မြကျွန်းသာဥယျာဉ်အတွင်း စီးပွားရေးအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်းသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးပေးရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတင်

မြကျွန်းသာဥယျာဉ်အတွင်း စီးပွားရေးအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်းသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးပေးရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတင်
Published 2 December 2015
ကျော်ထင်

ရန်ကုန်မြို့ရှိ အများပြည်သူ အပန်းဖြေရာ မြကျွန်းသာဥယျာဉ်အတွင်း စီးပွားရေးအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်းသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ဒီဇင်ဘာ ၁ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းခဲ့သည်။“ကျွန်မဒီအဆိုကို သြဂုတ်လက တင်ထားတာဖြစ်ပါတယ်။ အဲဒီတုန်းက လွှတ်တော်ရုံးကို တင်တဲ့နေရာမှာ ဓာတ်ပုံအထောက်အထားတွေနဲ့ တင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ စာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာအရ သိရတာကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြန်ဖြေကြားတဲ့အထဲမှာ မြကျွန်းသာထဲမှာ စီးပွားရေးအဆောက်အအုံတွေ ဆောက်လုပ်ခြင်းဟာ အင်းလျားကန်ရေပြင်ဧရိယာထဲမှာ ပါဝင်ဆောက်လုပ်ထားခြင်း မရှိပါဘူးလို့ သိရှိပါတယ်လို့ ပြောပါတယ်။ ဒါဟာ ယဉ်ယဉ်ကျေးကျေးပြောရမယ်ဆိုရင် ကျွန်မတို့ပြည်သူကို လိမ်လည်ခြင်းတစ်ရပ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မ မြကျွန်းသာဘက်က ဖြတ်သွားတိုင်းတွေ့နေရပါတယ်။ ဒီ စီးပွားရေးအဆောက်အအုံတွေဟာ အင်းလျားကန်ရေပြင်အထိ တိုးချဲ့ပြီး ဆောက်လုပ်ထားတယ်ဆိုတာကို ကျွန်မကိုယ်တိုင် မြကျွန်းသာဥယျာဉ်ထဲကို ဝင်ပြီးတော့ ဓာတ်ပုံမှတ်တမ်းတွေ ယူခဲ့တာတွေရှိပါတယ်။ ကျွန်မကိုယ်တိုင် မြင်နေရတဲ့ကိစ္စဖြစ်ပါတယ်။ အင်းလျားကန်ရေပြင် အစပ်အထိကို ကျူးကျော်ပြီးတော့ ဆောက်လုပ်ထားတဲ့ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေရှိပါရက်နဲ့ အခုလို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လက်လွတ်စပယ် ဖြေကြားထားခြင်းဟာ ဘယ်လိုမှမသင့်တော်ဘူးလို့ ယူဆပါတယ်”ဟု ဒေါက်တာညို ညိုသင်းက အဆိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။ထိုသို့ မြကျွန်းသာဥယျာဉ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များက စီးပွားရေးဆန်ဆန် အဆောက်အအုံများ ဆောက်လုပ်ကာ စီးပွားဖြစ် စီမံကိန်းများ ဆောက်လုပ်နေခြင်းကိစ္စသည် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူလူထုအတွက် အင်မတန်မှ ထိခိုက်သည့်လုပ်ငန်းဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းက ဝေဖန်ခဲ့သည်။“အဲဒီလိုပဲ ဇေကမ္ဘာကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်ရဲ့နစ်နာမှုကလည်း တစ်နှစ်ကို တစ်ဘီလျံလောက် ရှိပါတယ်။ နှစ် ၃၀ ဆို ရင် ၃၀ ဘီလျံနစ်နာတာကို တွေ့ရပါတယ်။ ဒီလို နစ်နာမှုတွေ အများကြီးရှိတဲ့အတွက်ကြောင့် အချိန်မီစာချုပ်တွေကို ပြင်ဆင်တဲ့အခါ ဒါတွေကို လုပ်ဖို့လိုပါတယ်။တစ်ဆက်တည်း မြကျွန်းသာဥယျာဉ်ကလည်း ဒီလိုမျိုးပါပဲ။ မြကျွန်းသာထဲက ကုမ္ပဏီရှစ်ခုက သိပ်မကြာခင်ကာလအတွင်းမှာပဲ ဇေကမ္ဘာကုမ္ပဏီလိုမျိုး မြေကို ထပ်ဆင့်အငှားချပြီးတော့ ငှားရမ်းမှာဖြစ်ပါတယ်။ ပြည်သူလူထု အပန်းဖြေဥယျာဉ်ဆိုတာဟာ စီးပွားရေးလုပ်ငန်းရှင်တွေကို ပုတ်ပြတ်ပေးပြီး တစ်ဆင့်ပြန်ပြီးတော့ အငှားချထားတဲ့ လုပ်ငန်းကိုလုပ်စေတာလားဆိုတာကို ပြန်လည်သုံးသပ်ဖို့ အနေအထား ဖြစ်ပါတယ်။ ဒီနေ့ ကျွန်မတင်သွင်းတဲ့အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ထားခြင်းအားဖြင့် ဒါနောက်နောင်သော အစိုးရတွေက ဒီလိုနမူနာဆိုးတွေကို ရှောင်ကြဉ်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။မြကျွန်းသာဥယျာဉ်အတွင်း မက်စ် မြန်မာ၊ ဧဒင်၊Inya Palace ၊ Magic Land ၊ Nay La Pwint Service ၊ MGS Resort and Entertainment ၊ Good Shan Brother ၊ Rya Ji  စသည့် ကုမ္ပဏီရှစ်ခုကို မြေငှားရမ်းထားခြင်းဖြစ်ပြီး ယင်းအထဲတွင် စီးပွားဖြစ်အဆောက်အအုံများ ဆောက်လုပ်မှုမှာ အင်းလျားကန်ရေပြင်သို့ ကျူးကျော်ဆောက်လုပ်ထားမှုများ ဓာတ်ပုံအထောက်အထားများ ထွက်ပေါ်ခဲ့ပြီး နောက် ဝေဖန်မှုများရှိခဲ့ရာ ယင်းကိစ္စကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခုံရုံးခွဲ့စစ်ဆေးနေသည်ဟုဆိုကာ ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့သည်ဟု ဆိုသည်။နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးသို့ တင်ပြခဲ့သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအရ မြကျွန်းသာဥယျာဉ်အတွင်း လုပ်ကိုင်နေသည့် ကုမ္ပဏီရှစ်ခုအား မြေငှားရမ်းခြင်းအတွက်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ ခွင့်ပြုမိန့် တင်ပြခြင်းမရှိကြောင်း၊ မြေငှားရမ်းထားမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အိတ်ဖွင့် တင်ဒါ ခေါ်ယူမှုမရှိကြောင်း ပါရှိသည်။မြကျွန်းသာဥယျာဉ်ကို ကုမ္ပဏီရှစ်ခုအား ၂၀၁၃ ဧပြီ ၁ ရက်မှ ၂၀၇၃ မတ် ၃၁ အထိ နှစ် ၆၀ သက်တမ်းအား တစ်နှစ်လျှင် တစ်ဧက ၁၂ သန်းဖြင့် ငှားရမ်းထားခြင်းဖြစ်ပြီး မြေငှားရမ်းခနှင့် စပ်လျဉ်း၍ တစ်နှစ်ပြည့်သည့်အခါ လက်ရှိငှားရမ်းခနှုန်းထား၏ ၁၀ ရာခိုင်နှုန်းထက်မပိုဘဲ တိုးမြှင့်ရန် ပါရှိသော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကြိုတင်ငှားရမ်းခ ပေးသွင်းထားသော်လည်း ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံထားခြင်း မရှိသည်ကိုတွေ့ရကြောင်းလည်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ပါရှိသည်။

Most Read

Most Recent