမှု ဆိုတာက မူအားဖြင့်ပဲ သဘောတူခဲ့တာ။ တကယ့် သဘောတူပြီးတော့ လုပ်မယ်ဆိုတာက နှစ်ဦးနှစ်ဖက် လုပ်ရမယ့် ကိစ္စလေ။ မလုပ်ခင် နှစ်ဦးနှစ်ဖက် ယုံကြည်မှု အရင်ဆုံး တည်ဆောက်ကြရအောင်ဆိုတဲ့ အဓိက ဦးတည်ချက်နဲ့ သွားတဲ့ ခရီးစဉ်ပါ” ဟု ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ပြောကြားသည်။အစိုးရ တပ်မတော်နှင့် SSPP/SSA တို့သည် ရှမ်းပြည်နယ် အတွင်း၌ ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှ စတင်ကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်သားများ သေဆုံးထိခိုက်မှု ရှိခဲ့ပြီး ဒေသခံ တစ်သောင်းကျော် စစ်ဘေးဒုက္ခ ကြုံတွေ့ခဲ့ရသည်။အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်၍ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် SSPP/SSA အဖွဲ့ ဒုတိယဥက္ကဋ္ဌ စဝ်ခေးတိုင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ နှစ်ရက်ကြာ တွေ့ဆုံပြီးညှိနှိုင်းပြီးနောက် နှစ်ဖက်အကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခ လျှော့ချရပ်ဆိုင်းရေး အပါအဝင် အချက် ခြောက်ချက်ကို မူအားဖြင့် သဘောတူညီခဲ့ကြောင်း သိရသည်။ထို့ပြင် နိုင်ငံတော် အစိုးရနှင့် SSPP/SSA တို့အကြား ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် တောင်ကြီးမြို့၌ လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ သဘောတူ စာချုပ်ပါ ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို နှစ်ဖက်ညှိနှိုင်းပြီး ဆက်လက် အကောင်အထည်ဖော်သွားရန်၊ SSPP/SSA တပ်ဖွဲ့ဝင်များ အနေဖြင့် မိုင်းနောင်-မိုင်းရှူး ကားလမ်း မြောက်ဘက်ခြမ်းတွင် ရွှေ့ပြောင်းနေထိုင်ရန်နှင့် မိုင်းနောင်-မိုင်းရှူး ကားလမ်း တောင်ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော တပ်မတော်စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်းနေရာချထားရန်၊ မိုင်းနောင်တွင် SSPP/SSA ဆက်ဆံရေးရုံး ဖွင့်လှစ်၍ နှစ်ဖက် ပဋိပက္ခများနှင့် လိုအပ်သော အုပ်ချုပ်မှု ဆိုင်ရာကို ညှိနှိုင်းဖြေရှင်းသွားရန်၊ လက်ရှိ ပဋိပက္ခကြောင့် ယာယီပိတ်ထားသော စာသင်ကျောင်း ၁၇ ကျောင်း အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန်အတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်သွားရန်၊ စစ်ဘေးတိမ်ရှောင်သူများ ကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် SSPP/SSA တို့ ပူးပေါင်းညှိနှိုင်း၍ နေရပ်ပြန်လည် နေထိုင်ရေး ကူညီဆောင်ရွက်ရန် စသည်တို့ကို မူအားဖြင့် သဘောတူခဲ့ကြကြောင်း သိရသည်။လက်ရှိ အစိုးရ တပ်မတော်နှင့် SSPP/SSA တို့အကြား စစ်ရေး အခြေအနေနှင့် ပတ်သက်၍ ဗိုလ်မှူးစိုင်းဆုက “တိုက်ပွဲက လောလောဆယ်မှာတော့ နှစ်ဦးနှစ်ဖက် ထိန်းနေတဲ့အတွက် မဖြစ်ဘူးပေါ့” ဟု ပြောကြားသည်။SSPP/SSA အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးကို ဆက်လက် ကြိုးစားနေသည်ဟုလည်း ၎င်းက ပြောကြားသည်။

Most Read

Most Recent