အကောင်းမြင်ဝါဒနဲ့ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းလုပ်ဆောင် ကြပါစို့

အကောင်းမြင်ဝါဒနဲ့ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းလုပ်ဆောင် ကြပါစို့
Published 25 November 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

အကောင်းမြင်ဝါဒကို အင်္ဂလိပ်လို Optimism လို့ ခေါ်ပြီး မကောင်းမြင် ဝါဒကို Pessimism လို့ ခေါ်ပါတယ်။ အကောင်းမြင်သမားတွေကိုတော့ Optimists လို့ ခေါ်ကြပြီး မကောင်းမြင်ဝါဒ လက်ကိုင်ထားသူတွေကိုတော့ Pessimists လို့ ခေါ်ပါတယ်။ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ဆရာတော်ကြီးထံ သွားရောက်ပြီး ကန်တော့ကာ သြဝါဒ ခံယူဖို့ သွားရောက်တိုင်း ဆရာတော်ကြီး မိန့်ကြားတဲ့ ဆုံးမသြဝါဒက လူနည်းစု အကျိုးအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံသားတွေအားလုံး သာမက တစ်ကမ္ဘာလုံး ကောင်းမွန်စေဖို့ ဖြစ်စေတဲ့ သြဝါဒ ဖြစ်တယ်ဆိုတာ သတိထားမိတယ်။ ဆရာတော်ကြီးက သက်တော်ရှည် ဆရာတော်ကြီး တစ်ပါးဖြစ်ပြီး သက်တော် ၉၆ နှစ် ရှိပါပြီ။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ကထိန် အလှူ တော်ပွဲမှာ ဆရာတော်ကြီးက ကထိန်တရားတွေက အမြဲနာကြားရနေတာဖြစ်လို့ ဒီနှစ်မှာ ထူးထူးခြားခြား လူတစ်ဦးချင်း မှန်ကန်စွာ လက်ကိုင်ထား ကျင့်သုံးကြရမယ့် ပုညကြိယ ၁၀ ပါး တရားတော်ကို ဟောကြားသွားပါတယ်။အဲဒီ ပုညကြိယ ၁၀ ပါးက အဓိက အုပ်စုခွဲကြည့်လိုက်ရင် (၁) ဒါန၊ (၂) သီလနဲ့ (၃) ဘာဝနာကို ကျင့်ကြံစောင့်ထိန်း လိုက်နာကြစေဖို့ ဖြစ်ပါတယ်။ ဒါကို စာရေးသူရဲ့ အမြင်အရ တစ်လုံးတည်းနဲ့ ကျစ်ကျစ်လျစ်လျစ် အဓိပ္ပာယ်ဖွင့်ရရင် လူတစ်ဦးချင်းစီ အနေနဲ့ Optimism လို့ခေါ်တဲ့ အကောင်းမြင်ဝါဒတွေ ထားရှိကြဖို့ ဖြစ်တယ်လို့ မြင်မိပါတယ်။စာရေးသူတို့ နိုင်ငံက ရာစုနှစ်ဝက်ကျော် ကာလတိုင် အကောင်းမြင်ဝါဒ မထားနိုင်ကြဘဲ မကောင်းမြင်စိတ်ရှိသူ လူနည်းစု၊ ဒါကို တစ်နည်းဆိုရရင် မိမိ ရယူထားတဲ့ အာဏာနဲ့ မိမိနိုင်ငံသားတွေကို မတရား ဖိနှိပ်၊ ကြောက်စိတ်တွေများအောင် ဖန်တီး၊ ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့ကြ၊ ပညာမဲ့အောင် ဖန်တီးပြီး ဘွဲ့ရ ပညာမတတ်သူတွေ များစေခဲ့တာတွေက အကောင်းမြင်ဝါဒ ကိုင်စွဲထားသူတွေရဲ့ လုပ်ရပ်မဟုတ်ဘဲ မကောင်းမြင်ဝါဒ လက်ကိုင်ထားသူတွေရဲ့ လုပ်ရပ်တွေသာဖြစ်တယ်။ ဒါတွေကို မိမိကိုယ်မိမိ အသိစိတ်တွေနဲ့ ဖော်ထုတ်လိုက်ကြတာက မကြာသေးမီက ပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ပဲ ဖြစ်ပါတယ်။ နိုင်ငံသား အများစုမှာ မိမိနိုင်ငံ တိုးတက်စေလို မိမိနိုင်ငံသားတွေရဲ့ ဘဝအရည်အသွေး တိုးတက်မြင့်မားအောင် လုပ်ဆောင်ပေး ဖော်ဆောင်ပေးနိုင်မယ့် ခေါင်းဆောင်ကောင်း လိုလားတယ်ဆိုတဲ့အဖြေ ဖြစ်ပါတယ်။ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်။မကောင်းတာတွေလုပ်ရင် မကောင်းတာ ဖြစ်တယ်။ဆိုတဲ့ ဆုံးမသြဝါဒအတိုင်း ဖြစ်လာမှာ မို့ မိမိတို့ကိုယ်မိမိ ဆင်ခြင်သုံးသပ်ကြပြီး မကောင်းမြင်မှုတွေ ဖယ်ရှားပစ်ကြရတော့ရမှာ ဖြစ်တယ်။ မိမိနိုင်ငံ တိုးတက်စေမှု၊ မိမိနိုင်ငံသားတွေ ဘ၀ အရည်အသွေး မြင့်မားလာစေဖို့ဆိုတဲ့ ကောင်းမွန်တဲ့ အမြင်တွေ ထားရှိကြရတော့မှာ ဖြစ်တယ်။စည်းလုံးခြင်းသည် အင်အား၊စည်းလုံးညီညာအောင်ကြောင်းဖြာ၊ညီညာမှ ပြည်သာမယ်၊ဆိုတဲ့ ဆောင်ပုဒ်တွေအတိုင်း စိတ်ကောင်း စေတနာ မှန်ကန်စွာ ထားရှိကြပြီး အကောင်းမြင်ဝါဒကို ကျင့်ဖို့ အချိန်က ရောက်လာပြီ ဖြစ်ပါတယ်။စာရေးသူတို့ ဘာသာမှာ မကောင်းတာတွေ လုပ်ဆောင်ခဲ့ရင် အပါယ်ငရဲကို ကျနိုင်တယ်ဆိုတာ ရှိတယ်။ စာရေးသူက သိလိုတာတွေကို မေးလေ့ရှိတာကြောင့် ဘာသာကွဲတွေကိုလည်း ခင်ဗျားတို့ ဘာသာမှာ ငရဲဆိုတာ ရှိပါသလားလို့ မေးကြည့်တော့ ရှိတာပေါ့လို့ ဖြေကြတယ်။ ဘာသာကိုးကွယ်မှုတိုင်းမှာ မကောင်းတာတွေလုပ်ရင် အပါယ်ငရဲ Hell ကို ကျရောက်နိုင်တာဆိုတာ ရှိတယ်ဆိုတာ သိရတယ်။ဒါဆိုရင် စာရေးသူ မေးလိုတာက အကောင်းမြင်ဝါဒ မကျင့်သုံးဘဲ မကောင်းမြင်ဝါဒ ရှိနေသူတွေကို ခင်ဗျားတို့ ငရဲမကြောက်ဘူးလားဗျာလို့ မေးချင်တယ်။ မကောင်းမြင်ဝါဒသမား လူနည်းစုက ငရဲဆိုတာ ချိုနဲ့လားလို့ ဆိုရင်တော့ စာရေးသူလည်း ပေယျာလကန် လုပ်ဖို့သာ စဉ်းစားရတော့မှာဖြစ်တယ်။ မကောင်းမြင်သမားက မှန်ထဲမှာ သူ့မျက်နှာ မဲနေတာကို ပြုံးနေတယ်လို့မြင်၊ အမြင်မမှန်တော့ အမှန်မမြင်နိုင်တော့ဘူးပေါ့ဗျာ။ အဝိဇ္ဇာ ဖုံးလွှမ်းနေတော့ အမှန်ကို အမှားမြင်၊ အမှားတွေကို အမှန်လို့ မြင်နေပြီပေါ့။ ဒီလိုလူမျိုးတွေမှာ နောက်ဘဝဆိုတာ မရှိတော့ဘူး။ ဒီဘဝနဲ့ ပြီးသွားပြီလို့ ထင်မှတ်နေကြကာကိုး။အခုဆိုရင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ပေးနေတာကို ကြားသိနေရတဲ့အတွက် အဲဒီ အများပြည်သူ အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းတွေကို လာဘ်ပေးလာဘ်ယူကင်း ရှင်းစွာနဲ့ တစိုက်မတ်မတ် ဆောက်ရွက်ပေးနိုင်ရင် အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ နိုင်ငံသားတွေရဲ့ ယုံကြည်မှု ပိုမိုမြင့်မားလာစေမှာ ဖြစ်ပါတယ်။ မြင်အောင်ကြည့် သိအောင်လုပ်ပြီး အရာရာမှာ မိမိကိုယ်ကျိုးစီးပွားထက် အများပြည်သူ အကျိုးကို ရှေ့တန်းတင် ဆောင်ရွက်နိုင်စေဖို့ ဖြစ်ပါတယ်။လူမှန်၊ နေရာမှန် စစ်မှန်တဲ့ ခေါင်းဆောင်ရဲ့ ကိုယ်ကျိုးမကြည့်၊ အများအကျိုးအထက် ရှေ့တန်းတင်တဲ့ အကောင်းမြင်စိတ်နဲ့သာ တစ်ယောက်တစ်လက်၊ တစ်တပ်တစ်အား ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လိုက်ကြမယ် ဆိုရင် စာရေးသူတို့နိုင်ငံက ၂၁ ရာစုမှာ ကမ္ဘာကနေ အာရုံစိုက်လာရမယ့် စီးပွားရေး အချက်အချာ နေရာဒေသတစ်ခု ဖြစ်လာမှာ ဧကန်ဖြစ်ပါတယ်။ ဒီအတွက် စာရေးသူ အနေနဲ့ နောက်တက်လာမယ့် အစိုးရအဖွဲ့ကို နိုင်ငံတိုးတက်စေဖို့ မိမိတတ်သိထားတဲ့ အသိပညာနဲ့ အဆိုပြုလွှာတင်ဖို့ စီစဉ်နေပါတယ်။ အကယ်၍သာ စာရေးသူ တင်ပြမယ့် အဆိုပြုလွှာကို အကောင်းမြင်ဝါဒနဲ့ ပေါင်းစည်းဆောင်ရွက်နိုင်ကြမယ်ဆိုရင် တစ်နိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်တယ်လို့ ယုံကြည်မိကြောင်းပါ။

Most Read

Most Recent