အမျိုးသား ဂုဏ်သိက္ခာနှင့် ပြည့်စုံသော နိုင်ငံတော်ကို အမျိုးသားပြန်လည် ရင်ကြားစေ့ရေး စိတ်ဓာတ်ဖြင့် အကောင်အထည်ဖော်ရန် ဒီဇင်ဘာ ၆ ရက် (တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) နေ့တွင် ရန်ကုန်မြိုရှိ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ကျင်းပသည့် (၉၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အခမ်းအနားတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။အဆိုပါ အခမ်းအနားတွင် ၉၅ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ကြေညာချက်ကို NLD က ထုတ်ပြန်ခဲ့ရာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး ကာလက အမျိုသားရေး ကြွေးကြော်သံမှာ “အမျိုးသား လွတ်လပ်ရေး ရရှိရေး” ဖြစ်ခဲ့ပြီး ယနေ့ကာလ အမျိုးသားရေး ကြွေးကြော်သံမှာ “ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး” ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမျိုးသားရေး သန္နိဋ္ဌာန်မှာ “အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး” ဖြစ်ကြောင်း၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး စိတ်ဓာတ်ကို အခြေခံလျက် ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးကို အရ ယူကြရမည် ဖြစ်ကြောင်း၊ တနည်းအားဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် အသစ်ကို ထူထောင်ရေး ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။ထို့ပြင် “တိုင်းရင်းသားအားလုံး အပြန်အလှန် အသိအမှတ်ပြု၊ အပြန်အလှန် လေးစားမှုဖြင့် ညှိနှိုင်း အဖြေရှာသော ဒီမိုကရေစီ ယဉ်ကျေးမှုသစ်ကို စွဲမြဲတည်တံ့အောင် ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် အမျိုးသားရေး တာဝန်သစ်ကို ထမ်းဆောင်ရတော့မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးမျိုးသော စိန်ခေါ်မှုနှင့် ဖိအားများစွာကို ရင်ဆိုင် ဖြေရှင်းရအုံးမည် ဖြစ်သော်လည်း တိုင်းရင်းသား မျိုးနွယ်စုများ အပါအဝင် ပြည်သူလူထုနှင့် သွေးစည်းညီညွတ်လျက် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မူဝါဒအပေါ် အခြေခံထားသည့် ကာလပတ်လုံး ဘက်ပေါင်းစုံ အကျပ်အတည်းများ၊ ပြဿနာများကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတော်အား ချမ်းသာကြွယ်ဝ၍ အမျိုးသား ဂုဏ်သိက္ခာနှင့် ပြည့်စုံသော၊ နိုင်ငံတကာ အလယ်၌ ဝံ့ကြွား ဦးမော့နိုင်သော ကံကြမ္မာသစ်၊ ပတ်ဝန်းကျင်သစ် တစ်ခုသို့ ပုံဖော်နိုင်ရေးအတွက် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး စိတ်ဓာတ်ဖြင့် အကောင်အထည် ဖော်ကြရန် (၉၅) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့မှ တိုက်တွန်း နှိုးဆော်ရင်း သန္နိဋ္ဌာန်ပြုလိုက်ရပေသည်” ဟု NLD ၏ ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။“စစ်မှန်တဲ့ အမျိုးသားရေး စိတ်ဓာတ်ရဲ့ အခြေခံကတော့ သဘောထားကြီးခြင်း ဖြစ်ပါတယ်။ သဘောထားကြီးမှ ကျယ်ပြန့်တဲ့ အမြော်အမြင် ရှိနိုင်မှာပါ။ ကျယ်ပြန့်တဲ့ အမြော်အမြင် ရှိမှသာ တိုင်းပြည်တစ်ပြည်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို တိုင်းရင်းသား လူမျိုးပေါင်းစုံတဲ့ နိုင်ငံမှာ သဘောထားကြီးတဲ့ နိုင်ငံရေး အမြင်၊ အမျိုးသားရေး အမြင် လိုအပ်ပါတယ်။ ကျဉ်းမြောင်းတဲ့ အမျိုးသား အမြင်ကနေပြီး တကယ့် တိုင်းပြည်ကို အကျိုးပြုနိုင်မယ့် စိတ်ဓာတ် မပေါ်လာနိုင်ပါဘူး။ ငါမှငါ၊ ငါသာလျှင် တက်တယ်၊ သိတယ်၊ နားလည်တယ်၊ မှန်တယ်၊ ငါ့သဘောနဲ့ မတိုက်ဆိုင်သူတွေ၊ ငါ့အကြိုက် မနေနိုင်သူတွေ၊ ငါလိုချင်တဲ့ ပုံသဏ္ဍန် မထွက်တဲ့သူတွေဟာ ပစ်ပယ်ရမယ့်၊ ခြေမှုန်းရမယ့်သူတွေ ဖြစ်တယ်လို့ သဘောထားတဲ့၊ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေဟာ အမျိုးသားစိတ်ဓာတ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး” ဟု NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကိုလည်း ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။အဆိုပါ အခမ်းအနားသို့ NLD နာယက ဦးတင်ဦး တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး လက်ရှိကာလသည် မြန်မာ့ လူ့အဖွဲ့အစည်းကို အရည်အချင်းအရ သစ်လွင်သည့် နယ်နိမိတ်သစ်၊ ပတ်ဝန်းကျင်သစ်ဆီသို့ ပို့ဆောင်ရန် မှန်ကန်သည့် ပြောင်းလဲမှုနှင့် အစားထိုး ကြိုးပမ်းနေချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဦးတင်ဦးက “အမြော်အမြင် ကြီးမှု၊ စိတ်အား ထက်သန်မှု၊ ဘဝနှစ်မြှုပ် ကိုယ်ကျိုး စွန့်လွှတ်မှု၊ မှန်ကန်စွာ ဦးဆောင်မှုကို ပေးနိုင်စွမ်းတဲ့ လူထုခေါင်းဆောင်၊ ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ ရှေ့ဆောင် လမ်းပြမှုနဲ့အတူ ပြည်သူလူထုဟာ မိမိတို့ရဲ့ ကိုယ်ပိုင်စွမ်းရည် သတ္တိများအပေါ် တရားမျှတမှုအပေါ် ဒီမိုကရေစီ ယုံကြည်စိတ်များ ပိုမိုခိုင်မာနေတဲ့ကာလ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဆင်ခြင်တုံတရား၊ ရဲစွမ်းသတ္တိနဲ့ ဆုံးဖြတ်ချက်အရ မကြာမီ အချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နိုင်ငံတော်ရဲ့ တာဝန် အရပ်ရပ်ကို ရယူရတော့မှာ ဖြစ်ပါတယ်။ ဒီလို ခန့်ညားဂုဏ်ယူ တာဝန်ယူဖို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။ ဒီအဆင်သင့်ဖြစ်မှုကို ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌက အမျိုးသားရေး သတိတရားရှိရှိ ဉာဏ်အမြော်အမြင် ရှိရှိနဲ့ သုံးသပ် တာဝန် ယူခဲ့ပါတယ်” ဟု ပြောကြားသည်။
အမျိုးသား ဂုဏ်သိက္ခာနှင့် ပြည့်စုံသော နိုင်ငံတော်ကို အမျိုးသားပြန်လည် ရင်ကြားစေ့ရေး စိတ်ဓာတ်ဖြင့် အကောင်အထည်ဖော်ရန် ၉၅နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် NLD ကြေညာချက် ထုတ်ပြန်















