မြင်းလှည်း

မြင်းလှည်း
Published 7 December 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
တစ်ခါကတော့ မန္တလေးက စက်ဘီးမြို့တော်ဖြစ်သည်။ မန္တလေး၏ လမ်းမများပေါ်၌ အများဆုံး တွေ့ရတတ်သော လူစီးယာဉ်က စက်ဘီးဖြစ်ပြီး စစ်ကိုင်းတောင်ရိုး အတက်လမ်း၌ အများဆုံး တွေ့ရတတ်သော လူစီးယာဉ်က မြင်းလှည်းဖြစ်သည်။ တစ်ဟုန်ထိုး ပြောင်းလဲ စီးဆင်းနေသော ခေတ်တစ်ခေတ်၏ ရေစီးက ဆိုရှယ်လစ် ဝါဒကိုသာမက စက်ဘီးနှင့် မြင်းလှည်းကိုပါ ရောထွေး သယ်ဆောင်သွားခဲ့သည်။ ခုတော့ မန္တလေး၏ လမ်းမများထက်၌ စက်ဘီးလေးများကို အတွေ့ရ နည်းခဲ့လေပြီ။ စစ်ကိုင်းတောင် အတက်လမ်း၌ အတွေ့ရများခဲ့သည့် မြင်းလှည်းကတော့ ခုဆို မူးလို့ပင် ရှူစရာမရှိတော့။ မျက်စိအောက်မှ ပျောက်ခြင်းမလှ ပျောက်ခဲ့ရပြီ ဖြစ်သည်။
(၂)
ငယ်ငယ်ကတော့ စစ်ကိုင်းနှင့် မန္တလေးကို သွားစရာ အကြောင်း ပေါ်လာလေတိုင်း သရက်ပင်ဆိပ်ကို ဆင်းရသည်။ သရက်ပင်ဆိပ်၌ မြင်းလှည်းဂိတ်ရှိသည်။ စစ်ကိုင်းတောင်ရိုးကို လာရောက်ကြသည့် အဝေးဧည့် ဘုရားဖူးတို့အတွက် မြင်းလှည်းဂိတ်ကို ထူထောင်ခဲ့ကြခြင်း ဖြစ်သော်လည်း မြင်းလှည်းသမား အများစု အားပြုနေရသည်က တောင်ရိုးနေဘုန်းကြီး၊ သီလရှင်များ ဖြစ်သည်။ ‘ကို ရင်တစ်မတ်၊ ဦးဇင်းငါးမူး’ ဈေးနှုန်းသည် မိမိတို့ သိမီလိုက်သော မြင်းလှည်းခ ဈေးနှုန်းဖြစ်သည်။ မန္တလေးသွားလျှင် မိမိတို့ အများဆုံး စီးဖြစ်ကြသည့် နေပြည်တော် ကားခကလည်း ကလေးငါးမူး၊ လူကြီးတစ်ကျပ်ခေတ်။
ပုံမှန်နေ့ရက်များ၌ ဦးဇင်းတွေကို ငါးမူးသာ ယူလေ့ရှိသော်လည်း ခရီးသည်များသော တန်ဆောင်မုန်းလလို ကထိန်ရာသီမျိုး၌ တစ်ပါးကို တစ်ကျပ်တောင်းချင်သည့် မြင်းလှည်းသမား အချို့လည်းရှိသည်။ ထိုရာသီရောက်လျှင် စစ်ကိုင်းမန္တလေး အကူးအသန်းက ပြောစမှတ် ဖြစ်လောက်အောင်ကို များသည်။ မြင်းလှည်းသမား အများစုက တစ်ယောက်တစ်ကျပ်ရသော လူတွေကိုသာ အဖက်လုပ်ပြီး တင်ချင်ကြသည်။ ထိုအချိန်မျိုး၌ ဦးဇင်းကိုရင်တွေ မြင်းလှည်းနား ကပ်လာပြီဆိုလျှင် မသိချင်ယောင်ဆောင်သူက ဆောင်သည်။
မိမိမန္တလေး ရောက်သွားတော့၊ အတူနေ ဦးဇင်းများကို စစ်ကိုင်းသို့ အလည်ခေါ်သွားသည်။ ရက်ကလည်း ကထိန်ရက် ဖြစ်သည်မို့ မြင်းလှည်းတစ်စီး စီးရဖို့အရေး အတော်လေး အချိန်ပေးပြီး စောင့်ရသည်။ မြင်းလှည်းဆရာက မိမိတို့ငါးပါးစလုံးကို အကုန်မတင်ချင်။‘သုံးပါးပဲရမည်’ဟုဆိုသည်။ ပါလာသည့် ဦးဇင်းတွေကလည်း စစ်ကိုင်းကို တစ်ခေါက်မှ မရောက်ဖူးကြသည်မို့ မြင်းလှည်းကို ဂိတ်အဆုံးစီးပြီး ဆုံးသည့်နေရာက စောင့်နေဖို့ မှာလိုက်ရသည်။ မိမိနှင့် နောက်တစ်ပါးက နောက်မြင်းလှည်းဖြင့် လိုက်ခဲ့သည်။
သရက်ပင်ဆိပ်ကို မိမိတို့မြင်းလှည်းဆိုက်တော့ အရင်ရောက်နှင့်နေသော ဦးဇင်းသုံးပါးက မြင်းလှည်းနား ရောက်လာသည်။ မိမိက နှစ်ပါးအတွက်ဆိုပြီး တစ်ကျပ် ထုတ်ပေးလိုက်ချိန်၌ ဦးဇင်းတစ်ပါးက‘‘မြင်းလှည်းခက ဘယ်လောက်လဲ’’ ဟု မေးသည်။ ‘ငါးမူး’ ဟု သိသွားချိန်၌ သူစီးခဲ့သော မြင်းလှည်းဆရာဆီသွားပြီး ‘‘ဟေ့လူ၊ တစ်ကျပ်ခွဲပြန်ပေး’’ ဆိုပြီး ပြန်တောင်းသည်။ ကျန်သည့်ဦးဇင်းတွေက တောင်းမနေပါနဲ့ ဆိုသော်လည်းမရ။         ‘‘ငွေတစ်ကျပ်ခွဲ နှမြောလို့မဟုတ်ပါဘူးကွာ၊ လူလည်ကျတာ မခံချင်လို့’’ ဟု မိန့်တော်မူသည်။ အိမ်ရှင်ဖြစ်သူ မိမိလည်း ဘာတစ်ခွန်းမျှ မဆိုသာခဲ့။
မန္တလေး၌ ကြုံရဖူးသော အဖြစ်ကလည်း ထိုသဘောနှင့် သဘောချင်း ခပ်ဆင်ဆင်။ မိမိတို့ မိတ်ဆွေ ဦးဇင်းတစ်ပါး ရန်ကုန်စာမေးပွဲ ဖြေပြီးပြန်လာတော့ စာအုပ်အထုပ်အပိုးတွေလည်း ပါသည်မို့ ဘူတာကြီးကို လာကြိုပေးဖို့ ဖုန်းဆက်သည်။ ရထားဆင်းချိန်၌ မြင်းလှည်းတစ်စီး ငှားကြသည်။ ထိုစဉ်က ဘူတာကြီးနှင့် မိမိတို့ကျောင်းသို့ ပုံမှန် မြင်းလှည်းခက ငါးကျပ်သာ ဖြစ်သော်လည်း ကိုရွှေမြင်းလှည်းဆရာက ခုနစ်ကျပ်တောင်းသည်။ ထိုကိစ္စကို အဆုံးအဖြတ် ပေးသူကလည်း စစ်ကိုင်းသွားစဉ်က တစ်ကျပ်ခွဲ ပြန်တောင်းသည့် ဦးဇင်းပင် ဖြစ်သည်။ သူက ‘‘စီးနေကျငါးကျပ်နဲ့မှ မလိုက်နိုင်ရင် မစီးဘူး’’ ဟုပြတ်သားပြသည်။ ဘယ်လိုမှ ဈေးမတည့်သည်မို့ နောက်မြင်းလှည်းတွေကို ရှာသည်။ ခုနစ်ကျပ်မှန်သမျှကို ရှောင်သည်။ နောက်ဆုံး ငါးကျပ်သမားနှင့်တွေ့မှ အဆင်ပြေသွားသည်။ သြော်...ဆုံစည်းခဲ့ရသည့် တစ်ခါက မြင်းလှည်းများ။
(၃)
စစ်ကိုင်းမန္တလေး မြင်းလှည်းများ၏ တည်ဆောက်ပုံက ရှေ့ခန်း၌ မြင်းလှည်းသမား အပါအဝင် လူသုံးယောက်မျှစီး၍ နောက်ခန်း၌ ဘယ်ညာသုံးယောက်စာစီ နေရာရှိသည်။ မြင်းလှည်းစီးသူအားလုံး ခြေချပြီးစီးနိုင်အောင် တည်ဆောက်ထားကြသည်။ ခရီးသည်များလျှင် နောက်ခန်း၌လည်း လူပိုတွေကို တင်ရုံမျှမက မြင်းလှည်းမောင်းသူက ရှေ့ခန်းခုံ၌ မထိုင် အောက်ခန်းခုံစောင်း၌ ဝင်ထိုင်ပြီး မောင်းသည်။ လူတစ်ယောက်ပိုရ နည်းလားဆိုသည့်သဘော။ အချို့အရပ်ဒေသတို့၌ တွေ့ရသော မြင်းလှည်းတို့၏ တည်ဆောက်ပုံက တစ်ဘာသာဖြစ်သည်။ နောက်ခန်းခုံ၌ ထိုင်ရမည့်ခရီးသွားများက ခြေချ၍မရ၊ ကြမ်းခင်းကို တစ်ပြေးညီ တည်ဆောက်ထားကြ၏။ ထိုမြင်းလှည်းမျိုးကိုလည်း စီးခဲ့ဖူးသည်။
စစ်ကိုင်း၌ နေခဲ့စဉ်က အလှည့်ကျ မြင်းလှည်းကို တတ်နိုင်သမျှ ရှောင်သည်။ သူက အလှည့်သမားဆိုတော့ သူ့စိတ်ထဲက သတ်မှတ်ထားသော အရေအတွက်ပြည့်မှ ထွက်ချင်သည်။ ကိုယ်ကလည်း အလျင်လို နေသည့်အခါမျိုး၌ ‘မြို့ထဲလား ဘုရား’ ဆိုလျှင် ဝစီပိတ်ကျင့်ပြီး ခေါင်းကိုငုံ့ကာ ရှေ့ဆက်လျှောက်သည်။ နိဗ္ဗိန္ဒဇရပ်နား ရောက်လျှင် အလှည့်မဟုတ်သော မြင်းလှည်းတစ်စီးက တောက်ကလပ် တောက်ကလပ်ဖြင့် လိုက်လာသည်။ အနားရောက်လို့ သူကရပ်ပေးတော့ ကိုယ်ကတက်စီးလိုက်သည်။ ဒါပါပဲ။ ထိုမြင်းလှည်းမျိုးက တစ်ယောက် နှစ်ယောက်နှင့်လည်း ထွက်သည်မို့ မိမိတို့ဘက်က အဆင်ပြေသည်။  ခြင်္သေ့တစ်ကောင်အနီးမှ စောင့်နေလေ့ရှိသော ပုညရှင်ဆင်း ခရီးသည်များကိုလည်း ကြုံရတတ်သည်မို့ သူတို့ဘက်ကလည်း အဆင်ပြေပါသည်။
မေမြို့၌ မြင်းလှည်းကို ‘ရထားလုံး’ ဟု ခေါ်ကြသည်။ မော်လမြိုင်ဘက်ကတော့ ‘ဘုံပြတ်’ ဟုခေါ်ကြပါသတဲ့။ ‘ရထားလုံး’ဟု ခေါ်ရလောက်အောင်လည်း မေမြို့မြင်းလှည်းများက သူတို့ရထားကို အလုံပိတ်ပြီး တည်ဆောက်ထားကြသည်။ ရာသီဥတုအေးသော အရပ်ပေမို့ လေအတိုးသက်သာအောင် ကြံဆ တည်ဆောက်ထားကြခြင်း ဖြစ်မည်ထင်သည်။ လှည်းဆရာက ခေါင်မိုးရှေ့ထိပ်မှာ တက်ပြီးမောင်းသည်။ အလုံပိတ်ထားသော ထိုအခန်း၌ ကြည့်မှန်တွေ ဘာတွေကိုပါ ထည့်ထားသည်။ အချို့ရထားလုံးများဆို ခန်းဆီးစတွေ ဘာတွေတောင် တပ်ဆင်ထားလိုက်သေး။ 
မော်တော်ကား ဆိုင်ကယ်တို့က လမ်းတောင်းလျှင် ဟွန်းတီးလေ့ ရှိသော်လည်း မြင်းလှည်း၌ တီးစရာဟွန်းမပါ။ သူတို့က လည်ပတ်နေသော လှည်းဘီး ဒေါက်ဆံတို့ကို နှင်တံကြာပွတ်ဖြင့် ကန့်ပြီး ‘ဒေါက်ဒေါက်၊ ဒေါက်ဒေါက်’ အသံပေးလေ့ရှိသည်။ ဟွန်းတပ်ဆင်ထားသော မြင်းလှည်းအချို့ကိုလည်း ရှားရှားပါးပါး တွေ့ရတတ်သေးသည်။  မိမိတို့ ငယ်ငယ်က ရွာကို ရေနံဆီ လာရောင်းသူတို့၏ စက်ဘီးရှေ့ထိပ်၌ တပ်ဆင်ထားသော ကြက်ပေါင်ပျော့ကြီးမျိုးကို တပ်ဆင်ထားကြသည်။ ထိုကြက်ပေါင်ပျော့ကြီးကို လက်ဖြင့်နှိပ်လိုက်လျှင် ‘‘ဘော်၊ ဘော်’’ ဟု အသံထွက်သည်။ ကြားရသည်ကိုက ရယ်ချင်စရာကြီး။ တောင်သူလုပ်ငန်း တစ်ဖက်၊ မြင်းလှည်းလုပ်ငန်း တစ်ဖက်ဖြင့် အလုပ်နှစ်မျိုးလုပ်သည့် မြင်းလှည်းသမားတို့ကိုလည်း ကြုံဖူးသည်။ သူတို့ မြင်းလှည်းမောင်းပြီဆိုလျှင် မြင်းကိုလည်း ‘‘ဟဲ့နွား’’ ဟု ငေါက်လားငမ်းလား လုပ်တတ်ကြသည်။ ဒါကလည်း ရယ်ချင်စရာကြီးပင်။
(၄)
မြန်မာစာရေးဆရာတို့၌ မြင်းနှင့်မြင်းလှည်း အကြောင်းကို အသေးစိတ်သိပြီး၊ အများဆုံး ရေးပြခဲ့သူက ဆရာသော်တာဆွေပဲ ဖြစ်မည်ထင်ပါသည်။ အသေးစိတ် သိဆိုသူက မြင်းလှည်းဆရာလည်း လုပ်ခဲ့ဖူးသူကိုး။ သူက သူမောင်းခဲ့သမျှ မြင်းတို့ကိုလည်း ‘နက်ကြုတ်၊ မေရီ၊ တောက်ထွန်း၊ မိရွှေနီ၊ တက်တိုး’ စသည်ဖြင့် အမျိုးစုံအောင် အမည်ပေးခဲ့သူ ဖြစ်သည်။
လက်ဖက်ရည်တစ်ခွက် ဆယ်ဆင့်ပေးရ သောခေတ်က စမ်းချောင်း၊ ကြည့်မြင်တိုင်မှ ဗဟန်း၊ ရန်ကုန်ဘက်ကို ပြေးလျှင် လူတစ်ယောက် နှစ်ဆယ့်ငါးဆင့်ရသည်။ အသွားအပြန် နှစ်ခေါက်ပြေးလိုက်လျှင် တစ်နေ့အနည်းဆုံး ငါးကျပ်၊ အများဆုံး ခြောက်ကျပ်ခွဲအထိ နေ့ထွက်ကိုက်သည်ဟု ‘ကျွန်တော့် ဘဝဇာတ်ကြောင်း’၌ ဆရာသော်တာဆွေက ဆိုခဲ့ပါသည်။
 ဆူးလေ စေတီတော်တစ်ဝိုက်၌ မြင်းလှည်းတွေ ပြေးနေသော ခေတ်ဟောင်းဓာတ်ပုံအချို့ကို သူသူငါငါ တွေ့ဖူးကြပါလိမ့်မည်။ မိမိတို့ငယ်စဉ်က မန္တလေး၏ အဓိက လမ်းမကြီး ဖြစ်သော ၈၄ လမ်းမကြီး ထက်၌ မြင်းလှည်းတွေ ပြေးခဲ့ကြဖူးသည်ကတော့ ကိုယ်တွေ့ဖြစ်သည်။ သီချင်းတွေထဲမှာ စက်ဘီးနှင့် မြင်းလှည်းအကြောင်း မကြာမကြာ ထည့်သွင်း စပ်ဆိုလေ့ရှိသော အထင်ရှားဆုံး တေးရေးဆရာက ဒေါက်တာစိုင်းခမ်းလိတ် ဖြစ်သည်။ ဈေးချိုတောင်ဘက်ထိပ်မှ ထွက်လာသူ တစ်ယောက်ကို မြင်းလှည်းသမား တွေက ‘ဘုရားကြီးလား’ မေးတတ်ကြသည်မှာလည်း တစ်ခါကတော့ တကယ်ကြုံခဲ့ရသည့် အဖြစ်တစ်ခု မဟုတ်ပါလား။
(၅)
ဘဝ၌ မိမိစီးဖူးသော မြင်းလှည်းများက တစ်ကောင်ကသည့် မြင်းလှည်းများသာ ဖြစ်သော်လည်း နှစ်ကောင်၊ လေးကောင်၊ ခြောက်ကောင် စသည်ဖြင့် အကောင်ရေများစွာ တပ်ဆင်လျက် ပြေးဆွဲနေသော မြင်းလှည်း များလည်းရှိကြောင်း နောင်တစ်ချိန်၌ သိလာခဲ့ရသည်။ ကကြိုးဆင်သည့် မြင်းကောင်ရေနှင့် ရည်ရွယ်ရာလမ်းတို့ မတူကွဲပြား ခြားနားကြပါသော်လည်း မြင်းလှည်းကို သိဒ္ဓတ္ထမင်းသားလည်း စီးခဲ့ဖူးသည်။ ရာဝဏလည်း စီးခဲ့ဖူးသည်။ စကားလက်အိုဟာရာလည်း စီးခဲ့ဖူးသည်။ နောက်ပြီး ကုန်စိမ်းရောင်းသည့် ဒေါ်အေးမိလည်း စီးခဲ့ဖူးသည်သာ။
သိဒ္ဓတ္ထမင်းသားဘဝဖြင့် မြင်းလှည်းကို စီးနင်း၍ ဥယျာဉ်တော်သို့ လှည့်လည်စဉ်က ‘သူအို၊ သူနာ၊ သူသေ၊ ရဟန်း’ ဟူသော နိမိတ်ကြီးလေးပါးကို အစဉ်အတိုင်း တွေ့မြင်ခဲ့ရသည်။ ထိုမြင်ကွင်းကို အကြောင်းရင်းပြု၍ သံဝေဂပြင်းစွာဖြစ်ကာ တောထွက်ပြီး ရဟန်းပြုခဲ့သည်။ ထို့နောက် အမှန်တရားကို ထိုးထွင်းသိမြင်ကာ သမ္မာသမ္ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့သည်။ သို့ရကား မြတ်စွာသော ဗုဒ္ဓဂေါတမ၏ ဖြစ်တော်စဉ်၌ မြင်းလှည်းက များစွာအရေးပါခဲ့သည်။ ခေတ်အဆက်ဆက် လူသားတို့ စီးနင်းခဲ့ကြသမျှ မြင်းလှည်းတို့တွင် ‘‘သိဒ္ဓတ္ထမင်းသား စီးခဲ့သော မြင်းလှည်းက အဖိုးသားနား အထိုက်ဆုံးဖြစ်၏’’ဟုသာ မိမိကဆိုချင်ပါတော့သည်။

Most Read

Most Recent