လွတ်လပ်စွာ ကုန်သွယ်မှု ပြုလုပ်ရာတွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို အကာအကွယ်ပေးနိုင်သည့် ဥပဒေသုံးခုကို အတည်ပြု ပဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အစီရင်ခံစာ တင်သွင်း

လွတ်လပ်စွာ ကုန်သွယ်မှု ပြုလုပ်ရာတွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို အကာအကွယ်ပေးနိုင်သည့် ဥပဒေသုံးခုကို အတည်ပြု ပဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အစီရင်ခံစာ တင်သွင်း
Published 2 December 2015
ငြိမ်းဇော်လင်း

လွတ်လပ်စွာ ကုန်သွယ်မှု ပြုလုပ်ရာတွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို အကာအကွယ် ပေးနိုင်သည့် ဥပဒေသုံးခုကို အတည်ပြု  ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ဒီဇင်ဘာ ၂ ရက်က လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။အဆိုပါ ဥပဒေများမှာ Safeguard Law၊ Antidumping Law နှင့် Counter Vailing Law တို့ဖြစ်ကြောင်း၊ WTO ၏ အခြေခံမူအရ ကမ္ဘာ့နိုင်ငံများသည် လွတ်လပ်စွာ ကုန်သွယ်ရမည် ဖြစ်သော်လည်း နိုင်ငံတွင်း စီးပွားရေး လုပ်ငန်းများကို အကာအကွယ် ပေးသည့် ယင်းဥပဒေများကို အမေရိကန်ကဲ့သို့သော ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပါ ကျင့်သုံးလျက်ရှိကြောင်း ကော်မတီအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။“WTO အရဆိုရင် ကမ္ဘာ့နိုင်ငံတွေအားလုံးဟာ လွတ်လပ်စွာ ကုန်သွယ်ရမယ်ဆိုပြီး အခြေခံမူထားရှိခဲ့ပါတယ်။ သို့သော်လည်း တကယ်လက်တွေ့ ကျင့်သုံးတဲ့အခါမှာ လွတ်လပ်စွာ ကုန်သွယ်တာဟာ ကောင်းတာရှိသလို တစ်ဖက်ကတော့ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ အခြားပြည်ပနိုင်ငံတွေကနေပြီးတော့ ကုန်စည်တွေ ဝင်ရောက်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို ရှိခဲ့တဲ့အတွက်ကြောင့်မို့ အင်မတန် တိုးတက်ပါတယ်ဆိုတဲ့ အမေရိကန်နိုင်ငံတောင်မှ ဒီဥပဒေများ၊ မိမိပြည်တွင်းရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကို ကျင့်သုံးခဲ့ပါတယ်။ကျွန်တော်တို့ နိုင်ငံအနေနဲ့တော့ နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာ နောက်ကျပြီး ဒီနေ့ဒီအချိန်ထိ ကျင့်သုံးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းဆောင် ရွက်နေရတဲ့နိုင်ငံဖြစ်လို့ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် အခြားနိုင်ငံများလို ကျင့်သုံးဖို့ လိုအပ်တဲ့ Safeguard Law၊ Anti-dumping Law နှင့် Counter Vailing Law ဒီဥပဒေသုံးခုကို နိုင်ငံတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေသုံးခုကို ပြဋ္ဌာန်းဆောင်ရွက်နိုင်ဖို့ အတွက် ကျွန်တော်တို့ကော်မတီအနေနဲ့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်”ဟု ဒေါက်တာဝင်းမြင့်က ပြောကြားသည်။ကော်မတီအနေဖြင့် ပြဋ္ဌာန်းပြီး ဥပဒေငါးခု၊ ရုပ်သိမ်းပြီး ဥပဒေတစ်ခု၊ ကော်မတီမှ တင်သွင်းသည့် ဥပဒေတစ်ခု၊ စိစစ်ဆဲ ဥပဒေ နှစ်ခု၊ စိစစ်ရန်ကျန်ရှိသော ဥပဒေသုံးခု၊ ပယ်ဖျက်ရန် ဥပဒေသုံးခုနှင့် ဆောင်ရွက်ဆဲ ဥပဒေသုံးခုတို့ ရှိကြောင်း အစီရင်ခံစာအရ သိရသည်။ထို့အပြင် ကော်မတီဝင်များအနေဖြင့်လည်း အဆို ၁၁ ခု တင်သွင်းခြင်း၊ ကြယ်ပွင့်ပြ မေးခွန်း ၈၁ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၂၇၄ ခုတို့ကို မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေါက်တာဝင်းမြင့်က အစီရင်ခံစာ တင်သွင်း စဉ် ပြောကြားသည်။                

Most Read

Most Recent