ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သူ တင်မြင့်အား လူသတ်မှုအပါအဝင် ပုဒ်မနှစ်ခုဖြင့် တောင်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်

ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သူ တင်မြင့်အား လူသတ်မှုအပါအဝင် ပုဒ်မနှစ်ခုဖြင့် တောင်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်
Published 25 November 2015
အောင်ကျော်ထက်

သန်လျင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သူ တင်မြင့်အား တောင်ပိုင်းခရိုင် တရားရုံးတွင် နိုဝင်ဘာ ၂၅ ရက်က ရုံးထုတ်ခဲ့ပြီး လူသတ်မှုအပါအဝင် ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။
 
အဆိုပါ ရုံးချိန်းတွင် တင်မြင့်အား တောင်ပိုင်းခရိုင် တရားသူကြီးက ပုဒ်မ- ၃၀၂ (၁) (ခ) (လူသတ်မှု) နှင့် ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် နာကျင်စေမှု) တို့ဖြင့် စွဲချက်တင်ခဲ့မှုကို တင်မြင့်က မိမိထံသို့ ရဲနှစ်ဦး လာရောက်စဉ် တည်းခိုခန်းတံခါးအား ဖွင့်ပေးခဲ့ကြောင်း၊ ထိုသို့ ဖွင့်ပေးစဉ် ရဲနှစ်ဦးက အသင့်ပါလာသည့် နံပါတ်တုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း၊ မိမိကို မရိုက်ရန် တောင်းဆိုခဲ့သော်လည်း ဆက်လက်ရိုက်နှက်ခဲ့ကြောင်း၊ မရိုက်နှက်ဘဲ အေးဆေး အဖမ်းခံပါမည်ဟု ထပ်မံတောင်းဆိုခဲ့သော်လည်း ဆက်လက်ရိုက်နှက်ခဲ့ကြောင်း မိမိကိုယ်တွင် ဆောင်ယူလာသော ဓားနှစ်လက်ဖြင့် လာရောက်ဖမ်းဆီးသူများကို ဝှေ့ရမ်းခဲ့ကြောင်း၊ ယင်းသို့ ဝှေ့ရမ်းခဲ့သဖြင့် ဓားဖြင့် ထိ၊ မထိ မသိခဲ့ဘဲ မည်သူသေဆုံးကြောင်းကို မသိဘဲ ထွက်ပြေးခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် လူသတ်ရန် ကြိုတင်ကြံရွယ်ခြင်းမရှိသဖြင့် ၎င်းအား စွဲဆိုထားသော စွဲချက်များကို ပယ်ဖျက်ပေးရန် ခရိုင်တရားသူကြီးအား တောင်းဆိုခဲ့ကြောင်း သိရသည်။ 
 
ပြီးခဲ့သည့် အောက်တိုဘာ၂၉ ရက်ရုံးချိန်းတွင် တင်မြင့်အား သန်လျင်မြို့နယ်တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က အမျိူးသားတစ်ဦးအား ဓားဖြင့် ထိုးခဲ့သည့်ဖြစ်စဉ်အတွက် ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ကြောင်းလည်း သိရသည်။
 
ပြစ်မှုများကို ကျူးလွန်သူ တင်မြင့်မှာ အသက်(၄၇)နှစ်ရှိပြီဖြစ်ပြီး ၎င်းကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မွေးဖွားခဲ့ကာ လူငယ်ဘဝကပင် ရန်ကုန်ဘူတာကြီး၌ ဒုစရိုက်သမားများနှင့် ပူးပေါင်း၍ ခိုး၊ ဆိုး၊ လု၊ နှိုက်စသည့် အမှုပေါင်းများစွာကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရသည်။
 
၁၉၉၀ ပြည့်နှစ်တွင် တင်မြင့်သည် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးပြီး လုယက်မှုကျူးလွန်ခဲ့ကာ ပဲခူးမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၎င်းထွက်ပြေးတိမ်းရှောင်မှုအား လိုက်လံဖမ်းဆီးသည့် ဝေါမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။ 
 
ယင်းနောက် သာကေတမြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ထပ်မံတိမ်းရှောင်နေစဉ် သာကေတမြို့မရဲ စခန်းနှင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ကာ ၎င်းအား ပဲခူးစစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ 
 
ထိုသို့ အမိန့်ချမှတ်ခံခဲ့ရပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် သံခြေချင်းအားဖြုတ်ကာ အစောင့်ရဲအား ရိုက်နှိက်ကာ ထွက်ပြေးခဲ့ပြီး ယင်းနေ့၌ပင် တင်မြင့်အား မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူလမ်းထောင့်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်၊ မြင်းခြံနှင့် အိုးဖိုထောင်တို့တွင် ပြစ်ဒဏ်ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရသည်။
 
ထိုသို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် တင်မြင့်သည် သာကေတမြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ပြန်လည်နေထိုင်နေစဉ် မယားပါသမီးအား အဓမ္မပြုရန် ကြံစဉ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်ရင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် လုယက်မှုများ ထပ်မံကျူးလွန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရသည်။ 
 
ထို့နောက် ၎င်းအား တောင်ဒဂုံမြို့နယ်၌ လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၎င်းကျူးလွန်ခဲ့သည် ပြစ်မှုများအတွက် ထောင်ဒဏ်နှစ် ၂၀ ကျော် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
 
ထောင်ကျနေစဉ်အတွင်း၌ပင် မြင်းခြံမြို့နယ်ရှိ ရဲဘက်စခန်းတွင် ထိန်းသိမ်းခံထားရစဉ် သံခြေချင်းအား ဖျက်ဆီးကာ ထွက်ပြေးရန် ကြံစဉ်ခဲ့မှုဖြင့် ထောင်ဒဏ်လေးလ ထပ်မံတိုးမြှင့်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။                                        
 

Most Read

Most Recent