တိုက်ပွဲများ ရှိနေသရွေ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနိုင်၍ နှစ်ဖက်က ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မေတ္တာရပ်ခံခဲ့ပြီး အပစ်ရပ်စဲရေးများ ဖြစ်ပေါ်မှုကို လိုလားကြောင်း ဒီဇင်ဘာ ၄ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင် အဖွဲ့ဝင်များက ၎င်းတို့၏ သဘောထား အမြင်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်က နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေပုဒ်မ ၄ နှင့် ပုဒ်မ ၉ တို့ပါ ပြဋ္ဌာန်းချက်များအရ အဖွဲ့ဝင် ၁၁ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာ ကော်မရှင်က လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပတ်သက်သည့် ဆောင်ရွက်ခဲ့မှုများကို သတင်းစာရှင်းလင်း ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လတ်တလော တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် ယင်းဒေသရှိ ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရနိုင်သည့် အခြေအနေနှင့် ပတ်သက်ပြီး သုံးသပ်ပြောကြားပေးရန် မေးမြန်းရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က “တိုက်ပွဲဖြစ်နေတဲ့ ဒေသမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက လောကဓမ္မတာ ရှိကြတာပေါ့။ စစ်ဖြစ်နေရင်တော့ လူ့အခွင့်အရေးက တစ်မျိုးမျိုးနဲ့ ချိုးဖောက်ခြင်း ခံနေရတာပေါ့။ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ ဒါတွေကို စိတ်မကောင်းပါဘူး။ ဒါတွေကို နှစ်ဖက် အပစ်အခတ်ရပ်စဲမှုတွေ လုပ်ပေးပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နည်းနိုင်သမျှ နည်းနိုင်အောင် လုပ်ပေးပါဆိုတာမျိုး မေတ္တာရပ်ခံမှုတွေပဲ ကျွန်တော်တို့က လုပ်နိုင်ပါတယ်။ ဒီဟာကို သွားတားဖို့ ဆိုတာကတော့ ကျွန်တော်တို့ အနေနဲ့ တော်တော်လေးကို အခက်အခဲရှိတဲ့ ကိစ္စဖြစ်ပါတယ်။ သို့သော် ဒီလိုတိုက်ပွဲတွေ ရှိနေလို့ရှိရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနိုင်ပါတယ်။ ဒါတွေမဖြစ်အောင်တော့ နှစ်ဖက်က ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပေးပါ ဆိုတာမျိုး မေတ္တာရပ်ခံစာတွေ ထုတ်ခဲ့တာ ရှိပါတယ်” ဟု ပြောကြားသည်။
လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြကလည်း “လောက်ကိုင်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အခါတုန်းက ကျွန်တော်တို့က ဒါကို ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းဖို့ ဆိုပြီးတော့ ကျွန်တော်တို့က တိုက်တွန်းခဲ့တယ်။ ဘာကြောင့်လဲ ဆိုတဲ့အခါ လူ့အခွင့်အရေးအရ အသက်ရှင်သန်ရေးဆိုတာ အရေးကြီးပါတယ်။ ဘယ်သူပဲ ဖြစ်နေဖြစ်နေ အစိုးရပိုင်းကပဲဖြစ်ဖြစ် အစိုးရကို ပြန်ပြီးတော့ တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းကပဲဖြစ်ဖြစ် ဒါအရေးကြီးတဲ့ အတွက်ကြောင့် အသက်ရှင်သန်ရေးကို ကာကွယ်ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့က ထုတ်ပြန်ခြင်းပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
အပစ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့မှု များကိုလည်း အားပေးထောက်ခံကြောင်း၊ ယင်းသို့ အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်ခြင်းအားဖြင့် တိုက်ပွဲများ လျော့နည်းကာ လူသေဆုံး ထိခိုက်မှုများ လျော့နည်းသွားမည် ဖြစ်ကြောင်း ဦးဝင်းမြက ဆိုသည်။
ဦးဝင်းမြက “လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအရ ဆိုလို့ရှိရင် စစ်ဖြစ်နေတဲ့ အချိန်မှာတောင် လူ့အသက်ကိုတော့ လေးစားရမယ်ဆိုတဲ့ အသိစိတ်ပဲ။ ဒါကို စစ်ဖြစ်နေတဲ့ အတွက်ကြောင့်မို့ လက်ထဲမှာ သေနတ်ရှိနေတဲ့ အတွက်ကြောင့်မို့ ပစ်မယ် သတ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မထားရတော့ဘူး။ ကျွန်တော်တို့ အငြင်းပွားမှု ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့သာ တိုက်ခိုက်ကြတယ် ဆိုပေမယ့် တိုက်ခိုက်မှု ဖြစ်နေတဲ့ နေရာမျိုးမှာတောင် လူရဲ့အသက်ကို လေးစားရမယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေဆိုရင် ပစ်မထားဘဲနဲ့ သူတို့ကို ကုစားပေးရမယ်။ ဒီလို ကျွန်တော်တို့ မူတွေကို သိရှိလာအောင် ပညာပေးရေး လုပ်ငန်းတွေကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေပြီ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
အစိုးရတပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်သား ရာနှင့်ချီ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အရပ်သား သေဆုံးမှုများလည်း ရှိခဲ့သည်။
အလားတူ ၂၀၁၁ ခုနှစ် ဇွန်လမှ လက်ရှိအချိန်ထိ အစိုးရတပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA တို့အကြား တိုက်ပွဲများ ထောင်ချီဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်သား အများအပြား သေဆုံး ထိခိုက်မှုရှိခဲ့ပြီး စစ်ပွဲများကြောင့် ဒေသခံပြည်သူ တစ်သိန်းကျော် စစ်ဘေးဒုက္ခသည် စခန်းများတွင် နေထိုင်ကြရဆဲဖြစ်ကာ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ယခု ၂၀၁၅ ခုနှစ် အောက်တိုဘာလဆန်းမှ စတင်ကာ ရှမ်းပြည်နယ် အတွင်း၌ အစိုးရတပ်မတော်နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ SSPP/SSA တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုကြောင့် နှစ်ဖက်တပ်သား သေဆုံးထိခိုက်မှုများ ရှိခဲ့သည့်အပြင် ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူ တစ်သောင်းကျော် စစ်ဘေးဒုက္ခ ခံစားနေကြရသည်။
မြန်မာနိုင်ငံရှိ လူဦးရေ၏ ရာခိုင်နှုန်း ၄၀ ခန့် နေထိုင်လျက်ရှိသော ဒေသများသည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသများ (သို့မဟုတ်) ပဋိပက္ခသင့် ဒေသများနှင့် ဆက်စပ်လျက်ရှိသော နေရာများဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ် စွန့်ခွာနေထိုင်နေရသူ ၆၅၀၀၀၀ (ခြောက်သိန်းငါးသောင်း) ဝန်းကျင်ရှိကြောင်း အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့၏ အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center မှ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ဖြန့်ဝေခဲ့သော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူ စာချုပ်ပါ အချက်အလက်များနှင့် လုပ်ငန်းစဉ်အဆင့်ဆင့် အတွက် ရှင်းလင်းချက်များ ပါဝင်သော စာအုပ်တွင် ဖော်ပြထားချက်အရ သိရသည်။
တိုက်ပွဲများ ရှိနေသရွေ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနိုင်၍ နှစ်ဖက်က ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပေးရန် မြန်မာလူ့အခွင့်အရေး ကော်မရှင် မေတ္တာရပ်ခံခဲ့ပြီး အပစ်ရပ်စဲရေးများ ဖြစ်ပေါ်မှုကို လိုလားဟုဆို















