အမေရိကန်အခြေစိုက် Microsoft က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု စတင်သည့်အနေဖြင့် ရွှေတောင်ကုမ္ပဏီကို IT ဝန်ဆောင်မှုပေးရန် သဘောတူ လက်မှတ်ထိုး

အမေရိကန်အခြေစိုက် Microsoft က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု စတင်သည့်အနေဖြင့် ရွှေတောင်ကုမ္ပဏီကို IT ဝန်ဆောင်မှုပေးရန် သဘောတူ လက်မှတ်ထိုး
Published 26 November 2015
ဇေယျာနန္ဒ

အမေရိကန် အခြေစိုက် နိုင်ငံတကာ IT ကုမ္ပဏီတစ်ခုဖြစ်သည့် Microsoft ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု စတင်သည့် အနေဖြင့် ရွှေတောင်ကုမ္ပဏီအတွက် IT ဝန်ဆောင်မှုများပေးရန် သဘောတူညီမှု တစ်ခုကို နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့သည်။စက်တင်ဘာလအတွင်းကလည်း ကျောက်မျက်လုပ်ငန်းမှအစ ဘဏ်လုပ်ငန်းအထိ လုပ်ကိုင်သည့် ကမ္ဘောဇအုပ်စုနှင့်အလားတူ ဝန်ဆောင်မှု စာချုပ်ချုပ်ဆိုခဲ့ပြီး လက်ရှိချုပ်ဆိုသည့် စာချုပ်သည် မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံး ဈေးနှုန်းဖြင့် ချုပ်ဆိုခြင်းဖြစ်ကြောင်း Microsoft က ပြောကြားခဲ့သည်။ထိုကဲ့သို့ သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းသည် Microsoft ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရအလွန် ကာလအတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှု ထောင်ချောက်အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း Financial Times သတင်းစာက သုံးသပ်ထားသည်။Microsoft ကုမ္ပဏီနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ရွှေတောင်ကုမ္ပဏီဒါရိုက်တာ ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးအိုက်ထွန်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုလုပ်ငန်းများ နှင့် ချိတ်ဆက်မှုများရှိနိုင်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ မှတ်ချက်ပြုဖူးသူ ဖြစ်သည်။သို့သော် ဦးအိုက်ထွန်းက ၎င်းအနေဖြင့် တရားမဝင်သော လုပ်ရပ်များ လုပ်ကိုင်ခဲ့ခြင်း မရှိကြောင်း ငြင်းချက်ထုတ်ထားပြီး ထိုကဲ့သို့ စွပ်စွဲပြောကြားမှုများသည် မြန်မာနိုင်ငံအတွင်း တပ်မတော်ဗိုလ်ချုပ်များ အုပ်ချုပ်စဉ်က ပွင့်လင်းမြင်သာမှုမရှိခင် အချိန်၌ ပေါ်ထွက်ခဲ့သော သတင်းအချက်အလက် အမှားများနှင့် မနာလိုမှုများကြောင့် ဖြစ်ကြောင်း ပြောကြားထားသည်။Microsoft ကုမ္ပဏီနှင့် ယခင် သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့သည့် ကမ္ဘောဇအုပ်စုသည် ကျောက်စိမ်းထုတ်လုပ်မှုနှင့် ပတ်သက်၍ မကြာသေးမီက ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သော်လည်း ကမ္ဘောဇအုပ်စုဘက်မှ အဆိုပါ စွပ်စွဲမှုများကို ငြင်းချက်ထုတ်ထားသည်။ ကမ္ဘောဇအုပ်စုဥက္ကဋ္ဌ ဦးအောင်ကိုဝင်းသည် ယခင်က တပ်မတော်အစိုးရနှင့် ဆက်ဆံမှုများကြောင့် ဥရောပသမဂ္ဂမှ ပိတ်ဆို့အရေးယူမှု ခံခဲ့ရသူဖြစ်သည်။ သို့သော် ၂၀၁၁ ခုနှစ်အတွင်း အရပ်သားအစိုးရ လက်ထက်၌ အဆိုပါပိတ်ဆို့မှု စာရင်းကို EU မှ ဖျက်သိမ်း ပေးခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှု အချို့ကို လျှော့ချပေးခဲ့သော်လည်း စီးပွားရေး လုပ်ငန်းအများအပြားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ ဆက်လက် ကျန်ရှိနေသေးသည်။Coca-Cola ကုမ္ပဏီအနေဖြင့်လည်း မကြာသေးမီက ၎င်းနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ဒေသခံကုမ္ပဏီသည် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံမှ ကျောက်စိမ်းတင်ပို့ခွင့် ကန့်သတ်ပိတ်ပင်ထားသည့် ကျောက် စိမ်းလုပ်ငန်းတွင် ပါဝင်ပတ်သက်မှုများရှိကြောင်း ဝန်ခံခဲ့သည်။ အလားတူ ယခင်လက ဗြိတိန်အခြေ စိုက် Global witness မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် Caterpillarကုမ္ပဏီမှ ထုတ်ကုန်များကို မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ဦးဇော်ဘိုခန့်သည် မြန်မာ့ကျောက်စိမ်း စီး ပွားရေး ကွန်ရက်တွင် ပါဝင်လုပ်ကိုင်မှုများရှိကြောင်း ထောက်ပြထားသည်။မြန်မာနိုင်ငံတွင် Microsoft ၊ Caterpillar ၊ Coca-Cola နှင့် အခြားကုမ္ပဏီများ လာရောက် မြှုပ်နှံမှုများက နိုင်ငံတကာကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ပါက ကြုံတွေ့ရသည့် အခက်အခဲများကို ဖော်ပြနေသည်။နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့် အမေရိကန်မှ ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရှောင်ရှားရန်နှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်သည့် ဒေသခံကုမ္ပဏီများ၏ နောက်ခံအချက်အလက်များကို နှံ့နှံ့စပ်စပ်ရှာဖွေ စုံစမ်းရန် လိုအပ်သည်။နှစ်ပေါင်း ၅၀ ကျော်အတွင်း အလွတ်လပ်ဆုံး ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိပြီးနောက် ကုမ္ပဏီအသစ်များ မြန်မာနိုင်ငံတွင် ဝင်ရောက် လုပ်ကိုင် ရန် ကြိုးပမ်းလာနိုင်သည့်အတွက် ထိုကဲ့သို့ တင်းမာမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း Financial Times က ထောက်ပြထားသည်။Microsoft ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “Microsoft ကုမ္ပဏီရဲ့ ဝန်ဆောင်မှု သုံးစွဲသူတွေကို သက်ဆိုင်ရာ အမေရိကန်ဥပဒေ တွေ စည်းမျဉ်းတွေနဲ့ ပြန်လည်စိစစ်တဲ့ လုပ်ငန်းစဉ်တစ်ခုရှိတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနောက်ပိုင်း ဖြစ်ပေါ်လာနိုင်သည့် အရှုပ်အထွေးများ နှင့်ပတ်သက်၍ ပြောကြားသည်။ 

Most Read

Most Recent