သာယာဝတီအကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရစဉ် ကျန်းမာရေးဆိုးရွားနေသော ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူ ရှစ်ဦးအား သာယာဝတီဆေးရုံတွင် ကုသရာ လုံလောက်သောဆေးဝါးမရှိသဖြင့် ဒီဇင်ဘာ ၁ ရက် ညနေပိုင်းတွင် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကြောင်းသိရသည်။အဆိုပါ ကျန်းမာရေးဆိုးရွားနေသည့် ကျောင်းသားများနှင့် ဝန်းရံသူ ရှစ်ဦးမှာ သာယာဝတီမြို့နယ်တရားရုံး၌ ထုတ်လာစဉ် သာယာဝတီမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးစစ်မှုခံယူခဲ့ရာ ပြင်းထန်သောရောဂါများ ခံစားနေရပြီး အဆိုပါဆေးရုံတွင် ၄င်တို့အား ကုသရန်အတွက်လုံလောက်သည့် ဆေးဝါးများမရှိသည့်အတွက် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသရန် လွဲပြောင်းပေးရခြင်းဖြစ်ကြောင်း သိရသည်။အဆုတ်ရောဂါခံစားနေရသည့် ကျောင်းသားတစ်ဦးဖြစ်သည့် ကိုမင်းမင်းဇော်က “သာယာဝတီဆေးရုံအုပ်ကြီးက ကျွန်တော်တို့ ရှစ်ဦးဟာ ဒီမှာကုဖို့အတွက် ဆေးဝါးလုံလောက်မှု မရှိဘူးဆိုပြီး ရန်ကုန်ဆေးရုံကြီးကို လွဲတယ်။ ကျွန်တော်ဆိုရင် အဆုတ်မှာ အစက်အပြောက်တွေ တွေ့နေရတယ်လို့ ဆေးစစ်ချက်အရ သိရတယ်။ အဖမ်းခံတုန်းကစပြီး ကျောက အောင့်နေတာ။ လွန်ခဲ့တဲ့၂ ပတ် ၃ ပတ်ကစပြီး ကျွန်တော်ဝေဒနာက မသက်သာဘူး။ ညာဘက်တွေဆို အိပ်မရဘူး။ ကျောတွေ ရင်တွေ အောင့်တယ်။ ဒီမနက် ရုံးထုတ်တုန်းက တအားမောပြီး အသက်ရှူလိုက်တိုင်း ရင်ဘတ်က အောင့်အောင့်လာတယ်´´ဟု ဒီဇင်ဘာ ၁ ရက် ညနေပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသရန်အတွက် ကျောင်းသားများနှင့် ဝန်းရံသူ ရှစ်ဦးအား သာယာဝတီမြို့နယ်တရားသူကြီး၏ ခွင့်ပြုချက်ဖြင့် သွားရောက်ခြင်းဖြစ်ကြောင်းသိရသည်။“အစကတော့ သာယာဝတီမြို့နယ် တရားသူကြီးက အမှုကို ရုံးချိန်းပြးီပြီ ဖြစ်တဲ့အတွက် သူ့ဆီမှာ ခွင့်ပြုချက်မတောင်းဘဲ အကျဉ်းထောင်က ခွင့်ပြုချက်ကို တောင်းပါလို့ပြောတယ်။ နောက်တော့ ခရိုင်ရဲတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းလိုက်တော့ မြို့နယ်တရားသူကြီး ခွင့်ပြုချက်နဲ့ ကျွန်မအပါအဝင် ဆေးကုသမှုခံယူမယ့် ရှစ်ဦးရယ် သူတို့မိဘတွေရယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရန်ကုန်ဆေးရုံကြီးကို သွားနေပါပြီ´´ဟု ရှေ့နေဖြစ်သူ ဒေါ်ခင်ခင်ကျော်ကပြောကြားသည်။ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူ ရှစ်ဦးတို့တွင် မဟန်နီဦးတွင် အရေပြားရောဂါ၊ ကိုမင်းမင်းဇော်တွင် အဆုတ်ရောဂါ၊ ကိုဘိုဘိုမျိုးတွင် ကျီးပေါင်းရောဂါ၊ ကိုမျိုးထက်ပိုင်တွင် အစာအိမ်ရောဂါ၊ ကိုခင်မောင်ဝင်းတွင် နားနှင့် အာရုံကြောရောဂါ၊ ကိုဝေယံထွန်းတွင် အရိုးအကြောရောဂါ၊ ကိုတေဇာထွန်းတွင် အာရုံကြောရောဂါနှင့် ကိုကျော်စွာလင်းတွင် ကျောက်ကပ်ရောဂါ စသည့် ဝေဒနာများ ခံစားနေရသည့်အတွက် ဆေးရုံသို့ တင်ပို့ကုသရခြင်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဆိုးရွားနေသော ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူ ရှစ်ဦးအား သာယာဝတီဆေးရုံတွင် ကုသရာ ဆေးဝါးလုံလောက်မှုမရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသ















