ရောက်ခဲ့ပါသည် “ခေမာဝရ တိုင်းဂုံပြည်”.......

ရောက်ခဲ့ပါသည် “ခေမာဝရ တိုင်းဂုံပြည်”.......
Published 22 November 2015
ဝေလင်း

“ကျေးဇူးပြု၍ နားဆင်ပါ ခင်ဗျာ...  မကြာမီ အချိန်တွင်းမှာ ကျိုင်းတုံ လေဆိပ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ကျိုင်းတုံမြို့သို့ လေယာဉ်ပျံသန်းချိန်ဟာ အချိန် ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး အမြင့်ပေ ၂၀၀၀၀ ကျော်ကနေ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ပျော်ရွှင်စရာ ခရီးဖြစ်ပါစေလို့ လေယာဉ်အဖွဲ့သားများက ဆုတောင်းပေးရင်း နောက်လည်း မကြာခဏ ပြန်ဆုံနိုင်ဖို့လည်း မျှော်လင့်ပါတယ်...” ဆိုတဲ့ စကားသံနှင့်အတူ လေယာဉ်ဘီးချသံကို ကြားရပြီးနောက် စာရေးသူ အိပ်စက်နေရာမှ နိုးလာခဲ့ပါတယ်။Eleven Media Group ရဲ့သတင်းထောက်တစ်ဦးဖြစ်တဲ့ စာရေးသူက ရုံးရဲ့တာဝန်ပေး စေလွှတ်မှုအရ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် အတွင်းမှာ ရွေးကောက်ပွဲသတင်း စောင့်ကြည့် ရေးသားဖို့အတွက် ရွေးကောက်ပွဲ မတိုင်မီ နှစ်ရက် အကြိုကတည်းက သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ကျိုင်းတုံ ဒေသအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေဟာ အလွန်တစ်ရာ ဖြူစင်ရိုးသားမှု ရှိကြပါတယ်။ရွေးကောက်ပွဲအတွက် ရောက်ရှိခဲ့လို့ ဒေသခံ တိုင်းရင်းသားတွေကို ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ရှိမရှိ မေးမြန်းစုံစမ်း ကြည့်တဲ့အခါမှာတော့ ရွေးကောက်ပွဲပေါ် စိတ်ဝင်စားမှု လုံးဝကို မရှိတာကို သိမြင်ခဲ့ပါတယ်။ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အသိပညာပေးမှုက နည်းပါးသလို ပါတီများရဲ့ရွေးကောက်ပွဲ မဲဆွယ်မှုကလည်း မြို့ပေါ်အချို့သာရှိပြီး တောင်ပေါ်ဒေသနဲ့ နေရာအချို့က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် သွားရောက်နိုင်မှု မရှိဘူးလို့ နိုင်ငံရေး ပါတီများက ဆိုပါတယ်။ကျိုင်းတုံမြို့နယ်မှာ တပ်မတော်တပ်ရင်း ခုနစ်ရင်းလောက်ရှိပြီး ရှမ်းပြည်နယ်မှာ စစ်တပ် အများဆုံးရှိတဲ့ ဒေသလို့ ဒေသခံများက ပြောကြပါတယ်။ကျိုင်းတုံမြို့ကို ရှေးယခင်က စန္ဒရကွမ်း၊ ဒမ္မိလပ်၊ ခေမရဌ်၊ တုံဂပူရိ စသည်ဖြင့် ခေါ်တွင်ကြသလို “ခေမာဝရ တိုင်းဂုံပြည်” ဟုလည်း ခေါ်ဝေါ်ရေးသားကြတယ်လို့ ကျိုင်းတုံ ယဉ်ကျေးမှုပြတိုက်မှာ ဖော်ပြထားပါတယ်။ ကျိုင်းတုံမြို့မှာ ဂုံရှမ်းလူမျိုး၊ “ဝ” လူ မျိုး၊ လွယ်ရှမ်း(တိုင်းလွယ်)၊ လိရှမ်း (တိုင်းလေ့)၊ အထက်ရှမ်း (တိုင်းနေ)၊ “အဲင်” လူမျိုး၊ လားဟူ လူမျိုး၊ အာခါ လူမျိုးတို့ နေထိုင်ကြပြီး ယင်းဒေသမှာ ရှမ်းလူမျိုးအများစု နေထိုင်ကြကာ အခြားတိုင်းရင်းသား အနည်းငယ် နေထိုင်ကြပြီး တရုတ်လူမျိုးများကိုလည်း တွေ့မြင်ခဲ့ပါတယ်။ဒေသခံ တိုင်းရင်းသား လူမျိုးအကြောင်းတွေကို အသေးစိတ် ပြောပြရရင် ဂုံရှမ်းလူမျိုးများက ကျိုင်းတုံဒေသ နမ့်ခင်းချောင်းဘေးမှာ နေထိုင်လာကြတာကို အစွဲပြုပြီးတော့ တိုင်းခင်(ခ)ဂုံရှမ်းဟု ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ ဂုံရှမ်းစာပေက အိန္ဒိယပြည် သုံးဗရာမီနဲ့ သင်္ကေကရိုက် အက္ခရာတို့မှ တစ်ဆင့် ပလ္လအက္ခရာအဖြစ် အသုံးပြုကြပါ တယ်။ ဂုံရှမ်း စာပေသုံးစွဲမှုကို ခမင်(ခ)ခမာ လူမျိုးများမှတစ်ဆင့် ထိုင်းနိုင်ငံ ဇင်းမယ်၊ လာအို၊ ဆစ်ပ်ဆောင်ပနားဒေသနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ “ဝ” နယ် ဟိုပန်၊ ကွန်လုံ၊ သိန္နီ၊ နမ့်ဆန်တို့တွင်လည်း တွေ့မြင်နိုင်ပါတယ်။“ဝ” လူမျိုးများကတော့ ပတ်ကကေ့ ကျေးရွာအနီးရှိ ကျောက်ဂူကြီးမှစတင် ပေါက်ဖွားလာ၍ ပတေ့နယ်၊ လွယ်လိန်းနယ်တို့သို့ ရောက်ရှိလာကာ ထိုမှတစ်ဆင့် ဝနယ်နှင့် အခြားဒေသများသို့ ပျံ့နှံ့လာကြပါတယ်။ ဝနယ်မှတစ်ဆင့် ကျိုင်းတုံနယ်ဘက်သို့လည်း ပျံ့နှံ့လာခဲ့ပါတယ်။ ဝလူမျိုးတွေက ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတို့တွင် အများဆုံး နေထိုင်ကြပါတယ်။လွယ်ရှမ်း (တိုင်းလွယ်) လူမျိုးများက ကျိုင်းတုံမြောက်ပိုင်းနဲ့ မိုင်းတုံရှေ့ တောင်ကုန်းပေါ်မှာ နေထိုင်ကြတယ်။ တိုင်းလွယ် လူမျိုးများက ဂုံရှမ်းစာပေကို အသုံးပြုကြပြီး ၎င်းတို့၏ အမည်မှန်မှာ “တိုင်းလွိုင်” ဖြစ်ကာ မြင့်မားသော တောင်ပေါ်များတွင် နေထိုင်ကြသော ရှမ်းလူမျိုးများဟု အဓိပ္ပာယ် ရပါတယ်။လိရှမ်း (တိုင်းလေ့) လူမျိုးများက တိုင်းလုံ (ခ) ရှမ်းကြီး၊ တိုင်းခင် (ခ) ဂုံရှမ်း၊ တိုင်းလွိုင် (ခ) လွယ်ရှမ်းတို့နှင့် မျိုးနွယ်တူ ဖြစ်ပါတယ်။ အမှန်စစ်စစ် တိုင်းခင်၊ တိုင်းလိနှင့် တိုင်းလဲမ်းတို့၏ နေရာဌာနေမှာ တစ်ချိန်က ညီအစ်ကိုသုံးဦး အုပ်ချုပ်ခဲ့သော ချစ်ကြည်ရေး တိုင်းပြည်များဖြစ်တဲ့ ကျိုင်းတုံ၊ ကျိုင်းဟုန်နှင့် ကျိုင်းလဲမ်းတို့ ဖြစ်ကြပါတယ်။ လိရှမ်း လူမျိုးတို့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းလား၊ မိုင်းမ၊ မိုင်းယန်းနှင့် မိုင်းယောင်းမြို့နယ်များတွင် အများအပြား နေထိုင်ကြပြီး တိုင်းခင် (ခ) ဂုံရှမ်း စာပေကို အသုံးပြုကြပါတယ်။အထက်ရှမ်း (တိုင်းနေ) လူမျိုးများ အပါအဝင် ရှမ်းလူမျိုးစုက တရုတ်ပြည် အလယ်ပိုင်းမှစ၍ ဆင်းသက်လာပြီး ရှမ်းပြည်နယ်သို့ ရောက်ရှိလာသူများ ဖြစ်ပါတယ်။ ရေမြေ နေထိုင်ရာ ဒေသမတူတဲ့အတွက် စကားအသုံးအနှုန်းတို့ အနည်းငယ် ကွဲပြားကာ လူမျိုးစုအမည်များမှာလည်း နေရာဒေသအလိုက် ခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။အာခါ လူမျိုးများကို ရှမ်းတို့ “ကော” ဟု ခေါ်ဆိုကြတယ်။ အာခါတို့ဟာ မဲခေါင်မြစ်ဒေသမှ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းယန်း၊ လွယ်မီးတောင်တန်းပေါ်တွင် နေထိုင်ကြပြီး ယူနန်နယ်စပ် မိုင်းယောင်းနယ်ဘက်မှာလည်း နေထိုင်ကြတယ်။ ၁၉ ရာစုခန့်တွင် အာခါ လူမျိုးများသည် လွယ်မီးတောင်မှတစ်ဆင့် ကျိုင်းတုံ ပတ်ဝန်းကျင် တောင်ပေါ်များနှင့် မိုင်းယောင်းမှတစ်ဆင့် မိုင်းကိုင်၊ လွယ်မွေတောင်တန်းများပေါ်မှာ နေထိုင်ကြပါတယ်။လားဟူ လူမျိုးများမှာ ဘီစီ ၆၀၀ ခန့်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် နေထိုင်ကြပြီး လူဦးရေ များပြားသဖြင့် ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံနှင့် လာအိုနယ်စပ်များ၌ ဝင်ရောက် နေထိုင်ကြပါတယ်။ ရှမ်းပြည်နယ်ရှိ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ လားရှိုးနှင့် နမ့်စပ်မြို့နယ်တို့၌ အများဆုံး နေထိုင်ကြပြီး လားဟူ အနွယ်ဝင်ပေါင်း၂၄ မျိုး ရှိတယ်လို့ ကျိုင်းတုံ ယဉ်ကျေးမှု ပြတိုက်မှာ ဖော်ပြထားမှုများအရ သိခဲ့ရပါတယ်။ကျိုင်းတုံဒေသရဲ့ လေက သန့်ရှင်းလတ်ဆတ်ပြီး ရာသီဥတုကတော့ သွေးအတွင်း တဆိမ့်ဆိမ့် အေးတဲ့ ရာသီဥတုမျိုး ဖြစ်ပါတယ်။ ကျိုင်းတုံဟာ ယခင်က ရှမ်းစော်ဘွား နန်းတော်တည်ခဲ့တဲ့ ဒေသဖြစ်ခဲ့ပြီး စော်ဘွားနန်းတော် နေရာမှာ လက်ရှိအချိန်၌ကျိုင်းတုံသစ် ဟိုတယ်အဖြစ် တည်ဆောက်ထားကာ မြို့ပေါ်မှာလည်း မြို့တော်ဂိတ်ဟောင်း အချို့ကို တွေ့မြင်နိုင်ပါတယ်။ကျိုင်းတုံ စော်ဘွားမှာ ယင်းဒေသမှ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားခဲ့ကာ တစ်နှစ်တစ်ခါ စော်ဘွားမျိုးနွယ်ဝင်များက ပြန်လည်လာရောက်ကာ အလှူအတန်း ပြုလုပ်လေ့ရှိတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးဖြစ်သည့် ကိုကျော်စွာထွန်းက ပြောကြားသည်။ကျိုင်းတုံမြို့မဈေး အနီးမှာတော့ သစ်တစ်ပင်ကုန်းဟုဆိုသည့် တောင်ကုန်း အပန်းဖြေစခန်း တစ်ခုရှိပြီး အဆိုပါကုန်းရဲ့ ရာဇဝင်က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သစ်တစ်ပင်ကုန်းလို့ ခေါ်ဆိုရတဲ့ အကြောင်းရင်းက တောင်ကုန်းပေါ်မှာ အမြင့်ပေ ၂၁၈ ပေ၊ ရင်စို့လုံးပတ် ၃၆ ပေ ၈ လက်မ၊ အောက်ခြေလုံးပတ် ၃၉ ပေ ၁၀ လက်မရှိတဲ့ ကညင်ဖြူ ပင်ကြီး တစ်ပင်ရှိပါတယ်။ ကညင်ဖြူပင်ကြီးကို ၁၁၁၅ ခုနှစ်က အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ စိုက်ပျိုးခဲ့ပြီး ထူးခြားသည်မှာ ယင်းအပင်ကို ပြောင်းပြန်စိုက်ခဲ့ခြင်းဖြစ်ပြီး အပင်ကို ကြည့်လျှင် အမြစ်များကအပေါ်တွင် ရောက်နေ၍ ထိုမှတစ်ဆင့် သစ်ရွက်များထွက်ကာ ယခုထိတိုင် ရှင်သန်နေခြင်းပင် ဖြစ်တဲ့အကြောင်းကို ဒေါနမြေ အရပ်ဘက် အဖွဲ့အစည်းက ရှမ်းတိုင်းရင်းသားလူမျိုး ဦးမြင့်အောင်ရဲ့ ရှင်းပြမှုအရ သိရပါတယ်။ထို့ပြင် အဆိုပါ တောင်ကုန်းမှာ အလောင်းမင်းတရားကြီး ယိုးဒယားသို့ စစ်ချီစဉ် စခန်းချခဲ့သော နေရာဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) များ စခန်းချခဲ့သော နေရာ၊ တပ်မတော် စခန်းချခဲ့သော နေရာတို့ဖြစ်ခဲ့ကာ တိုက်ပွဲများ ကာလအတွင်း သွေးမြေကျခဲ့သော တောင်ကုန်းလည်း ဖြစ်ကြောင်း သိရပါတယ်။ကျိုင်းတုံဒေသရဲ့ အခြားထင်ရှားတဲ့ နေရာတစ်ခုကတော့ “နောင်တုံ ရေကန်ကြီး” ပဲဖြစ်ပါတယ်။ ယင်းရေကန်ကြီးမှာ ကျိုင်းတုံ ဒေသခံ တိုင်းရင်းသားများအတွက် အနားယူ အပန်းဖြေတဲ့ နေရာတစ်ခုဖြစ်ပြီး ရန်ကုန်က အင်းလျားကန်ပေါင်လို လူစည်ကား ထင်ရှားပါတယ်။ နောင်တုံကန် အတွင်း၌ လိုဏ်ဂူများရှိပြီး “ဝ” လူမျိုးများကို ဂုံလူမျိုးများ အတိုက်ခံစဉ် ကာလက “ဝ” လူမျိုးများ နောင်တုံကန် အတွင်းရှိ လိုဏ်ဂူများအတွင်းမှ ထွက်ပြေးခဲ့ကြပြီး နောင်တုံကန်မှာ ရှမ်းပြည်နယ် အတွင်းရှိ ရေကန်တစ်ခုနဲ့ဆက်စပ်မှုရှိကြောင်း ဒေသခံများထံမှ သိရပါတယ်။ဒေသခံများ၏ အဆိုအရ ကျိုင်းတုံရောက်လျှင် သစ်ပင်တောင်ကိုတက် နောက်တုံ ရေကန်ကိုသွား၊ ရှမ်းအစားအစာ အဝစားလျှင် ရှမ်းဖြစ်တယ်လို့ ပြောဆိုလေ့ရှိကြတဲ့အတွက် ရှမ်း+ဗမာ ဖြစ်နေတဲ့ စာရေးသူကတော့ ထိုအဆိုအတိုင်း ပြုလုပ်ခဲ့ပါတယ်။ကျိုင်းတုံ တက္ကသိုလ်အထွက် တောင်ကြီးမြို့ကို သွားတဲ့လမ်းတစ်ခု အနီး၌လည်း ၂၀၀၆ ခုနှစ်က စတင်တည်ဆောက်ထားတဲ့ သဘာဝရေပူစမ်း အပန်းဖြေနေရာ တစ်ခုရှိပါတယ်။ ရေပူစမ်းရေများနှင့် ရေချိုးရန်အတွက် ဆောက်လုပ်ထားသည့် အခန်းများရှိပြီး သီးသန့် တစ်ဦးတည်း ရေစိမ်ခန်း၊ နှစ်ဦး ရေစိမ်ခန်းနှင့် မိသားစု ရေစိမ်ခန်းတို့ရှိကာ ကျပ်ထောင်ဂဏန်း ဝန်းကျင်သာ ကျသင့်ပါတယ်။ရေစိမ်ချိန်မှာ မိနစ် ၃၀ ခန့် အချိန်ရရှိပြီး မိသားစုများ၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် ကြက်ဥ၊ ကန်စွန်းဥများ အပါအဝင် အခြား အညှီအနံ့များ မရှိတဲ့ အစားအသောက်များ ပြုတ်ရန်အတွက် အုတ်ပေါင်ခတ်ပေးထားတဲ့ ရေပူစမ်းကန် တစ်ခုလည်း ထားရှိတာကို တွေ့မြင်ခဲ့ရပါတယ်။ကျိုင်းတုံမြို့နယ်မှာ ဘာသာပေါင်းစုံ၏ ဘာသာရေး အဆောက်အအုံများကို ခန့်ညားထည်ဝါစွာ တွေ့ရှိရပြီး ရှမ်းရိုးရာ အစားအသောက်ဆိုင်များလည်း အများအပြား ရှိတဲ့အတွက် ခရီးသွား ဧည့်သည်များ စိတ်ကြိုက် ရွေးချယ်စားသုံးဖို့ အခက်အခဲမရှိ ရွေးချယ်နိုင်မှာပါ။ကျိုင်းတုံမြို့ကို နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်လေ့ရှိပြီး ထိုင်းနိုင်ငံသားများ အများဆုံး လာရောက် လည်ပတ်တာကို တွေ့မြင်ခဲ့ရပါတယ်။ ကျိုင်းတုံသို့ ကားလမ်းခရီးဖြင့် လာမည်ဆိုပါက နှစ်ရက်ကြာ၊ သုံးရက်နီးပါးခန့် ကြာမြင့်နိုင်ပြီး လေကြောင်းခရီးနဲ့ လာရောက်ပါက နာရီပိုင်းမျှသာ ကြာမြင့်မှာ ဖြစ်တဲ့အတွက် လေကြောင်းခရီးသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ကျိုင်းတုံ ဒေသခံ တိုင်းရင်းသားများက စပါး၊ ပြောင်း၊ အခြား သီးပင်စားပင်များနှင့် မွေးမြူရေး စိုက်ပျိုး အသက်မွေးဝမ်းကျောင်း ပြုကြပြီး မြို့တွင်း နေထိုင်သူ အများစုကတော့ ရန်ကုန်မြို့နည်းတူ လူသုံးကုန်၊ စားသောက်ကုန်၊ အဝတ်အထည်ဆိုင်နှင့် အိုင်တီပစ္စည်းများကို ဆိုင်ဖွင့် ရောင်းချကြပါတယ်။သာယာလှပတဲ့ တောင်ပြာတန်းတွေ ကာရံထားပြီး ဖြူစင်တဲ့ တိမ်တိုက်တွေနဲ့ နီးစပ်တဲ့အရပ်၊ အလွန်တစ်ရာ စိတ်ထားဖြူစင် ရိုးသားပြီး ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော တိုင်းရင်းသားများ နေထိုင်ကြတဲ့ ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံဒေသအကြောင်းကို မည်မျှပင် စာစီရေးဖွဲ့ ဖော်ပြနေကာမူ အလုံးစုံပြီး ပြည့်စုံနိုင်မည် မဟုတ်ပါ။သို့ဖြစ်၍ ကိုယ်တိုင် သွားရောက် လည်ပတ်ကြည့်ရှုပြီး သဘာ၀ အရသာကို ခံစားသိမြင်စေချင်ပါတယ်။နိုဝင်ဘာလအတွင်း ကိုးရက်ကြာ ကျိုင်းတုံဒေသကို အလုပ်ကိစ္စဖြင့် အလည်တခေါက် သွားရောက်ခဲ့ပြီး အပြန်မှာ စာရေးသူ အတွေးပုံရိပ်၌ “ရောက်ခဲ့ပါသည် (မမေ့နိုင်ပြီ) ...ခေမာဝရ တိုင်းဂုံပြည်...}} ဟု မကြာခဏပင် သတိရတမ်းတ မြင်ယောင်နေမိတော့သည်။

Most Read

Most Recent