ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဖမ်းဆီးခံထားရသော ပန်းနာရင်ကျပ်ရောဂါနှင့် နှလုံးရောဂါမျိုးရိုးရှိသူ ဦးခွန်ဂျာလီ၏ ကျန်းမာရေးအခြေအနေကြောင့် အာမခံလျှောက်ထားသော်လည်း လှိုင်တရားရုံးက ငါးကြိမ်မြောက်ပယ်ချ

ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဖမ်းဆီးခံထားရသော ပန်းနာရင်ကျပ်ရောဂါနှင့် နှလုံးရောဂါမျိုးရိုးရှိသူ ဦးခွန်ဂျာလီ၏ ကျန်းမာရေးအခြေအနေကြောင့် အာမခံလျှောက်ထားသော်လည်း လှိုင်တရားရုံးက ငါးကြိမ်မြောက်ပယ်ချ
Published 2 December 2015

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဖမ်းဆီးခံထားရသော ကချင်အမျိုးသား ဦးခွန်ဂျာလီ၏ ကျန်းမာရေးအခြေအနေကြောင့် အာမခံလျှောက်ထားသော်လည်း လှိုင်မြို့နယ်တရားရုံးက ငါးကြိမ်မြောက် ပယ်ချလိုက်ကြောင်း သိရသည်။ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံကို ခြေထောက်ဖြင့် နင်းထားသည့်ဓာတ်ပုံအား Facebook တွင်တင်သည်ဟုဆိုကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မင်းထွဋ်၏ အမှုဖွင့်တရားစွဲမှုကို ခံထားရပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသော ကချင်အမျိုးသား ဦးခွန်ဂျာလီကို ဒီဇင်ဘာ ၂ ရက်က လှိုင်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေတစ်ဦးဖြစ်သည့် လှိုင်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇောကို စစ်ဆေးခဲ့သည်။လှိုင်မြို့မ ရဲစခန်း မှူးဒုရဲမှူးကျော်ဇောက တပ်မတော်က တိုင်တန်းသဖြင့် အမှုဖွင့်ပုံ၊ ဦးခွန်ဂျာလီ၏ လက်ကိုင်ဖုန်းအား ရှာဖွေဖမ်းဆီးပုံ အဆင့်ဆင့်ကို ထွက်ဆိုခဲ့ပြီး ဦးခွန်ဂျာလီ၏ ဥပဒေအကျိုးဆောင် ရှေ့နေဦးသိန်းသန်း ဦး၏ မေးမြန်းမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားစွဲဆိုခြင်း မဟုတ်ကြောင်း၊ အမှုဖွင့်ပြီးနောက်မှသာ ယင်းဖြစ်စဉ်ကို သိခြင်းဖြစ်ကြောင်း၊ ၎င်းရရှိသောဘွဲ့ထဲတွင် နည်းပညာနှင့် သက်ဆိုင်သောဘွဲ့မပါရှိကြောင်း၊ Facebook အကောင့်ဆိုသည်မှာ မည်သူမဆို လုပ်နိုင်ကြောင်း၊ Facebook ကို အမေရိကန်နိုင်ငံရှိ ဝါရှင်တန်ဒီစီ မြို့တော်မှ Facebook ကွန်ရက်က ထိန်းချုပ်ထားသည်ကို မသိကြောင်း၊ Facebook အကောင့်ကို မြန်မာနိုင်ငံရှိ မည်သည့်ဝန်ကြီးဌာနတွင်မဆို မှတ်ပုံတင်စရာမလိုဟု ဆိုလျှင် နားမလည်ကြောင်း၊ သို့သော်ရဲအရာရှိထံတွင် ယခု ရုံးရှေ့ရောက်နေသူ ဦးခွန်ဂျာလီက ၎င်းအကောင့် အစစ်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ကြောင်း၊ ပို့စ်တင်ခြင်း မဟုတ်၊ share ခြင်းသာဖြစ်သည်ဟု ဆိုလျှင် ဦးခွန်ဂျာလီက တင်တာသာဖြစ်သည်ဟု ပြောသည်ဟု  ရုံးရှေ့တွင် လှိုင်မြို့မရဲစခန်းမှူးက ထွက်ဆိုသည်။“ထွက်ချက်တွေအရတော့ သူဟာ အိုင်တီဘွဲ့လည်းမရဘူး။ နောက်ပြီး တင်ထားတဲ့ တရားလိုပြသက်သေ ရှစ်ယောက်မှာလည်း တစ်ယောက်မှ အိုင်တီ နည်းပညာကျွမ်းကျင်သူ မပါဘူး။ အဲဒီတော့ ဒီကိစ္စတွေကို သိနိုင်ဖို့ ရာ ခဲယဉ်းတယ်။ နောက်ပြီး ဒီပက်ထရစ်ခွန်ဂျာလီ ဆိုသူရဲ့အကောင့်ဟာ ဦးခွန်ဂျာလီရဲ့ အကောင့်ဖြစ်ကြောင်းနဲ့ Facebookမှာ အကောင့်ဖွင့်ရင် ဘယ်ဝန်ကြီးဌာနမှ မှတ်ပုံတင်စရာမရှိဘဲ ဖွင့်နိုင်ကြောင်းကို နားမလည် ဘူးလို့ ထွက်ဆိုသွားတယ်။ နောက်ရုံးချိန်းကိုတော့ ဒီဇင်ဘာ ၁၁ ရက်နေ့ ပြန်ချိန်းလိုက်တယ်”ဟု တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးက ပြောကြားသည်။ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်ရှိသည်  ဟု ုပြဋ္ဌာန်းထားသောကြောင့် ယခုကဲ့သို့ တရားစွဲဆိုမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၃၂၃ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏အဆုံးအဖြတ်ကို ရယူသင့်ကြောင်း ရုံးတော်သို့ လျှောက်ထားခဲ့ကြောင်းနှင့် နောက်ရုံးချိန်းတွင် ယင်းလျှောက်ထားမှုအပေါ် တရားရုံးက အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။“အာမခံက ဒီနေ့လည်း လျှောက်တယ်။ ဒါဆို ငါးကြိမ်မြောက်ပေါ့။ ဒါပေမဲ့ မရသေးဘူး။ သူက ပန်းနာရင်ကျပ်ရောဂါရှိတဲ့အပြင် မျိုးရိုးအရကို နှလုံးရောဂါရှိတယ်။ အမျိုးတွေကလည်း on the spot နှလုံးရောဂါနဲ့ ဆုံးဖူးတော့  စိတ်ပူလို့ အာမခံလျှောက်ပေမယ့် ပယ်ချခံရတာပေါ့”ဟု ဦးသိန်းသန်းဦးက ဆက်လက်ပြောကြားသည်။            

Most Read

Most Recent