ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်ရှိ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အိမ်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ လွတ်လပ်သော တိုင်းဒေသကြီးအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် အစီအစဉ်မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးနှင့် လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဒီဇင်ဘာ ၂ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။ယင်းနေ့တွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ “ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်တွင် ဖြစ်ပွားခဲ့သော အသက်ရှစ်နှစ်ခန့်ရှိ မိန်းကလေးနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ နောင်တွင် အလားတူကိစ္စများကို ထိရောက်စွာ တားဆီးနိုင်ရန် လွတ်လပ်သော တိုင်းဒေသကြီးအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ မရှိ”မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့်လုံခြုံ ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။“ကျွန်မ ဒီမေးခွန်းကို မေးရခြင်းရည်ရွယ်ချက်ကတော့ အခုကိစ္စကို ထိထိရောက်ရောက် စုံစမ်းပေးဖို့ ရည်ရွယ်ချက်ထက် အခုလိုမျိုး ကိစ္စတွေ ရန်ကုန်တိုင်းဒေသကြီးမှာ ဆက်လက်ပြီးဖြစ်ပေါ်ခြင်း မရှိအောင် ထိရောက်စွာ ကာကွယ်တားဆီးရန် ရည်ရွယ်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့ကျန်ရှိနေတဲ့ သက်တမ်းကာလလေးမှာ ကော်မရှင်ကော်မတီလေးများ ဖွဲ့ပြီးတော့ တည်ဆဲဥပဒေများကို ပြန်လည်လေ့လာ သုံးသပ်ပြီးတော့ လုပ်နိုင်မလား။ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ယခင် လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စအချို့ နမူနာကောင်းအချို့ကို အခြေခံပြီးတော့ လုပ်ရင်ကောင်းမလားဆိုပြီးတော့ ဒီမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါတယ်”ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ယခုဖြစ်စဉ်တွင် စစ်ဆေးချက်များအရ မစုဝေအား သားသမီးအဖြစ် မွေးစားမည်ဟု ပြောဆိုကာ စာချုပ်ချုပ်ဆို၍ ခေါ်ယူမွေးစားခဲ့ရာမှ အိမ်ဖော် မသန်းနွဲ့ မတရားရိုက်နှက်ခြင်း၊ ကြိုးတုပ်ထားခြင်း၊ နေပူလှန်းခြင်းတို့ပြုလုပ်သည်ကို အိမ်ရှင် မယဉ်ယဉ်နွယ်က ထိထိရောက်ရောက် တားမြစ်ခဲ့ခြင်းမရှိဘဲ ဥပဒေအရ အရေးယူခံရမည်ကို စိုးရိမ်၍ တိမ်းရှောင်စေခဲ့ခြင်းပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီမှုပြုလုပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဗဟန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီး ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ)အပြင် အခြားဥပဒေများ ငြိစွန်းမှု ရှိ မရှိကို ဥပဒေအကြံပြုချက်ပေးနိုင်ရန် ၃၀-၁၁-၂၀၁၅ ရက် တွင် ဗဟန်းမြို့နယ်ဥပဒေရုံးသို့ အကြံပြုချက် တောင်းခံထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုသည်။၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေ ပြဋ္ဌာန်းပြီးနောက် ၂၀၀၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ကလေးသူငယ် နည်းဥပဒေများကို ထုတ်ပြန်ခဲ့ကြောင်း၊ ကလေးသူငယ်ဥပဒေ ပုဒ်မ ၄ အရ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းရပြီး အဆိုပါကော်မတီသည် ဥပဒေပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီကို လည်းကောင်း၊ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီကို လည်းကောင်း၊ မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီကိုလည်းကောင်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။ယင်းသို့အတိုင်း ဖွဲ့စည်းထားပြီးဖြစ်သည့် ဗဟန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အတွင်းရေးမှူး ဒေါ်စန်းစန်းထွေး၊ ဗဟန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးအရာရှိက ဖြစ်စဉ်များ၊ စိစစ်တွေ့ရှိချက်များအရ ကလေးသူငယ်နည်းဥပဒေပုဒ်မ ၁၁ (က)တွင် ဖော်ပြပါရှိသော ကလေးသူငယ်၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း ၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဆိုသည့် အချက်ကိုဦးတည်၍ ဗဟန်းမြို့နယ် တရားရုံးသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ဦးတိုက် လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်၍ သီးခြားလွတ်လပ်သော တိုင်းဒေသကြီးအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိမည် မဟုတ်ပါကြောင်း၊ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အနေဖြင့်လည်း ကလေးသူငယ်ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြန်လည်ဖြေကြားသည်။
ရှစ်နှစ်အရွယ်မိန်းကလေး နှိပ်စက်ခံရမှုနှင့် ပတ်သက်၍ လွတ်လပ်သော တိုင်းဒေသကြီးအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် အစီအစဉ်မရှိဟု ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီး ပြောကြား















