၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် ကျပ် ၅၄၀ ဒသမ ၁၁၈ သန်း ရှိနေ

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် ကျပ် ၅၄၀ ဒသမ ၁၁၈ သန်း ရှိနေ
Published 3 December 2015
ကျော်ထင်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရန် ငွေကျပ် ၅၄၀ ဒသမ ၁၁၈ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာအရ သိရသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းနှင့် လုပ်ငန်းများကို ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ အမြဲတမ်း စာရင်းစစ် အဖွဲ့မှ ဝန်ထမ်း ၂၅ ဦးဖြင့် နှစ်စဉ် ပုံမှန်စစ်ဆေးနေပြီး ခွင့်ပြု ရန်ပုံငွေ ပမာဏ များပြားသည့် ဌာနများ၊ အများပြည်သူအတွက် အရေးပါသည်ဟု ယူဆရသည့် ဌာနများနှင့် လွဲမှားချွတ်ချော်မှု ရှိနိုင်သည့် လုပ်ငန်း/ဌာနများအား ပြုပြင်တည့်မတ်ပေးနိုင်ရန် ရွေးချယ် ကောက်နုတ်၍သာ စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အင်ဂျင်နီယာဌာန (အဆောက် အအုံ)၊ အခွန်ဌာန ၊ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု)၊ အင်ဂျင်နီယာ ဌာန (လမ်း တံတား)၊ တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာန၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာန၊ ဈေးများ ဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာန၊ ခရိုင်ရုံးများ၊ ထုတ်လုပ်ရေး ဌာနနှင့် မြို့တော်ဂေါက်ကွင်းတို့မှ စုစုပေါင်း ပြန်လည် ပေးသွင်းရမည့် ငွေကျပ် ၅၄၀ ဒသမ ၁၁၈ သန်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။ပြန်လည် ပေးသွင်းရမည့်ငွေ ဖြစ်ပေါ်ခဲ့သည့် အကြောင်းအရာများတွင် အကျိုးတူ လုပ်ငန်းများ၊ အောင်မင်္ဂလာ အဝေးပြေးစခန်း အကျိုးတူ လုပ်ငန်း၊ လူကူးခုံးကျော်တံတား သုံးစင်း တည်ဆောက်ခြင်း၊ တိုက်ခန်းများ ရောင်းချမှုများမှ စာချုပ်ပါ သတ်မှတ် ရက်များအတိုင်း ပေးသွင်းမှု မရှိခြင်း စသည့်တို့ ပါဝင်ကြောင်း သိရသည်။ယင်းသို့ ပြန်လည် ပေးသွင်းရမည့် ငွေကျပ် ၅၄၀ ဒသမ ၁၁၈ သန်းအနက် နိုဝင်ဘာ ၆ ရက်အထိ ငွေကျပ် ၄၀၅ ဒသမ ၆၉၅ သန်း ပြန်လည် ပေးသွင်းခဲ့ပြီးဖြစ်၍ ငွေကျပ် ၁၃၄ ဒသမ ၄၂၃ သန်း ပေးသွင်းရန် ကျန်ရှိနေကြောင်း၊ ယင်းကျန်ငွေများအား ၂၀၁၆ ခုနှစ် မတ်လအထိ အရစ်ကျ ပေးသွင်းမည် ဖြစ်ကြောင်း ဌာန၏ ပြန်ကြားချက် ရရှိထားသည်ဟု စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အပြီးသတ် လျာထားငွေ/ခွင့်ပြုငွေမှာ ကျပ်သန်း ၂၆၃၅၇၂ ဒသမ ၁၀၉ ဖြစ်ပြီး အမှန်ရငွေ/သုံးစွဲငွေမှာ ကျပ် ၂၅၂၁၇၈ ဒသမ ၈၀၃ သန်းဖြစ်ကြောင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအောက်ရှိ ဌာနများ၏ လုပ်ငန်းနှင့် စာရင်းများအား စစ်ဆေးရာတွင် နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမည့် ငွေကျပ် ၆၇၆၅ ဒသမ ၂၉၇ သန်း ရှိခဲ့၍ ပြန်လည် ပေးသွင်းခဲ့ရကြောင်း ဇွန် ၉ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဒသမ ပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သော ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအရ သိရသည်။

Most Read

Most Recent