နိုဝင်ဘာလ တတိယပတ်တွင်းမှ စ၍ ပခုက္ကူ ဆန်ဈေးကွက်အတွင်း မြန်မာနိုင်ငံ အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်အသစ်များ ဝင်ရောက်လာခဲ့ပြီး ယခင်နှစ် ပေါ်စဈေးထက် တစ်အိတ်လျှင် ကျပ် ၅၀၀၀ ထိ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း ဒေသခံ ဆန်ကုန်သည်များက ပြောကြားသည်။ယခင်၂၀၁၄ ခုနှစ် ပခုက္ကူဆန်ဈေးကွက်အတွင်း မိုးဆန်သစ်များ စတင်ဝင်ရောက်ချိန်တွင် မနောသုခ အမျိုးအစားဆန်တစ်အိတ် (၁၀၅ ပေါင် ) လျှင် ကျပ် ၁၇၅၀၀ မှ ကျပ် ၁၈၀၀၀ ထိခန့်ရှိခဲ့ပြီး ယခု၂၀၁၅ နှစ်တွင်မူ တစ်အိတ်လျှင် ကျပ်၂၃၅၀၀ မှ ကျပ်၂၄၀၀၀ ထိ ပေါက်ဈေးရှိကြောင်းလည်း ဆန်ကုန်သည်များထံမှ သိရသည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးချိန် မြစ်ဝကျွန်းပေါ်ဒေသ တောင်သူအများစုမှာ ပေါ်ဆန်းစပါးအား ပိုမိုစိုက်ပျိုးသည့်အတွက် မနောသုခဆန်များ အထွက်နှုန်း လျော့ကျခဲ့ဲပြီး တရုတ်ဝယ်လက်များ များပြားခြင်းကြောင့် ယခုကဲ့သို့ မိုးဆန်သစ် ဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း ဒေသခံကုန်သည်များက သုံးသပ် ပြောကြားသည်။ ပခုက္ကူဆန်ဈေးကွက်အတွင်း လက်ရှိ ရောင်းချလျက်ရှိသည့် မိုးဆန်သစ်ဈေးနှုန်းများမှာ လှောင်လက်ပြုလုပ် ရောင်းဝယ်သူများအတွက် အဆင်မပြေမှုများ ကြုံတွေ့ရပြီး ကုန်သည်များမှာလည်း ဆန်ဝယ်ယူရ ခက်ခဲကြောင်း သိရသည်။ “ ဆန်အသစ်ဈေးက မြင့်နေပေမယ့် ဝယ်ရတဲ့အခါ အတော်ခက်ပါတယ်။ ဆန်စက်တွေကို ဆက်တိုက်ဆက်သွယ်ပြီး မှာနေရတယ်။ အရင်နှစ်တွေက ဆန်သစ်ပေါ်ချိန် ဈေးမြင့်ပေမယ့် ဒီနှစ်လို ဝယ်ရမခက်ဘူး။ ဒီနှစ်ကတော့ ဝယ်ရတာ အတော်ခက်တယ်။ လိုချင်သလောက်မရဘူး။ အထွက်နှုန်းနည်းတာရော မိုးဆန်သစ် မပေါ်ခင်ကတည်းက တစ်ခြားဆန်တွေက ဈေးတွေမြင့်နေတော့ ဆန်သစ်ပေါ်ချိန်မှာ အရင်နှစ်တွေ ဈေးကောင်းသွားတာလို့ သုံးသပ်ပါတယ်။ လက်ရှိ ပခုက္ကူဈေးကွက်မှာလည်း အဝင်ရှိပေမယ့် အဝယ်သမားကတော့ နည်းပါသေးတယ်။ တောင်သူတွေ သီးနှံရောင်းချိန် ဒီဇင်ဘာလကုန်ပိုင်းလောက်မှ အရောင်းအဝယ် သွက်တာများပါတယ်” ဟု ပခုက္ကူမြို့မှ ဆန်ကုန်သည် ကိုဇော်က ပြောကြားသည်။ပခုက္ကူဆန်ဈေးကွက်အတွင်း ရွှေဘိုနယ်မှ ထွက်ရှိသည့် မိုးဆန်အသစ် (ဧရာမင်း ) များလည်း စတင် ဝင်ရောက်လျှက်ရှိပြီး ဆန်တစ်အိတ် (၁၀၈ပေါင် ) လျှင် ကျပ် ၂၃၀၀၀ ပေါက်ဈေးရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းများ မြင့်တက်ကြောင်း သိရသည်။ ပခုက္ကူ ဆန်ဈေးကွက်သို့ လာရောက် ဝယ်ယူသူ အများစုမှာ မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်များအား ရွှေဘိုဒေသထွက် မိုးဆန်များထက် ပိုမိုကြိုက်နှစ်သက်ခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်များကိုသာ အဓိက မှာယူရောင်းချကြောင်း သိရသည်။ မြစ်ဝကျွန်းပေါ် ဒေသထွက် နွေဆန်သစ်များ ပခုက္ကူ ဆန်ဈေးကွက်အတွင်း ပြီးခဲ့သည့် ဧပြီလဆန်းပိုင်း စတင် ဝင်ရောက်လာချိန်တွင်လည်း ဝယ်လက်များပြားခြင်းကြောင့် တစ်အိတ် (၂၄ပြည်)လျှင် ကျပ် ၁၉၀၀၀ ခန့်ရှိခဲ့ပြီး ယခင်နှစ် ပေါ်စဈေးနှုန်းထက် တစ်အိတ်လျှင် ကျပ်၂၀၀၀ ခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။လက်ရှိ ဒီဇင်ဘာလဆန်းပိုင်းတွင် ပခုက္ကူ ဆန်ဈေးကွက်အတွင်း မိုးဆန်ဟောင်း တစ်အိတ်လျှင် ကျပ်၂၆၅၀၀ ဖြင့် ရောင်းချနေပြီး နွေဆန်တစ်အိတ်လျှင် ကျပ်၂၅၅၀၀ မှ ကျပ် ၂၆၀၀၀ ထိ ရောင်းချနေကြောင်း သိရသည်။ ချင်းပြည်နယ်၊ ယောဒေသ၊ မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ မြို့များသို့ ဆန်တင်ပို့ ရောင်းချနေသော ပခုက္ကူမြို့ဆန်ဈေးကွက်မှာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ထွက်ရှိသော ဆန်များအား အဓိက ဝယ်ယူရောင်းချရာ ဆန်ဈေးကွက်တစ်ခုလည်း ဖြစ်သည်။
ပခုက္ကူဆန်ဈေးကွက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်သစ်များ စတင် ဝင်ရောက်လာပြီး ယခင်နှစ် ပေါ်စဈေးနှုန်းထက် တစ်အိတ်လျှင် ကျပ် ၅၀၀၀ခန့် မြင့်တက်















