(၈၄) ကြိမ်မြောက် တောင်ငူနှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲ ကျင်းပ

(၈၄) ကြိမ်မြောက် တောင်ငူနှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲ ကျင်းပ
Published 25 November 2015
ဇော်ဝင်းချစ်

တောင်ငူမြို့တွင် နိုဝင်ဘာ ၂၄ ရက် တန်ဆောင်မုန်းလဆန်း ၁၃ ရက်က (၈၄) ကြိမ်မြောက် နှစ်ကျပ်ရှစ်ဆူ ဘုရားလှည့်လည် ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားခဲ့ကြောင်း သိရသည်။“ပွဲတော်ကျင်းပရေး ကော်မတီကနေပြီးတော့ နှစ်ကျိပ်ရှစ်ဆူဘုရားတွေ ပင့်ဆောင် ပူဇော်ဖို့အတွက် ရပ်ကွက်တစ်ခုကို ကျပ် ၁၅ သိန်းချပေးပါတယ်၊ အစဉ်အလာမပျက် ကျင်းပတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို အကောင်းဆုံးဖြစ်အောင် ငွေပံ့ပိုးပေးတဲ့သဘောပါပဲ၊ မြို့တွင်းဒေသစာရီ လှည့်လည်ပူဇော်ပွဲကြီးမှာ ကိုယ့်ရပ်ကွက်အလိုက် ပင့်ဆောင်ပူဇော်ခွင့်ရတဲ့ ဘုရားတွေ ပင့်ဆောင်ရေးယာဉ်တွေကို အသပ္ပာယ်ဆုံးနှင့် အလှဆုံးဖြစ် အောင်တော့လုပ်ထားပါတယ်၊ တောင်ငူမြို့ပေါ် ၂၃ ရပ်ကွက်လုံးက ဘုရား ၂၃ ဆူပင့်ရတယ်၊ ကျန်တဲ့ငါးဆူကိုတော့ တခြားအသင်းအဖွဲ့တွေနဲ့ လုပ်ငန်းရှင်တွေက ပင့် ဆောင်ပူဇော်တာပါ”ဟု တောင်ငူမြို့ ရပ် ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။ “ကျွန်တော်တို့ငယ်ငယ်တုန်းက ဆိုရင်တော့ နှစ်ကျိပ်ရှစ်ဆူဘုရားကို လပြည့်နေ့မှာ လှည့်တာ၊ နာမည်ကြီးအဆိုတော်တွေပါတဲ့ ဖျော်ဖြေရေးယာဉ်တွေကလည်း ဘုရားလှည့်တဲ့နေ့မှာပဲ ဖျော်ဖြေကြတာ၊ ခရိုင်အ တွင်း မြို့နယ်တွေက ကျေးလက်ပါမကျန် လူတွေအကုန်နီးပါး တောင်ငူမြို့ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည် ပူဇော်ပွဲနဲ့ စတိတ်ရှိုးဖျော် ဖြေပွဲကို မိုးအလင်းပေါက် လာကြည့်ပြီးမှ ပြန်ကြတာပဲ၊ အခုနောက်ပိုင်းကျတော့ ဘုရားလှည့်တဲ့အချိန်မှာ ဖျော်ဖြေရေးတီးဝိုင်း တွေကလည်းမပါတော့တဲ့အတွက် တောင်ငူနှစ်ကျိပ်ရှစ်ဆူက တစ်ခုခု လိုအပ်သလိုတော့ ခံစားရတာပေါ့၊ နှစ်ကျိပ်ရှစ်ဆူလှည့်တဲ့ အချိန်မှာတီးဝိုင်းမပါတော့၊ တခြားမြို့ နယ်ကနေ ဘုရားလှည့်ပွဲကို တကူးတက လာဖူးတာမျိုး သိပ်မရှိတော့ဘူးပေါ့၊ ဟိုးအရင်တုန်းက တောင်ငူနှစ်ကျိပ်ရှစ်ဆူပွဲကို ပြန်မြင်ယောင်သတိရမိတာတော့ အမှန်ပဲ”ဟု တောင်ငူမြို့ခံတစ်ဦးက ပြောကြားသည်။နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား ညနေ ၃ နာရီမှည ၁၂ နာရီအထိမြို့တွင်း ဒေသစာရီလှည့်လည် အပူဇော်ခံခဲ့ပြီး၊ ရပ်ကွက်အလိုက် ဘုရားအမှတ်များ ပင့်ဆောင်ပူဇော်ရာတွင် ဘုရားကားများအား အသပ္ပာယ်ဆုံးနှင့် အလှပဆုံးဖြစ်အောင် ပြင်ဆင်ပင့်ဆောင်ပူဇော်ခံကြသည်။ အပူဇော်ခံသော ဘုရားကားများအား အမှတ်ပေးဗဟိုမဏ္ဍပ်ရှေ့သို့ လာရောက်ယှဉ်ပြိုင်စေကာ အမှတ်ပေးဒိုင် လူကြီးများက သတ်မှတ်စည်းမျဉ်းများ အတိုင်း အမှတ်ပေး၍ ပထမ၊ ဒုတိယ၊ တတိယ ဆုနှင့် နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ကြပြီး တောင်ငူမြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့် လည်ပူဇော်ပွဲမှာ (၈၄) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။                        

Most Read

Most Recent