အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သော အာရဗီပြက္ခဒိန်အား ရိုက်နှိပ်ထုတ်ဝေသည့် “ကျော်” ပုံနှိပ်တိုက်မှ ပိုင်ရှင်အပါအဝင် လေးဦးအား ၅၀၅(ခ)ဖြင့် ထပ်မံ တရားစွဲဆိုထားကြောင်း သိရ

အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သော အာရဗီပြက္ခဒိန်အား ရိုက်နှိပ်ထုတ်ဝေသည့် “ကျော်” ပုံနှိပ်တိုက်မှ ပိုင်ရှင်အပါအဝင် လေးဦးအား ၅၀၅(ခ)ဖြင့် ထပ်မံ တရားစွဲဆိုထားကြောင်း သိရ
Published 25 November 2015
ရှိုင်းလင်းအောင်

အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သော ၂၀၁၆ ခုနှစ်  မြန်မာ-အင်္ဂလိပ်-အာရဗီ သုံးဘာသာဖြင့် ရိုက်နှိပ်ထုတ်ဝေသည့် “ကျော်” ပုံနှိပ်တိုက်မှ ပိုင်ရှင်အပါအဝင် လေးဦးအား ပုဒ်မ ၅၀၅(ခ)ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း နိုဝင်ဘာ ၂၄ ရက် ညပိုင်းက စုံစမ်းသိရသည်။ 
 
အဆိုပါ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံရသော “ကျော်” ပုံနှိပ်တိုက်ပိုင်ရှင်နှင့် အမျိုးသေားလေးဦးအား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေဖြင့် နိုဝင်ဘာ ၂၃ ရက်က ပုဇွန်တောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး  တရားစွဲဆိုသည့်နေ့မှာပင် ပုဇွန်တောင်မြို့နယ် တရားသူကြီး ဦးနေအောင်မြင်က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ ပုဒ်မ-၂၀ အရတစ်ဦးလျှင် ဒဏ်ငွေ ၁၀ သိန်းစီ ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ် နှစ်နှစ်ကျခံရမည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ ယင်းသို့ အမိန့်ချမှတ်မှုအပေါ် တရားစွဲဆိုခံရသူ ငါးဦးမှ ငွေဒဏ်များ ပေးဆောင်ခဲ့ကြောင်း ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။ 
 
ဆက်လက်ပြီး အမိန့်ချမှတ်ခံခဲ့ရသည့် “ကျော်”ပုံနှိပ်တိုက်မှ ပိုင်ရှင်နှင့် အမျိုးသားလေးဦးတို့ကို  နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ပုဒ်မ-၅၀၅(ခ)ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက အဆင့်မြင့်ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
 
၎င်းတို့ငါးဦးကို မည်သည့်အတွက် ထပ်မံတရားစွဲဆိုခြင်းနှင့် ပတ်သက်၍  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်ရဲအရာရှိတစ်ဦးအား မေးမြန်းရာတွင် ၎င်းက“ဒါကတော့ ကျွန်တော်တို့က တာဝန်အရ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အချို့ဟာတွေ ကျွန်တော့်ကို အများကြီးမမေးပါနဲ့။ ပုဒ်မ ၅၀၅ (ခ)မှာပါတဲ့ အချက်အလက်အတိုင်းပါပဲ”ဟု ဆိုသည်။
 
ရာဇသတ်ကြီးစာအုပ်ထဲတွင်  ပုဒ်မ-၅၀၅ (ခ) ၏ အနက်အဓိပ္ပာယ်အား “နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော် လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော် လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်”ဟူ၍ ဖော်ပြထားသည်။
 
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၂ ရပ် ကွက် (၅၄) လမ်း အလယ်ဘလောက်ရှိ “ကျော်” ပုံနှိပ်တိုက်မှ ပိုင်ရှင်ဦးကျော်ကျော်၊ မန်နေဂျာ ဦးရဲသူအောင်၊ ဦးဝင်းနိုင်၊ ဦးဇော်မင်းဦး၊ ဦးဝင်းထွေး စသည့် အမျိုးသားငါးဦးအား ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ တရားလိုပြု၍ ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ ပုဒ်မ-၂၀ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
 
“ကျော်”ပုံနှိပ်တိုက်အား မြန်မာ-အင်္ဂလိပ်-အာရေဗီ ပြက္ခဒိန်ရိုက်နှိပ်ရန် အလုပ်အပ်သူမှာ ရွှေပြည်သာမြို့နယ်နေ ဦးအောင်ခင်ဆိုသူမှာ တိမ်းရှောင်နေပါသဖြင့် တရားခံပြေးအဖြစ် သတ်မှတ်ထားကာ ဖမ်းဆီးရမိပါက သီးခြားတရားစွဲဆိုမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
 

Most Read

Most Recent