ကျောက်ဖြူ -ကူမင်းရထားလမ်း စီမံကိန်းမှာ MoU ပျက်ပြယ်သွားပြီဖြစ်ကြောင်းနှင့် အစိုးရသစ်အနေဖြင့် တာဝန်ယူရန် မလိုတော့ကြောင်း သိရ

ကျောက်ဖြူ -ကူမင်းရထားလမ်း စီမံကိန်းမှာ MoU ပျက်ပြယ်သွားပြီဖြစ်ကြောင်းနှင့် အစိုးရသစ်အနေဖြင့် တာဝန်ယူရန် မလိုတော့ကြောင်း သိရ
Published 2 December 2015
အငယ်ထွေး၊ နီလာ

ကျောက်ဖြူ - ကူမင်းရထားလမ်းစီမံကိန်းမှာ MoU ပျက်ပြယ်သွားပြီဖြစ်ကြောင်းနှင့် နောက်တက်လာမည့် အစိုးရသစ်အနေဖြင့် တာဝန်ယူရန် မလိုတော့ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ ဆာကူရာတာဝါ တွင် ပြုလုပ်သည့် အေအီးစီဆိုင်ရာ စကားဝိုင်းတွင် ဆွေးနွေး ပြောကြားချက်များအရ သိရသည်။“ကျွန်တော်တို့ ကျောက်ဖြူရေနက် ဆိပ်ကမ်းဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံး ရေနက်ဆိပ်ကမ်းအဖြစ် သဘာဝကြီးက ဖန်တီးပေးထားပါတယ်။ အင်မတန် ကံကောင်းပါတယ်။ တစ်ခုပြောချင်တာက တရုတ်ပြည်နဲ့ ကျောက်ဖြူကို ဖြတ်ဖောက်မယ့် ရထားလမ်းကိစ္စက expire ဖြစ်သွားပါပြီ။ MoU ပျက်သွားပါပြီ။ ရထားရယ်၊ ကားရယ်၊ ပိုက်လိုင်းရယ်၊ ဒီ Three in One  စီမံကိန်းက တရုတ်ကရော မြန်မာအစိုးရရော MoU  ထိုး ထားတဲ့သက်တမ်းက ပြီးသွားပါပြီ။ ဒါကြောင့် ဒါကမေ့ထားလို့ ရပါပြီ။ ဒါကြောင့် နောက်အစိုးရ တက်လာရင် နောက်ထပ် သက်သက် လုပ်ပါလိမ့်မယ်” ဟု ကျောက်ဖြူ  အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီမှ ဦးသန်းမောင် (စစ်တွေ)က ပြောကြားသည်။“တရုတ် ရထားလမ်းနဲ့ ပတ်သက်ပြီး ပြောချင်တာက ရထားလမ်းပဲ ဖောက်ဖောက်၊ ကားလမ်းပဲ ဖောက်ဖောက် အကုန်လုံး ဆွေးနွေးလို့ ရပါတယ်။ မရစရာလည်း မရှိပါဘူး။ ကျွန်တော်တို့ မြေကြီးပဲ။ ကျွန်တော်တို့ မဖောက်ဘူး ဆိုရတာပဲ။ သို့သော် စကတည်းက ဘာလုပ်ရမလဲဆိုတော့ ပြည်သူလူထုအားလုံးအတွက် အကျိုးအမြတ် အများဆုံးဟုတ်လား မဟုတ်လား၊ အဲဒါကို စဉ်းစားရမယ်။ အဲဒါလုပ်ဖို့အတွက် ကျွန်တော်တို့မှာ vision ရှိရမယ်”ဟု Parami Group of Companies ၏ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာမျိုးသန့်က ပြောကြားသည်။“တကယ်တမ်းကျတော့ မြန်မာပြည် တစ်ပြည်လုံးမှာ ရေနက်ဆိပ်ကမ်းလုပ်ဖို့ နေရာရှာ လိုက်တဲ့အခါမှာ နေရာတော်တော်များများမှာ မရှိပါဘူး။ ရေနက်ဆိပ်ကမ်း လုပ်ဖို့ဆိုတာ တော်တော်လေး ရှားပါတယ်။East West Economic Corridor ဒါနန်းနဲ့ မော်လမြိုင်ကို ဖောက်မယ်ဆိုတုန်းက ADB မော်လမြိုင် ဘက်မှာ Deep Seaport ဘယ်လိုမှ ရှာမတွေ့ဘူး။ သံလွင်မြစ်က နုန်းတင်တာ အရမ်းများတယ်။ အခုထိလည်း အဲဒီဘက်မှာ ရေနက်ဆိပ်ကမ်း အတွက် ရှာနေတုန်းပဲ။ ကုလားကုတ်ကျွန်းတို့ ဘာတို့ဘက်မှာ ဒါပေမဲ့ ရေနက်ဆိပ်ကမ်းဆိုတာက နိုင်ငံကူး သင်္ဘောကြီးတွေ ကပ်နိုင်တဲ့ ကုန်တင်ကုန်ချ လုပ်နိုင်တဲ့ ဆိပ်ကမ်းဖြစ်တယ်။ အခု သီလဝါကို ပြောမယ်ဆိုရင် သီလဝါမှာ အလွန်ဆုံး dept weight ကို နှစ်သောင်းနဲ့ သုံးသောင်းကြားပဲ တင်နိုင်တယ်။  ကျောက်ဖြူကို သွားမယ်ဆိုရင် ကြိုက်သလောက် တင်နိုင်မယ်။ ဆိုတော့ အဲဒီလို သယ်လို့ရတဲ့ နေရာကို သူများနိုင်ငံအတွက် မဟုတ်ဘဲ ကိုယ့်နိုင်ငံအတွက် ဘယ်လို အကျိုးရှိအောင် လုပ်မလဲ။ ဒီမဟာဗျူဟာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးနေတာပါ”ဟု Pa-rami Group of Companies ၏ အကြီးတန်း အကြံပေး ဦးအောင်မြင့်က ပြောကြားသည်။မြန်မာနိုင်ငံတွင် လမ်းတော်တော်များများ ဖောက်လုပ်ထားပြီဖြစ်ကာ corridor ၁၁ခု ခန့်ရှိကြောင်း၊ ယင်းတို့အနက် ပုသိမ်မှ ကျောက်ဖြူအထိ ဖောက်လုပ်ထားသည့် coastal corridor တစ်ခုရှိကြောင်း သိရသည်။“ပုသိမ်ဘက်ဧရိယာကို ကြည့်မယ်ဆိုရင် ဆန်စပါးထွက်တယ်။ အလယ်ပိုင်းဆိုရင် ကောက်ပဲသီးနှံ တော်တော်များများထွက်တယ်။ အိန္ဒိယကနေပြီးတော့ အဲဒီကောက်ပဲသီးနှံတွေကို တော်တော်များများ ကျွန်တော်တို့ဆီကနေ တင်တယ်။ ဒီလို ပို့တဲ့ပို့ကုန်တွေဟာ ကျောက်ဖြူကိုသာ ရောက်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံထဲက ကုန်စည်တွေဟာ တခြားနိုင်ငံကို မြန်မြန်တင်ပို့လို့ ရမယ်။ ကျောက်ဖြူကို မြန်မြန်ရောက်ဖို့ဆိုတာက လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့လိုတယ်။ ဒါကိုလည်း နိုင်ငံတော်က မြင်ဖို့လိုပါတယ်”ဟု ဦးအောင်မြင့်က သုံးသပ်ပြောကြားသည်။ထို့ကြောင့် ကျောက်ဖြူ  အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်ပြီး မှန်ကန်စွာ စီမံအသုံးချနိုင်ရန် လိုအပ်ကြောင်း၊ ယင်းသို့မဟုတ်ပါက အခြားနိုင်ငံ၏ အကျိုးစီးပွား အတွက်သာ ဖြစ်သွားလိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။“အခု ရေနက်ဆိပ်ကမ်းလို့ ပြောနေကြတာက ရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူ  အထူးစီးပွားရေးဇုန်က သက်သက်ပါ။ တချို့ကတော့ ရောထွေးပါတယ်။ ဒီနှစ်ခုက ဆက်စပ်မှုမရှိပါဘူး။ နောက်တစ်ခုက ရောထွေးတာ ရှိပါသေးတယ်။ တရုတ်ရဲ့ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံသိုလှောင်ကန်တွေထားတဲ့ ဆိပ်ကမ်း။ အဲဒီနှစ်ခုကလည်း ဒီပရောဂျက်နဲ့ မဆိုင်ပါ ဘူး။ နောက်တစ်ခုက တရုတ်ရဲ့ ဆိပ်ကမ်းက မဒေးကျွန်းမှာ ရှိပါတယ်။ အဲဒါလည်း ရေနက်ဆိပ်ကမ်း ပါပဲ။ ဒါပေမဲ့ ဒါက commercial deep seaport မဟုတ်ပါဘူး။ ဒါက gas နဲ့ ရေနံတွေ သယ်ဖို့လောက်ပါပဲ။ ဒါကလည်း ဟိုဘက်ခေတ်က အစိုးရက G to G လုပ်ထားတာပါ။ အခုလုပ်နေတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကကျတော့ G to G လုံးဝဟုတ်ပါဘူး။ B to B လုပ်နေတာပါ။ Business to Business ပါ။ တင်ဒါ process နဲ့လုပ်တာပါ။ အဲဒီတင်ဒါ process ကလျှောက်ထားတဲ့သူတွေ ရှိပါတယ်။ တင်ဒါကို ကြေညာပေးဖို့လည်း ရှိပါတယ်”ဟု ဦးသန်းမောင် (စစ်တွေ)က ပြောကြားသည်။ 

Most Read

Most Recent