စတော့အိတ်ချိန်းနှင့် ပတ်သက်၍ အယုံမလွယ်စေရန်နှင့် သံသယရှိပါက စတော့အိတ်ချိန်း ကြီးကြပ်ရေးအဖွဲ့အား တိုင်ပင်ရန်၊ အချိန်မရွေးမေးမြန်းရန် ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား

စတော့အိတ်ချိန်းနှင့် ပတ်သက်၍ အယုံမလွယ်စေရန်နှင့် သံသယရှိပါက စတော့အိတ်ချိန်း ကြီးကြပ်ရေးအဖွဲ့အား တိုင်ပင်ရန်၊ အချိန်မရွေးမေးမြန်းရန် ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား
Published 29 November 2015

ရင်းနှီးမြှုပ်နှံမှု ပြုရာတွင် စတော့အိတ်ချိန်းနှင့် ပတ်သက်၍ အယုံမလွယ်စေရန်နှင့် သံသယရှိပါက စတော့အိတ်ချိန်း ကြီးကြပ်ရေးအဖွဲ့အား တိုင်ပင်ရန်နှင့် အချိန်မရွေးမေးမြန်းရန် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး၊ မြန်မာ့ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်မှု ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။“ပြည်သူတွေအနေနဲ့ ကိုယ်မသိတဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အထူးသဖြင့်  စတော့အိတ်ချိန်းနဲ့ ပတ်သက်ပြီးတော့ အယုံမလွယ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သံသယရှိတယ်ဆိုရင် ကျွန်တော်တို့ စတော့အိတ် ချိန်း ကြီးကြပ်ရေးအဖွဲ့ဖြစ်ဖြစ် ဘဏ္ဍာရေး ဝန်ကြီးဌာနကိုဖြစ်ဖြစ် တိုင်ပင်ပါ။ စတော့အိတ်ချိန်းနဲ့ ပတ်သက်လို့က အချိန်မရွေးမေးလို့ရပါတယ်။ ကျွန်တော်တို့ကတော့ အဓိက အကြံပေးတာ (Consulting) လုပ်တာပါ” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။ရန်ကုန်စတော့အိတ်ချိန်းကို မြဝတီဘဏ်ရုံးချုပ်ဟောင်းတွင် ၂၀၁၅ ဒီဇင်ဘာ ၉ ရက်တွင် ပထမဆုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် တရားမဝင် စတော့အိတ်ချိန်း  သင်တန်းများကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖွင့်နေကြကြောင်း၊ အဆိုပါသင်တန်းများသည် အသိအမှတ်ပြု သင်တန်းများ မဟုတ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။“လွန်ခဲ့တဲ့လကဆိုရင် ကြော်ငြာတစ်ခုတွေ့တယ်။ မန္တလေးနဲ့ ရန်ကုန်မြို့ကြီးတွေမှာ အဲဒီသင်တန်းပေးမယ်ဆိုပြီး ကြော်ငြာတယ်။ ကျွန်တော်တို့က လူကိုယ်တိုင်ရော စာနဲ့ပါ အဲဒီကသင်တန်းတာဝန်ခံကို လာခဲ့ပါ။ မေးကြည့်ချင်လို့ပါ ပြောတော့ တစ်ခါတည်း ခေါ်လို့မရတော့ဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ယုံကြည်မှု မရှိနိုင်ဘူးဆိုတာ ပေါ်လွင်တယ်။ ကျွန်တော်တို့က စနစ်တကျ ကျွမ်းကျင်တဲ့ သူတွေနဲ့ပဲ သင်စေချင်တာ။ အမှန်တကယ် သင်မယ့်သူစာရင်းတွေကို စိစစ်နေပါတယ်။ မကြာခင် ထုတ်ပြန်ပေးပါမယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ မလောကြဖို့ လိုပါတယ်။ အလိမ်ခံရမယ့် အန္တရာယ်ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ရန်ကုန်စတော့အိတ်ချိန်းကို စတင်ရာတွင် အများပိုင်ကုမ္ပဏီ ခုနစ်ခုခန့်ဖြင့် စတင်သွားမည်ဖြစ်ကာ စတော့အိတ်ချိန်း စာရင်းဝင်ရန် စံသတ်မှတ်ချက် ၁၇ ချက်နှင့် ပြည့်မီသည့် ကုမ္ပဏီများဖြင့်သာ စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၈ နိုင်ငံ အနက် စတော့အိတ်ချိန်းတည်ထောင်ရခြင်း  မရှိသည့်နိုင်ငံမှာ သုံးနိုင်ငံဖြစ်ကြောင်း၊ ယင်းအထဲတွင် မြန်မာနိုင်ငံသည် ပါဝင်နေသောကြောင့် စတော့အိတ်ချိန်း ပေါ်ပေါက်ရန်မှာ အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ရန်ကုန်စတော့အိတ်ချိန်းကို ပထမအရစ်အနေဖြင့် ငွေကျပ် ၃၂ ဘီလျံ မတည် ရင်းနှီးမှုပြုလုပ်မည်ဖြစ်ပြီး မြန်မာ-ဂျပန် ဖက်စပ် လုပ်ဆောင်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်၍ မြန်မာနိုင်ငံအနေဖြင့် ၁၆ ဒသမ ၃၁ ဘီလျံကျပ် ထည့်ဝင်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent