အသက်ရှည်ရေး မျှော်ကာတွေးလို့

အသက်ရှည်ရေး မျှော်ကာတွေးလို့
Published 7 December 2015
သန်းထိုက် (သာကေတ)

ကျွန်တော် အသက်ရှည်ရှည် နေချင်တယ်။ ကျန်းကျန်းမာမာ ရှိချင်တယ်။ စိတ်လည်း ချမ်းသာချင်တယ်။ အသက်ရှည်ချင်တဲ့ အလိုဆန္ဒကြီးတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်လောက်ပါဘူး။ လူ တိုင်းမှာလည်း ရှိကြမှာပါ။ကျွန်တော် ကျန်းကျန်းမာမာ ရှိချင်တယ်။ အနာမဲ့သူ ရှင်ဗာကူလိုမျိုး ခေါင်းလေးတောင် မကိုက်ခဲချင်ဘူး။ အသက်ကြီးတာကို တားမရလို့ တစ်နှစ်ထက်တစ်နှစ် ပိုကြီးချင်ကြီးပါစေ။ အိုမင်းရင့်ရော်ပြီး လေးလံ ထိုင်းမှိုင်း တုံးလုံးလည်း မနေချင်ဘူး။ မနှစ်ကလိုပဲ ဒီနှစ်လည်း သွက်လက် ဖျတ်လတ် ပေါ့ပါးနေချင်တယ်။ မနေ့ကလိုပဲ ဒီနေ့လည်း ပြေးလွှားလှုပ်ရှား မနေမနား လုပ်အားတွေ ရှိချင်သေးတယ်။ ခေါင်းကလေးကိုက်၊ ဇက်ကြောလေးထိုး၊ မူးခနဲ မိုက်ခနဲ ရီဝေမသွားချင်ဘူး။ ဆံပင်ကလေးဖြူ၊ ဆံကလေးကွက်၊ ထိပ်ကလေးပြောင်မှာလည်း စိုးရွံ့ပါတယ်။ အရင်ကလိုပဲ နက်မှောင်သန်စွမ်း ပိတုန်းရောင်ကေသာပဲ ရှိစေချင်ပါတယ်။အနာဂတ်မှာ မြေးမြစ်များနဲ့ လိုက်တမ်းပြေးတမ်း ဆော့ပြီး ကြည်နူးချင်သေးတယ်။ ဘာသာ သာသနာရေးအတွက်လည်း လုပ်အားဒါန ပြုချင်သေးတယ်။ လုပ်ချင်တာတွေ လုပ်နိုင်အောင် လုပ်ဖို့ အခွင့်အရေးရှိအောင် အသက်ရှည် ကျန်းမာမှ ဖြစ်မယ်မဟုတ်လား။ ဒါကြောင့် အသက်ရှည် ကျန်းမာဖို့ကို လုပ်ရမယ်။ ဓမ္မစာပေတွေထဲမှာ ဖတ်ဖူးပါတယ်။ ဆန္ဒဝတော-ပြင်းပြသော အလိုဆန္ဒ ရှိသူအား၊ ဝီရိယဝတော-လွန်ကဲ သောလုံ့လရှိသူအား၊ စိတ္တဝတော-ထက်သန်သော စိတ်ရှိသူအား၊ ပညဝတော-ထက်မြက်သော အသိပညာရှိသူအား၊ ကိံနာမ-အဘယ်မည် သော၊ ကမ္မံ-အမှုကိစ္စဟူသမျှသည်၊ နသိဇ္ဈတိ-မပြီးစီးဘဲ ရှိနိုင်အံ့နည်း။ သိဇ္ဈကိဧဝ-မုချဧကန် ပြီးစီးအောင် မြင်ရမည်လို့ ဆိုတဲ့အတွက် အသက်ရှည်ဖို့ လုပ်သင့်လုပ်ထိုက်တာတွေ ကြိုးစားပြင်ရပါမယ်။သတ္တဝါတွေ အသက်ရှည် အသက်ရှင်ဖို့ တစ်ခုတည်းသော အကြောင်းတရား လိုတယ်။ အဲဒါက အာဟာရပဲ ဖြစ်တယ်လို့ မြတ်စွာဘုရားက အတိအလင်း ဟောခဲ့ပါတယ်။ ကျွန်တော် အသက်ရှင်ရေး အသက်ရှည်ရေးအတွက် ကျန်းမာရမယ်။ ကျန်းမာဖို့ အစာအာဟာရ လိုအပ်တယ်။ ဒါကြောင့် ကျွန်တော် အစာစားရပါမယ်။မနက်မိုးလင်း လက်ဖက်ရည်၊ ကော်ဖီ၊ နွားနို့သောက်ရမလား။ လက်ဖက်ရည်တော့ ကြိုက်တယ်။ ဒါပေမဲ့ သတင်းမီဒီယာ အင်တာနက်တွေမှာ ဖတ်မိတာကြောင့် ဝန်လေးနေမိတယ်။ နို့ဆီတွေကို ကြာရှည်ခံအောင် ဓာတုဆေးဝါးတွေ သုံးတယ်။ ဓာတုဆေးဝါးတွေက ကြာလာရင် လူကို ထိခိုက်နိုင်တယ်လို့ ဆိုတယ်။ လက်ဖက်ရည် မသောက်တော့ဘူး ကော်ဖီပဲ သောက်မယ် စိတ်ကူးပြီး မှာမယ်လုပ်တယ်။ မနေ့ကပဲ ဖတ်မိတဲ့အကြောင်းက ဝင်လာတယ်။ အဆင်သင့်သုံး ကော်ဖီမစ်တချို့မှာ ကော်ဖီစေ့အစား တခြားပစ္စည်းတွေ သုံးထားတယ်။ ရောနှောတယ်ဆိုပဲ။  နောက်ပြီး တာရှည်ခံအောင်လည်း ဓာတုပစ္စည်း ပါသေးတယ်တဲ့။ ကဲ... နောက်ဆုံး သဘာဝစစ်စစ် နွားနို့ပဲ သောက်တော့မယ် ဆုံးဖြတ်ပြီး မှာမယ့်ဆဲဆဲ မနေ့ညက မိတ်ဆွေတစ်ယောက် ပြောတဲ့စကား နားထဲကြား လာပြန်တယ်။ နွားနို့ရေရော တစ်ခွက်တဲ့...။ ဘာဖြစ်လို့လဲမေးတော့..။လက်ဖက်ရည်ဆိုင်က ထွက်လာပြီး ကွမ်းစားမယ်လို့ ထွက်ခဲ့တယ်။ ကွမ်းယာဆိုင်ရောက်တော့ ကွမ်းရွက်စိမ်းစိမ်းလေးတွေ ကြည့်ပြီး သတင်းတစ်ခုက ဝင်လာပြန်တယ်။ ကွမ်းရွက်တွေ မပုပ်မသိုးဘဲ စိမ်းစိုနေအောင် ဟိုလိုဒီလို လုပ်တယ်ဆိုတာ။ ကြာကြာဝါးမယ့်သွား မနာမကျင်ရအောင် ပါးစပ်နဲ့ ခံတွင်းမှာ အပေါက်ကြီးတွေနဲ့ အနာမဖြစ်ရအောင်လို့ ရှောင်ကြဉ်ရပါမယ်။ကျွန်တော် အသက်ဇီ၀ မြဲဖို့ထိန်းဖို့ ခန္ဓာကိုယ်မှာ စွမ်းအင်လိုနေပြီလို့ အစာလည်းဆေး ဆေးလည်းအစာ ဆိုတဲ့အတိုင်း အသက်ရှည်ဆေးဖြစ်အောင် ထမင်းကို စားရမယ်။ ကြက်သားတုံးကြီးတွေက နီရဲ ဝင်းတောက်နေတယ်။ ပန်းကန်ထဲမှာ အဆီတရွှဲရွှဲနဲ့မို့ ဇနီးသည်ကို ပြောမိတယ်။ ဟင်းချက်ရင် အဆီတွေ လျှော့သုံးပါလို့။ ဆီတွေက ကိုလက်စထရော များပြီး နှလုံးသွေးကြောရောဂါတွေ ဖြစ်တတ်တယ်လို့ ဆရာဝန်က ပြောတယ်။အသည်းအဆီဖုံး၊ သွေးတိုးရောဂါနဲ့ လေဖြတ်ဝေဒနာတွေ ဖြစ်တတ်တယ်လို့ ပြောတော့ ဇနီးသည်က ပြန်ပြောတယ်။ ကျုပ် ထည့်ချက်တဲ့ ဆီတွေမဟုတ်ဘူး။ ကြက်သားကထွက်တဲ့ အဆီတွေတဲ့။ တို့ငယ်ငယ်က စားရတဲ့ ကြက်သားမှာ အဆီတွေ ဒီလောက် မပါပါဘူး။ ဒီလောက်လည်း အတုံးမကြီးဘူးဆိုတော့..အခုက မွေးမြူရေးကြက် အသားတိုးပြီး မြန်မြန်ကြီးအောင် ဆေးဝါးအစာ မျိုးဗီဇတွေနဲ့ ခေတ်မီမီ လုပ်ထားတာတဲ့။မှတ်ဉာဏ်ထဲမှာ ထည့်ထားတဲ့ ဒေတာတချို့ အလိုလို ထွက်ကျလာပါတယ်။ တချို့တွေက အလေးချိန်တိုးအောင် ပုစွန်ခေါင်းတွေထဲ ခဲသီးတွေထည့်သတဲ့။ ငါးတွေ မပုပ်မသိုး အရောင်မပြောင်း၊ အလှမပျက်အောင် ဆေးတွေ စိမ်သတဲ့။ ကြက်တွေအလေးချိန်တိုးအောင် ရေထိုးသတဲ့။ ငါးပိငါးချဉ်တွေ အရောင်လှလှ ချစ်စရာကောင်းအောင် ပိုးမတွယ်လောက်မတက်အောင် ဆေးသုံးသတဲ့။ ငရုတ်သီးမှုန့်တွေမှာ ဟိုဟာဒီဟာတွေ ရောသတဲ့။ ကိုယ်စားတဲ့ ထမင်းလည်း စစ်ဆေးပြီးမှ စားရင်ကောင်းတယ်တဲ့။ ဆန်နဲ့ ကြက်ဥတွေလည်း အတုလုပ်ကြတယ် ဆိုကြတယ်။ ပဲဆီ၊ နှမ်းဆီစစ်စစ် စား တာ တော့ အန္တရာယ်ကင်းတယ်။ ဒါပေမဲ့ ရာနှုန်းပြည့်ဆီ စစ်စစ်စားချင်ရင် ကိုယ်တိုင်စိုက် ကိုယ်တိုင်ကြိတ်မှလို့ အညာက မိတ်ဆွေပြောတာ ကြားယောင်နေတယ်။အသီးအရွက်နဲ့ တို့စရာ ကြိုက်တော့ တော်သေးတယ် ထင်မိပေမယ့် မဟုတ်ပြန်ဘူး။ အသီးအရွက်တွေ ပိုးမထိုးအောင် ပိုးသတ်ဆေးတွေ ဖျန်းရတာတဲ့။တချို့ ပိုးသတ်ဆေးတွေက တော်ရုံတန်ရုံ ရေဆေးပေမယ့် မပြောင်ဘူးဆိုပဲ။ တချို့နယ်တွေမှာ လူတွေ သတိမထားဘဲ စားမိလို့ ဆေးရုံ ဆေးခန်း ရောက်ကြ၊ သေကြတာလည်း ကြားဖူးတယ်။     ဒီခေတ်အခါကြီးမှာ အသက်ရှည် အနာမဲ့ရေးအတွက် သောကပွေ နေမိတယ်။ အသက်ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရလေးပါးပေါ် မူတည်တယ်လို့ စာပေ ကျမ်းဂန်တွေက ဆိုတယ်။ အကြောင်းကံကတော့ မသိနိုင်၊ မမြင်နိုင်လို့ ထားလိုက်ပါတော့။ ဒါပေမဲ့ ကံကောင်း၊ ကံမြင့်၊ ကံတက်အောင် ကုသိုလ်ကောင်းမှုတော့ လုပ်ရမယ်။ ဘုရားဖက်တော့ အသက်ရှည်တယ်ဆိုတဲ့အတိုင်း ဒါန၊ သီလ၊ ဘာဝနာလည်း လုပ်ရမယ်။ သီချင်းထဲကလို မန်းတောင်ရိပ်ခိုလို့လည်း ထူးမှာမဟုတ်ဘူး။ ကံအကြောင်းပြီးရင် စိတ်ချမ်းသာ စိတ်ကျန်းမာအောင် လုပ်ရမယ်။ လောဘတွေ လျှော့ရမယ်။ သောကနဲ့ ဒေါမန ဿဝေဒနာတွေလည်း လျော့ပါးအောင် မဖြစ်အောင် ရှောင်ရမယ်။ ကြိုးစားထိန်းရမယ်။ ဒါတွေကတော့ ကိုယ်လုပ်လို့ရတယ်။ လုပ်မယ်။နောက်ပြီးတော့ ဥတုနဲ့ အာဟာရဆိုတာ ရှိသေးတယ်။ ရာသီဥတုကတော့ တားဆီးလို့မရဘူး။ ပျက်နေပြုန်းနေပြီ။ ကိုယ်တစ်ဦးတည်း တစ်နိုင်ငံတည်း လုပ်လို့ရတာ မဟုတ်ဘူး။ ကမ္ဘာကြီးရဲ့ အပူချိန် မြင့်မားတာလျှော့ချဖို့ အရေးတကြီး လုပ်ဖို့လိုတယ်။ ကမ္ဘာ့အပူချိန် နောက်ထပ် နှစ်ဒီဂရီလောက် တိုးလာရင် ရေခဲတွေ အရည်ပျော်မယ်။ ရေမျက်နှာပြင်တွေ မြင့်တက်လာမယ်။ တချို့ အနိမ့်ပိုင်းက မြို့ကြီးတွေ ရေအောက်ရောက်ကုန်မယ်။ ကမ္ဘာ့အပူချိန် လျှော့ဖို့ လေထုညစ်ညမ်းမှု လျှော့ရမယ်။ ကာဗွန်ထုတ်လွှတ်မှုတွေ လျှော့မှဖြစ်မယ်လို့ တိုးတက်ဖွံ့ ဖြိုးပြီးသား နိုင်ငံကြီးတွေက ဆို တယ်။ နိုင်ငံကြီးတွေလည်းပဲ ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဒီလိုနည်းတွေနဲ့ပဲ လုပ်ခဲ့ကြတာလို့ ပြောကြတယ်။လိုအပ်ချက်တွေ ပြည့်လျှံနေတဲ့ မြို့ကြီးပြကြီးမှာ အသက်ရှင်နေရတဲ့ ဘဝက မလွယ်လှဘူး။ ယာဉ်ကြော ကျပ်တာကျော်လွှားဖို့ ခုံးကျော်တံတားတွေ ထိုးကြပေမယ့် အကျပ်အတည်းက မလွတ်နိုင်သေးသလိုပဲ။ ဘဝရဲ့ မွန်းကျပ်မှုတွေ ကျော်လွှားဖို့ တောရိပ်တောင်ရိပ်ခိုပြီး သဘာဝနဲ့ နီးနီးမှာနေဖို့ အစီအစဉ်တွေ ချကြည့်တယ်။ သဘာဝပုံရိပ်တွေ ပျောက်ကွယ်ပြီး လူလုပ်ပတ်ဝန်းကျင်တွေ ဖုံးလွှမ်းနေတဲ့မြို့ကြီး ပြကြီးကိုခွာပြီး အသက်ရှည် ကျန်းမာမယ်ထင်တဲ့ တောအကြောင်း တောင်အကြောင်းတွေဆီ စိတ်ရောက်သွားတော့ မက်ဆေ့ချ်တွေက ပေါ်လာပြန်တယ်။ မိုးတွေ မတရားရွာလို့ ဆည်တွေကျိုး ရေတွေလျှံပြီး ရွာတွေရေမြုပ်တဲ့အကြောင်း၊ တစ်သက်မှာ တစ်ခါမှ မကြုံဖူးတဲ့ ရေကြီးရေတိုက်စားလို့ ရွာတွေ ပျက်စီး လူတွေ ထွက်ပြေးရတဲ့အကြောင်း၊ ကျွဲနွားတိရစ္ဆာန်နဲ့ လူတွေသေရတဲ့ အကြောင်း၊ တချို့ရွာတွေဆိုရင် ရွာလုံးကျွတ် သဲနုန်းတွေ နစ်မြုပ်တဲ့အကြောင်း၊ တချို့အမြင့်ပိုင်း တောင်ပေါ်ဒေသတွေမှာလည်း ရေတိုက်စားလို့ မြေတွေပြို၊ အက်ကြောင်းတွေ ပေါ်ပြီး မနေရဲ မထိုင်ရဲကြောင်း ကြောက်ရွံ့ထိတ် လန့်နေရကြောင်းတွေ ပါလာတယ်။ စိတ်ကူးတွေလည်း ေ၀ဝါးသွားရပြန်တယ်။ကိုယ်တွေက အသက်အရွယ်ကြီးလာတော့ ရပ်ရွာဝန်းကျင်ကို အားကိုးနေရမှာ ဖြစ်တယ်။ ပတ်ဝန်းကျင်က အေးချမ်းလုံခြုံ စိတ်ချရဖို့ အရေးကြီးတယ် မဟုတ်လား။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို လူရမ်းကားတွေက ဥပဒေမဲ့ ရက်ရက်စက်စက် ကျူးလွန်တာတွေ ကြားနေသိနေရတယ်။ စားရေးနေရေး လုံခြုံရေးတွေကြောင့် အသက်ရှည်ရေး မျှော်တွေးရတာ မလွယ်လှဘူး ဖြစ်နေတယ်။ ခေတ်အခြေအနေနဲ့ လူတွေရဲ့ အနေအထားတွေ မပြောင်းလဲသရွေ့တော့ စိုးရိမ်သောက ဗျာပါဒတွေ များနေဦးမယ်။ လောလောဆယ်တော့ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် အနီး ဂိဇ္ဈကုဋ်တောင်မှာ သိကြား ဗြဟ္မာ၊ ရဟန်းသံဃာနဲ့ မÍ္ဇူသက သတို့သားကို ဟောခဲ့တဲ့ တရားကိုပဲ အားကိုးရတော့မယ် ထင်တယ်။ မြတ်စွာဘုရားက မÍ္ဇူသက သတို့သားကို အသက်ရာကျော် ရှည်စေချင်ရင် ဤပရိမိတ္တဇာလသုတ်ကို နှလုံးပိုက်လို့ ဆိုခဲ့တယ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးရဲ့ ဂုဏ်ကျေး ဇူးကြောင့် အသက်ရှည်ရေး အထောက်အပံ့ကောင်းတွေ အမြန်ဆုံး ရရှိကြုံတွေ့နိုင်ပါစေလို့ပဲ ဆုတောင်းနေမိပါတော့တယ်။

Most Read

Most Recent