ပြည်သူလူထု၏ အခက်အခဲများနှင့် ပတ်သက်ပြီး တိုင်ကြားစာများကို အနည်းငယ်မျှသာ အစိုးရအဖွဲ့က ပြန်ကြားသဖြင့် တိုင်ကြားစာများ လျော့နည်းလာပြီး လွှတ်တော်ကော်မတီများအပေါ် ပြည်သူများ၏ ယုံကြည်အားကိုးမှု လျော့ကျလာကြောင်း လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက ဒီဇင်ဘာ ၃ ရက်က ပြည်သူ့လွှတ်တော်တွင် အစီရင်ခံ တင်သွင်းခဲ့သည်။ကော်မတီသို့ ပေးပို့လာသော တိုင်ကြားစာများနှင့် ပတ်သက်၍ အစိုးရအဖွဲ့က ပြန်ကြားလာသော တိုင်ကြားစာ ရာခိုင်နှုန်းမှာ အနည်းငယ်မျှသာ ရှိသည့်အတွက် လွှတ်တော် စတင် ပေါ်ပေါက်လာစဉ် လွှတ်တော်အား ယုံကြည် အားကိုး၍ တိုင်ကြားလာသော ပြည်သူများ အနေဖြင့် လွှတ်တော်ကော်မတီများအပေါ် လွှတ်တော်ကာလ ၃ နှစ်ခန့်တွင် တိုင်ကြားစာများ လျော့နည်းလာပြီး ယုံကြည်အားကိုးမှု လျော့ကျလာကြောင်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။ထို့ပြင် ပြည်သူလူထု အနေဖြင့် ကြုံတွေ့နေသည့် အခက်အခဲများကို တင်ပြတိုင်ကြားမှုများနှင့် ပတ်သက်၍ လွှတ်တော်မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပေးပို့ဆောင်ရွက်ခဲ့ရာတွင် အချို့တိုင်ကြားစာများမှာ အချိန်ကာလ ကြာမြင့်သည့်တိုင် ပြန်ကြားချက် မရရှိသေးခြင်း၊ အချို့ ပြန်ကြားစာများမှာ ပြန်ကြားချက် ရရှိခဲ့သော်လည်း ထိရောက်သည့် ဖြေကြားရှင်းလင်းမှု မရှိခြင်းများ တွေ့ရှိရကြောင်းလည်း ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။ကော်မတီသို့ ဒေသအသီးသီးက ပြည်သူ့ရေးရာ ကိစ္စများနှင့် ပတ်သက်ပြီး ရောက်ရှိလာသည့် တိုင်စာ၊ အမှုတွဲစုစုပေါင်း ၃၈၇ စောင်ရှိကာ အချက်အလက် ခိုင်မာသည့် တိုင်စာ၊ အမှုတွဲများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ညွှန်ကြားချက်နှင့်အညီ ပေးပို့ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ပြန်ကြားလာသည့် အမှုတွဲပေါင်း ၉၉ စောင်သာရှိကြောင်း ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။ပြည်သူလူထုမှ ပေးပို့တင်ပြလာသည့် တိုင်စာ၊ အမှုတွဲများအနက် ကော်မတီက ဆက်လက်ဆောင်ရွက်ရန် မသင့်သည့် စာများအား မှတ်တမ်းအဖြစ် ထားရှိပြီး ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီနှင့် မသက်ဆိုင်သည့် တိုင်စာ၊ အမှုတွဲများကိုလည်း သက်ဆိုင်ရာ ကော်မတီများသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ဆောင်ရွက်ရန် ကျန်ရှိသည့် အမှုတွဲများကို အမြန်ပြန်ကြား ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း ကော်မတီက ဆိုသည်။ဒေသအသီးသီးမှ ရောက်ရှိလာသည့် တိုင်ကြားစာများကို လက်ခံဆောင်ရွက်ရာတွင် ကော်မတီ အနေဖြင့် သက်ဆိုင်ရာ ဌာနများသို့ တိုက်ရိုက်ဆက်သွယ်ပေးပို့ တင်ပြနိုင်ခြင်း မရှိဘဲ ပြည်သူ့လွှတ်တော်ရုံးမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ ပေးပို့ဆောင်ရွက်နေရခြင်းကို ပြန်လည်လေ့လာ သုံးသပ်ရန် ကော်မတီက အကြံပြုထားသည်။ပြည်သူလူထု၏ တိုင်ကြားစာများနှင့် ပတ်သက်၍ အချိန်တိုအတွင်း အစိုးရအဖွဲ့သို့ ပေးပို့နိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် အစိုးရအဖွဲ့ အနေဖြင့် လွှတ်တော်မှ ပေးပို့လာသည့် တိုင်ကြားစာများကို ပိုမိုအလေးထား စိစစ်ဆောင်ရွက်ပေးခြင်းဖြင့် လွှတ်တော်၏ လုပ်ငန်းတာဝန်များအပေါ် ပြည်သူလူထု ယုံကြည်မှု ရရှိစေမည်ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
လွှတ်တော်မှတစ်ဆင့် ပြည်သူများတိုင်ကြားမှုနှင့် ပတ်သက်၍ အစိုးရအဖွဲ့က အနည်းငယ်မျှသာ ပြန်ကြားသဖြင့် တိုင်ကြားစာ လျော့နည်းလာကာ ကော်မတီများအပေါ် ယုံကြည်မှု လျော့ကျလာကြောင်း ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ အစီရင်ခံစာတင်















