ယခုနှစ်အတွင်းတွင် ကြက်သွန် ဈေးကောင်းသောကြောင့် မုံရွာမြို့နယ်အတွင်းတွင် ကြက်သွန်စိုက်ပျိုးသူ ဦးရေမှာ ယခင်ကထက် ပိုမိုများပြားလာသည်ဟု သိရသည်။ “ ကြက်သွန်က စိုက်ရင် တစ်ဧကကို စိုက်စရိတ်က အိမ်အရောက် သိမ်းပြီးသည်အထိပေါ့ ကိုးသိန်းလောက် ကျပါတယ်။ ကြက်သွန်စိုက်တာက တန်ဆောင်မုန်းလပြည့်ကျော် နတ်တော်လဆန်းဆိုရင် စိုက်ကြတာ များပါတယ်။ စိုက်ပြီးသား ကြက်သွန်တွေကို ပြန်ဖော်တာကတော့ တန်ခူးလပြည့်ကျော်၊ ကဆုန်လဆန်းလောက်မှ ဖော်ကြတာများပါတယ်။ ကြက်သွန်ပေါ်ချိန်ဆိုရင် ဈေးက မကောင်းတော့ဘူး ။ တောင်သူတစ်ဦးကို ပုံမှန် နှစ်ဧကကနေ သုံးဧကလောက်အထိ စိုက် ကြပါတယ်။ အရင်နှစ်တွေက ပုံမှန်စိုက်တဲ့ သူတွေထက် လေး၊ ငါးဦးလောက် ပိုတိုးလာတယ်။ တချို့ကလည်း ဒေသအခေါ် မြောက်သူ (သူများမြေကို ငှားပြီး စိုက်တဲ့သူ) ပါစိုက်လာတယ်။ မြေငှားခ ချက်ချင်းပေးဆိုရင် နှစ်သိန်းပေးရတယ်။ ကြက်သွန်ပေါ်မှ ပေးတယ်ဆိုရင် နှစ်သိန်းခွဲ ပေးရပါတယ်။ ရာသီဥတုကောင်းလို့ ပုံမှန်ကြက်သွန်ထွက်တယ်ဆိုရင်တော့ တစ်ဧကကို ပိဿာချိန် ၄၀၀၀ ၊ ၅၀၀၀ လောက်ထွက်တယ်။ တောင်သူတွေကလည်း ကြက်သွန်တစ်ပိဿာကို ကျပ်၅၀၀ ၊ ကျပ် ၆၀၀ လောက်ရရင် ရောင်းကြပြီ ။ တောင်သူတွေ လက်ထဲကို ကြာကြာမလှောင်နိုင်ဘူးလေ ။ ကြက်သွန်ဆိုတာက ကြာကြာလှောင်ရင် ပုပ်တယ်။ အလေးချိန်လျော့တဲ့ သဘာဝရှိတယ်” ဟု အက်တောကျေးရွာမှ ကြက်သွန်စိုက် တောင်သူ ကိုအောင်သူက ဆိုသည်။ “ မုံရွာနယ်ထွက်တဲ့ ကြက်သွန်က ကြက်သွန် ရောင်းပန်းလှပေမယ့် မြင်းခြံ၊ ပခုက္ကူ ဖက်ကလို အရည်အသွေး သိပ်မကောင်းဘူး။ မနှစ်က ကြက်သွန်စိုက်တာ ရှုံးတယ် ။ ဒီနှစ်တော့ ကြက်သွန်ဈေး ကောင်းတယ်ဆိုတော့ စိုက်ကြတဲ့သူ များပါတယ်” ဟု အက်တောကျေးရွာမှ ကြက်သွန်စိုက်တောင်သူ ကိုအောင်သူက ဆိုသည်။ “ ဒီနှစ်မှာတော့ ကြက်သွန်စိုက်တဲ့သူ ပိုများပါတယ်။ ဒီဘက်မှာတော့ ကြက်သွန်က အောက်တော ( ရေဝင်ဒေသဘက်) ဖက်ရော ကြီးတော (ကုန်းကျပြီး မိုးရေမျှော်စိုက်ရတဲ့ မြေ ) ဖက်ရောက် စိုက်တာများပါတယ်။ ကြက် သွန်စိုက်တဲ့ သူများလာတဲ့အခါကြတော့ လုပ်သားတော့ ရှားလာတော့တာပေါ့။ ဒီနှစ်ဆိုရင် ကြက်သွန် စိုက်တဲ့သူတွေကို ဧကအပြတ် လိုက်ပေးကြရပါတယ်။ အရင်နှစ်တွေကတော့ နေ့စားနဲ့ပဲ ခေါ်တာလေ ။ နေ့စားနဲ့ဆိုရင် လုပ်သားက ခေါ်လို့တောင် မရကြတော့ဘူး။ ဧကပြတ်နဲ့ဆိုတော့ လုပ်နိုင်တဲ့သူက တစ်နေ့ကို လုပ်ခကျပ်တစ်သောင်းနဲ့ ငါးထောင်ကြားမှာ ရကြပါတယ်”ဟု မုံရွာမြို့နယ် မြေနဲကျေးရွာမှ ကြက်သွန်စိုက်တောင်သူ တစ်ဦးက ဆိုသည်။
ကြက်သွန် ဈေးကောင်းသောကြောင့် မုံရွာမြို့နယ်အတွင်း ကြက်သွန်စိုက်ပျိုးသူဦးရေ ယခင်ကထက် ပိုမိုများပြား















