အန္တရာယ်ကို ဖိတ်ခေါ်သူများ မဖြစ်ဖို့

အန္တရာယ်ကို ဖိတ်ခေါ်သူများ မဖြစ်ဖို့
Published 27 November 2015
သဲသီရိကျော်

သိပ်မကြာမီ ရက်ပိုင်းလောက်က လမ်းမတော်မြို့နယ်မှာနေတဲ့ ကိုးတန်းကျောင်းသားလေး တစ်ယောက် ကျူရှင်ကနေ အိမ်ကို အပြန်လမ်းမှာ ဖုန်းလုခံရတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ လမ်းသွားရင်း ဖုန်းသုံးနေတဲ့ ကျောင်းသားလေး နောက်ကနေ လူနှစ်ယောက်က နောက်ယောင်ခံ လိုက်လာရင်း လူရှင်းတဲ့ နေရာတစ်ခု အရောက်မှာ အဲ့ဒီကျောင်းသားလေးကို ဒူးထောက် ထိုင်ခိုင်းလိုက်တယ်။ ပြီးတော့ တစ်ယောက်က ဖုန်းကိုလု၊ ကျန်တစ်ယောက်က အဲ့ဒီကျောင်းသားလေးကို လက်သီးနဲ့ လေး၊ငါးချက်လောက် ထိုးပြီး ဖုန်းကိုလုပြီး ထွက်ပြေးသွားသတဲ့။ အလုခံရတဲ့ ဖုန်းက Samsung Note 2 ဖုန်းဖြစ်ပြီး၊ အခုတော့ အဲဒီ ဖုန်းလု ထွက်ပြေးတဲ့ လူနှစ်ယောက်ကို ဖမ်းမိသွားပြီလို့လည်း သိရတယ်။
တကယ်တော့ ဒီလိုမျိုး ဖုန်းလုခံရတာ၊ ပိုက်ဆံအိတ် အလုခံရတာ၊ လူကိုရိုက်ပြီး ပစ္စည်းလုပြေးတာ၊ ငွေလုတာမျိုး ကိစ္စတွေက အမြဲတမ်းလို ကြားသိနေရလို့ မထူးဆန်းတော့တဲ့ ကိစ္စတစ်ခုလို ဖြစ်နေပါပြီ။ လူတွေက ငွေကြေး အဆင်မပြေတဲ့အခါ၊ တကယ်တမ်း ငတ်ပြတ်လာကြတဲ့အခါ၊ ဘယ်လောက်မှ အဖိုးမတန်တဲ့ ငွေလေးသောင်း ဂဏန်းလောက် တန်ဖိုးရှိတဲ့ ပစ္စည်းမျိုးကိုတောင် လူသတ်ပြီး ရယူဖို့ ဝန်မလေးတဲ့အထိ အသိစိတ် ကင်းမဲ့စွာ လုပ်ဆောင်ရက်ကြတဲ့ အဖြစ်အပျက်တွေကိုလည်း ကျွန်မတို့ မကြာခဏဆိုသလို ကြားသိနေရတာပဲ မဟုတ်ပါလား။ ဒါပေမဲ့လည်း ဒီလိုတွေ မဖြစ်အောင် ကိုယ့်ဘက်ကရော ဘယ်လိုဆင်ခြင် နေထိုင်ရမလဲဆိုတာကိုလည်း ကျွန်မတို့တွေ မေ့မေ့လျော့လျော့ နေကြတာပဲ မဟုတ်ပါလား။ တကယ်တော့ အဖြစ်အပျက်တစ်ခု ဖြစ်လာရင် လူအများက ပြုသူဘက်ကိုပဲ ကြည့်ပြီး အပြစ်ပြော ဝေဖန်တတ်ကြတာ များပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း တစ်ခုခု ဖြစ်ပြီဆိုရင် ‘ကိုယ်ချင်းမစာ လုပ်ရက်လိုက်ကြတာ။ ဒီငွေလေး တစ်ပဲခြေက်ပြားလောက်နဲ့ ဒီလိုလုစရာလား’ ‘လူတွေများ တကယ်တမ်း ငတ်ပြတ်လာရင် စဉ်းစား ဆင်ခြင်ဉာဏ်ကို မရှိကြတော့တာပါလား။ ဒီလောက် ပစ္စည်းလေးအတွက်နဲ့ လူလူချင်း ကိုယ်ချင်းမစာနာ ရိုက်နှက်လုကြပါလား’ စသဖြင့် ကိစ္စတစ်ခုကို ကြားကြားချင်း၊ သိသိချင်းအချိန်မှာပဲ ပြုလုပ်တဲ့ သူဘက်ကို စိတ်ဆိုးဒေါသဖြစ်လို့ ပြောဆိုတတ်ကြပါတယ်။ ကြာတာတော့လည်း ဒီကိစ္စတစ်ခုကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပြန်လေရော။  တစ်စုံတစ်ခု ဖြစ်လာရင် အဲဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူစရာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အဲဒါကိုတော့ မစဉ်းစားမိကြဘူး။ တစ်နေ့မှာ ငါလည်း အဲဒီလို အဖြစ်အပျက်မျိုး ကြုံရနိုင်တာပဲလို့တော့ မတွေးကြဘဲ ငါတော့မဖြစ်နိုင်ပါ ဘူးလို့ ခပ်ပေါ့ပေါ့ တွေးတတ်ကြပါတယ်။ ကိုယ်တိုင်ကြုံတွေ့မှ နောင်တရတာထက် သူများ အဖြစ်အပျက်တွေကနေ ဆင်ခြင်ပြီး သင်ခန်းစာယူတတ်ဖို့၊ ကိုယ့်အလှည့်မှာ အဲဒီလို အဖြစ်မျိုးမကြုံရဖို့ ဆင်ခြင်နေထိုင်တတ်ဖို့ လိုအပ်ပါတယ်။
အခုခေတ်မှာ လူတွေကအခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ဆင်းရဲမှုကို ရင်ဆိုင်နေကြရတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက် ပြောင်းလဲမှုနောက်ကို လိုက်ရင်းစိတ်ပိုင်းဆိုင်ရာတွေ လျော့ကျ ပျက်စီးနေကြတယ်။ အငတ်ဘေးကြုံတဲ့အခါ၊ ရွေးချယ်စရာတွေ မရှိတော့လောက်အောင် ဘေးကျပ်နံကျပ် အခက်အခဲတွေ ကြုံလာရတဲ့အခါ၊ ထွက်ပေါက်မဲ့လာတဲ့ အခါ ဉာဏ်ပညာ မဲ့တဲ့သူတွေက စဉ်းစားတွေးခေါ်မှုနဲ့ ဆင်ခြင်တုံတရား ဆိုတာတွေထက် လုပ်သင့်တာ၊ မလုပ်သင့်တာတွေထက် တဒင်္ဂဖြစ်ပေါ်လာတဲ့ စိတ်အတိုင်း စိတ်ထင်ရာ လုပ်မိတတ်ကြပါတယ်။အဲဒီလိုအချိန်မျိုးမှာ တခြားသူဆီက ငွေကြေး၊ ပစ္စည်းဥစ္စာကို အလွယ်တကူ လုယူဖို့၊ ခိုးယူဖို့ ဝန်မလေးကြတော့ဘူး။ ဒါဟာ ဒီနေ့ခေတ်မှာ ဖြစ်ပျက်နေတဲ့ လက်တွေ့အဖြစ်အပျက်တွေပဲ။
ဒီလို သူများဆီက ငွေကြေး၊ ဥစ္စာပစ္စည်းတွေကို လုယူတဲ့သူ၊ ခိုးယူတဲ့သူတွေအတွက် ဥပဒေကပေးတဲ့ အပြစ်ဒဏ်ကို သူတို့ခံရတဲ့ အချိန်က နောက်မှ ဖြစ်တဲ့ကိစ္စပါ။ အရင်ဆုံး အဲဒီလို ကိုယ့်ငွေ၊ ကိုယ့်ပစ္စည်းဥစ္စာကို လုယူခံရတဲ့အခါ ကိုယ်ခံစားရတဲ့ စိတ်သောကက ဘယ်လောက်ထိ ကြီးမားလိုက်မလဲ။ ငွေကြေးဥစ္စာကို အသာတကြည် ယူသွားရင်ဖြင့် တော်သေးရဲ့။ တကယ်လို့များ ကိုယ့်ကို ထိခိုက်ဒဏ်ရာရအောင် ထိုးကြိတ်မယ်၊ ကိုယ့်အသက်အန္တရာယ်ကိုတောင် ထိခိုက်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကိုယ်ကဘယ်လောက်ပဲ ခုခံကာကွယ်ပါစေ၊ ကြိုတင်ကြံစည်ထားတဲ့ သူတွေဆိုတာ လက်နက်တစ်စုံတစ်ရာ မပါဘူးလို့လည်း ပြောလို့ရတာမှမဟုတ်တာ၊ သူတို့က သူများပစ္စည်းဥစ္စာကိုတောင် အလွယ်တကူ မဆင်မခြင် ယူရဲသေးတာပဲ။ တခြားအရာတွေကို လူ့အသိစိတ်နဲ့ ထိန်းချုပ်နိုင်ပါ လိမ့်မယ်လို့လည်း ဘယ်လို ယုံကြည်လို့ရပါ့မလဲ။ ဘာမဟုတ်တဲ့ ငွေကြေးတန်ဖိုးလောက် အတွက် သူတို့က လူ့အသက်တစ်ချောင်းကို တန်ဖိုးမထားစွာ လုပ်ရက်ကြရင်တောင် လူဆိုတာကတော့ ကိုယ့်အသက်အန္တရာယ်ကို ထိခိုက်လာတော့မယ့် အချိန်မှ ခုခံကာကွယ်တာထက် ဒီလိုမျိုးတွေ မဖြစ်လာခင်ကတည်းက တတ်နိုင်သမျှ ဆင်ခြင်နေထိုင်နေတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဟိုတစ်လောတုန်းကလည်း အသက်လေးနှစ်အရွယ် ကလေးတစ်ယောက်ရဲ့ နားကပ်ကို အသက် ၈ နှစ်အ ရွယ်ကလေးနဲ့ ၁၀ နှစ်အရွယ်တို့က လုယူရင်း လေးနှစ်အရွယ် ကလေးကို သတ်ပစ်လိုက်တဲ့ ကိစ္စတစ်ခု ဖြစ်ပွားတုန်းကလည်း ကလေးအရွယ် သာသာလေးတွေကတောင် ဘာမဟုတ်တဲ့ နားကပ် သေးသေးလေး တစ်ခုအတွက်နဲ့ လူသတ်တဲ့အထိ လုပ်တတ်နေကြပြီလားဆိုပြီး လူအများက ပြောဆို ဝေဖန်ခဲ့ကြပါတယ်။ ဟုတ်ပါတယ်။ လူကြီးတွေသာမကဘဲ ကလေးတွေကအစ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေ နောက်ကိုလိုက်ရင်း အသိစိတ်တွေ ပျောက်နေကြကုန်ပါပြီ။ လူတစ်ယောက်ကို ပုရွက်ဆိတ်လေး၊ ခြင်လေးတစ်ကောင် သတ်သလောက် ပုံစံနဲ့ အလွယ်တကူ သတ်ရဲလာကြတာက အကြီးမားဆုံး ဆုတ်ယုတ်မှုကြီး တစ်ခုပါ။ သူတို့ကို အပြစ်ပေးတာကနောက်ပါ။ သေတဲ့လူက အရွယ်မတိုင်ခင်မှာ ဘာမဟုတ်တဲ့ ရွှေနားကပ်လေး တစ်စုံအတွက်နဲ့ မရှုမလှ သေဆုံးခဲ့ရပါတယ်။ ဒီကလေးအရွယ်လေးကို ရွှေမဆင်ပေးတော့ရော ဘာဖြစ်သွားမှာမို့လို့လဲ။ ကလေးငယ်လေးကို ရွှေငွေလက်ဝတ် ရတနာတွေ ဆင်ပေးလို့လည်း ပိုမလှသွားပါဘူး။ ငွေကြေးဥစ္စာရှိတာပဲ ဆိုပြီးလည်း လူပိုအထင် မကြီးလာပါဘူး။လူကြီးမိဘတွေ အနေနဲ့လည်း ဆင်ခြင်သင့်ပါတယ်။
အခုလည်း ကိုးတန်းကျောင်းသားလေးရဲ့ သုံးသိန်းခွဲလောက်သာ တန်တဲ့ ဖုန်းတစ်လုံးအတွက် သူများအထိုးအကြိတ်ခံရ၊ အလုခံရနဲ့။ အသက်အန္တရာယ် မပေးသွားတာဘဲ ကံကောင်းလှပြီ ဆိုရမယ်ထင်ရဲ့။ ကျောင်းသား တစ်ယောက်နဲ့ ဒီဖုန်းက ဘာဆိုင်သလဲ။ နိုင်ငံတကာမှာလည်း ကျောင်းသားအရွယ်တွေ ဖုန်းကိုင်ကြတာပဲ၊ ဒီလိုပဲ လမ်းသွားရင်းလည်း သုံးနေကြတာပဲလို့ ပြောစရာရှိလိမ့်မယ်။ ဒါပေမဲ့ သူတို့က ဖွံ့ဖြိုးပြီးတိုင်းပြည်တွေ၊ ကိုယ်တွေက အခုမှ ဖွံ့ဖြိုးဆဲတိုင်းပြည်။ သူတို့က ဒီလို အသုံးအဆောင်တွေနဲ့ အသားကျနေတဲ့သူတွေ၊ ကိုယ်တွေက မကြာသေးမီကမှ ဆင်းမ်ကတ်တွေကို ဈေးပေါပေါနဲ့ ချပေးလို့ နည်းပညာကို ဘယ်လို အသုံးပြုရမယ်ဆိုတာတွေနဲ့ လည်း အကျွမ်းမဝင်သေးဘဲ ခေတ်နဲ့အမီဆိုပြီး ကလေးတွေကလည်း သူများတွေ ဟန်းဖုန်းကိုင်တော့ ကိုယ်လည်းကိုင်ချင်တယ်။ ဖုန်းဝယ်ပေးရင်လည်း သာမန် Key Pad ဖုန်းလောက် မပြောနဲ့ Touch တောင်မှ ဘာ Touch မှ ညာ Touch မှ၊ နောက်ဆုံးပေါ် Brand မှ ဆိုတာမျိုး။ သားသမီးတွေ ပူဆာသမျှကို မိဘတွေကလည်း သူများနဲ့ တန်းတူဖြစ်အောင်၊ သားသမီးမျက်နှာ မငယ်အောင် ဆိုပြီး ဝယ်ပေးကြတယ်။ တကယ်တော့ ဒါတွေဟာ ကိုယ့်သားသမီးကို လိုအပ်တာထက် ပိုအလိုလိုက်ခြင်းပဲ ဖြစ်သလို၊ ကလေးကို ချစ်တာထက် ကလေးအတွက် အန္တရာယ်ကို ဖိတ်ခေါ်ပေးသလို ဖြစ်စေတယ်ဆိုတာကို လူကြီး မိဘတွေအနေနဲ့လည်း နားလည်ထားဖို့ လိုအပ်ပါတယ်။ အခုခေတ်မှာက ကိုယ့်မှာရှိတိုင်းလည်း ကြွားချင်ရုံသက်သက်နဲ့ ထုတ်ဝတ်ချင်တိုင်း ဝတ်လို့ ရတာမဟုတ်။ ကိုယ်က လိုင်းကားစီးရတဲ့ လူတစ်ယောက်ဖြစ်ပြီး ရွှေငွေ လက်ဝတ်လက်စားတွေကို လူရှိန်အောင်ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင်က ကြိုက်လို့ ဝတ်တာပဲဖြစ်ဖြစ် လိုအပ်တာထက်ပိုပြီး ဝတ်စားထားရင်း ကိုယ့်သေတွင်း ကိုယ်ဖိတ်ခေါ်နေသလို ဖြစ်နေမယ် ဆိုတာကိုတော့ ဆင်ခြင်သင့်ပါတယ်။
ဒီလိုပါပဲ။ ကျောင်းသား အရွယ်မှာ ကိုယ့်ပညာရေးကို သူများထက် ထူးချွန်အောင် ကြိုးစားပြီး ကိုယ့်အရည်အချင်းကို ထုတ်ဖော်နိုင်ဖို့ပဲ အရေးကြီးတာပါ။ ဘာမဟုတ်တဲ့ အပေါ်ယံ ဂုဏ်တုဂုဏ်ပြိုင် ကိစ္စတွေ၊ ရွှေငွေ လက်ဝတ် လက်စားတွေ ဝတ်ဆင်လို့ ဘယ်သူက ဘယ်သူ့ထက် ပိုချမ်းသာလဲ ပြိုင်တဲ့ကိစ္စ တွေ၊ ငါကတော့ဖြင့် ဘယ်ဖုန်းအမျိုးအစားကိုင်တာ၊ ငါကတော့ဖြင့် ဘယ်လိုတန်ဖိုးကြီး အသုံးအဆောင်မှ သုံးတာဆိုပြီး ကြွားဝါဖို့ သက်သက်၊ ဟန်လုပ်ဖို့ သက်သက်အတွက်နဲ့တော့ ကိုယ့်အသက်အန္တရာယ် ကိုယ်မဖိတ် ခေါ်ကြပါနဲ့။ ကိုယ့်မိဘက ငွေပိုငွေလျှံနေလို့၊ သုံးနိုင်ဖြုန်းနိုင်လို့ ကိုယ်ကသုံးမယ်ဆိုရင်တောင် ကိုယ့်အတွက် တကယ်လိုအပ်လို့လား၊ ကိုယ့်အသက်အရွယ် ကိုယ့်အနေအထားနဲ့ ဒီပစ္စည်းမျိုးတော့ သုံးဖို့လိုအပ်ပြီလားလို့ ဆင်ခြင်ပြီးမှ တကယ်သုံးသင့်တယ်၊ တကယ် ကိုယ့်အလုပ်အတွက် မရှိမဖြစ်လိုအပ်တယ်ဆိုမှ သုံးတာမျိုး ဖြစ်သင့်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အသက်အရွယ်၊ ကိုယ့်အနေအထားနဲ့ သုံးဖို့ မသင့်တော်သေးတဲ့ အသုံးအဆောင် ပစ္စည်းတစ်ခု၊ အခြေအနေ အချိန်အခါကို မကြည့်ဘဲ အလှအပတစ်ခုအတွက်၊ ဂုဏ်တုဂုဏ်ပြိုင်ရုံ သက်သက်အတွက်  တန်ဆာဆင်ရတဲ့ ပစ္စည်း အသုံးအဆောင်တွေကလည်း ကိုယ့်အသက်အန္တရာယ်ကို ကိုယ်တိုင်ဖိတ်ခေါ်နေသလိုမျိုး ဖြစ်စေတာမို့ အထူးသတိချပ် ဆင်ခြင် အသုံးပြုသင့်ပါတယ်ဆိုတာ  ပြောကြားရင်း.....။

Most Read

Most Recent