ထောင်တွင်း အစာငတ်ခံဆန္ဒပြသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆးကုသမှုခံနေရသော ဗကသကျောင်းသား ကိုဖြိုးဓန အာမခံရရှိပြီး ဆေးရုံမှပြန်ဆင်း

ထောင်တွင်း အစာငတ်ခံဆန္ဒပြသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆးကုသမှုခံနေရသော ဗကသကျောင်းသား ကိုဖြိုးဓန အာမခံရရှိပြီး ဆေးရုံမှပြန်ဆင်း
Published 25 November 2015
သက်မင်း

ထောင်တွင်း အစာငတ်ခံဆန္ဒပြသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေရသော ဗကသကျောင်းသား ကိုဖြိုးဓနမှာ အာမခံရရှိပြီး ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
 
နိုဝင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ၎င်းဆေးကုသမှုခံယူနေရသော ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်ခွင့်ပြုချက်ဖြင့် ဆင်းခွင့်ရခဲ့ပြီး သောက်ဆေးသောက်နေရသေးသော်လည်း ကျန်းမာရေးမှာမူ ပြန်လည်ကောင်းမွန်လာပြီဟု သိရသည်။
 
“ဆရာဝန်ကြီး round လှည့်အပြီးမှာ ဆင်းခွင့်ပြုလို့ ဆင်းလာတာပါ။ အိမ်ကလည်း ညကတည်းက ခေါ်နေပြီ။ ညတုန်းကခေါ်နေတုန်းက ဆင်းဖို့ ပြောကြည့်ပေမယ့်မရလို့ အခုမှ ဆင်းလာတာ။ ကျန်းမာရေးအခြေအနေကတော့ အူမကြီးမှာ အနာဖြစ်ခဲ့တဲ့အတွက် ဆေးသောက်နေရတယ်။ အဲဒီဆေးတွေ နှစ်ပတ် ဆက်သောက်ရမယ်။ တခြားအခြေအနေတွေကတော့ အားနည်းနေတော့ လမ်းလျှောက်ရင် ကြွက်တက်တာမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ တရားရုံးက အာမခံပေးလိုက်ပြီး အပြင်မှာ ပြန်နေရပြီဆိုတော့ ထောင်ထဲမှာ လိုဆေးဝါးကုသမှု အဆင်မပြေတဲ့ အခြေအနေတွေ မရှိတဲ့အတွက် သိပ်တော့ ကိစ္စမရှိနိုင်ပါဘူး”ဟု ၎င်း၏ ကျန်းမာရေးအခြေအနေကို ကိုဖြိုးဓနက ပြောကြားသည်။
 
နိုဝင်ဘာ ၂ ရက်ကတည်းက ထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် သာယာဝတီတရားရုံး ရုံးထုတ်တွင် ကိုဖြိုးဓန၏ အမေဖြစ်သူက ဆေးကုသရန်ပြောဆိုမှုကြောင့် အစာငတ်ခံခြင်းကို မရပ်နားဘဲ ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။
 
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွှေဝါရောင်သံဃာတော်များ အပါအဝင် အဖွဲ့အစည်းအသီးသီး၏ မေတ္တာရပ်ခံချက်ကြောင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးလွှတ်ပေးရန် အစာငတ်ခံဆန္ဒပြမှုကို ဗကသကျောင်းသား ကိုအောင်မှိုင်းဆန်း အပါအဝင် အစာငတ်ခံဆန္ဒပြသူ ခုနစ်ယောက်စလုံးက ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
 
“တကယ်တော့ နိုင်ငံသားအခွင့်အရေးအရ တောင်းဆိုမှုတွေ ပြုလုပ်လို့ နိုင်ငံရေးအကျဉ်းသားဖြစ်ရတာပါ။ ရာဇဝတ်မှုတွေ ပြုလုပ်လို့ ထောင်ထဲရောက်ရတာ မဟုတ်ဘူး။ ဒီမိုကရေစီကျင့်သုံးနေတဲ့ အစိုးရဆိုရင် နိုင်ငံရေးအကျဉ်းသားတွေဖြစ်အောင် မဖမ်းသင့်ဘူး။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရကို ပျက်သုဉ်းစေတာပဲ။ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ ဖက်ဆစ်စနစ်ပုံစံပဲ။ ကျွန်တော်တို့က ပြန်လွှတ်ပေးရေးဆိုပြီး တောင်းစရာကို မလိုတာ။ စကတည်းကကို မဖမ်းသင့်ဘူး။ ကျွန်တော်တို့ အခု hunger ရပ်လိုက်တယ်ဆိုပေမယ့် ယာယီရပ်ဆိုင်းမှုပဲ။ ထောင်တွင်းမှာ ဒီနည်းနဲ့ ဆန့်ကျင်စရာရှိလို့သာ ဒီနည်းနဲ့ ဆန့်ကျင်လိုက်တာပါ။ နောက်လည်း  နိုင်ကျဉ်းလွတ်မြောက်ရေးအတွက် ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ လှုပ်ရှားဖို့ စဉ်းစားထားပါတယ်”ဟု ကိုဖြိုးဓနက ဆက်လက်ပြောကြားသည်။                 

Most Read

Most Recent