နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်

နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်
Published 22 November 2015
နီမင်းဆွေ

ခုတလော ကိုယ့်နိုင်ငံက နိုင်ငံရေး အခြေအနေတွေကို ကြည့်ပြီး၊ ဟိုတွေးဒီတွေး တွေးရင်းနဲ့ ဗျာပါရတွေ ကြွယ်နေမိပါတယ်။ တစ်ခါတစ်ခါမှာတော့ နိုင်ငံသားတွေ ပူရတဲ့အပူတွေဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားတွေ အားလုံးအပေါ်မှာ ဖြန့်ကြက်ပြီး ကျရောက်နေတာမျိုး ရှိသလို တစ်ခါတစ်ရံ ကျတော့လည်း နိုင်ငံသား တစ်ယောက် နှစ်ယောက်လောက်တည်းရဲ့အပေါ်မှာပဲ တစ်နိုင်ငံလုံးရဲ့အပူတွေ စုပြုံကျရောက်နေ တဲ့အခြေအနေမျိုး ရှိနေတတ်လေသလားလို့ တွေးမိသွားပါတယ်။ အဲဒီလို တွေးမိလိုက်တဲ့ အချိန်မှာပဲ ကြည့်ဖူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားတစ်ကား အကြောင်းကို ပြန်သတိရသွားမိ တော့တာပါပဲ။
ဒါကြောင့်လည်း အဲဒီရုပ်ရှင်ဇာတ်ကားကို နောက်တစ်ခါ ပြန်ကြည့်မိပါတယ်။ ဗြိတိသျှလူမျိုး ‘ကင်ဖေါလက်’ Ken Follett ဟာ ၁၉၇၈ ခုနှစ်မှာ Storm Island ဆိုတဲ့ ဝတ္ထုစာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ဟာ ၁၉၈၁ ခုနှစ်မှာ Eye of the Needle ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒါရိုက်တာဟာ ရုပ်ရှင်ကို မူရင်းဝတ္ထုထဲကအတိုင်း တိတိကျကျ လိုက်ရိုက်မထားဘဲ အထူးသဖြင့် ဇာတ်သိမ်းခန်းမှာ ရုပ်ရှင်ဆန်ဆန် ရိုက်ကူးပြီး လက်စွမ်းပြထားတဲ့အတွက် ကြည့်လို့ အလွန်ကောင်းလှပါတယ်။
ဝတ္ထုရဲ့နောက်ခံဇာတ်လမ်းဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မဟာမိတ်တပ်တွေက ဥရောပတိုက်ကို ကမ်းတက်ပြီး ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ စပါတယ်။ အင်္ဂလန်နဲ့ ဥရောပတိုက်ကို ခြားထားတဲ့ အင်္ဂလိပ်ရေလက်ကြားဟာ အနီးဆုံးနေရာမှာ မိုင်၂၀၊ အဝေးဆုံးနေရာမှာ မိုင် ၁၀၀ လောက်ကျယ်ဝန်းပါတယ်။ ရေပြင်အကျယ် တစ်ခုတည်းသာ မဟုတ်ဘဲရာသီ ဥတုနဲ့ မြေပြင်အနေအထားကအစ တခြား အရေးပါတဲ့ အချက်တွေကိုလည်း အများကြီး ထည့်တွက်ရတာမို့ မဟာမိတ်တပ်တွေ ဘယ်နေရာကများ ကမ်းတက်ကြလေမလဲလို့ ဂျာမန်တွေ အကြိတ်အနယ် စဉ်းစားကြရသလို မဟာမိတ်တပ်တွေအနေနဲ့ကလည်း ကိုယ်ကမ်းတက်မယ့် နေရာအတိအကျကို ဂျာမန်တွေ မရိပ်မိအောင် နည်းမျိုးစုံနဲ့ လှည့်စားကြရပါတယ်။
ဒီလိုအချိန်မျိုးမှာ ‘ဟင်နရီဖာဘာ’ဆိုတဲ့ လူတစ်ယောက်ဟာ အင်္ဂလန်ကို ရောက်လာပါတယ်။ တကယ်တော့သူဟာ ဟစ်တလာ စေလွှတ်လိုက်တဲ့ ဂျာမန် သူလျှိုတစ်ယောက် ဖြစ်ပြီး သူရဲ့နာမည်ဝှက်ကတော့ ‘ချုပ်အပ်’ the Needle လို့ဖြစ်ပါတယ်။ သူဟာ ဘယ်တော့မဆို လူသတ်တဲ့အခါတိုင်း ဓားမြှောင်ကို အသုံးပြုပြီး သတ်လေ့ရှိတဲ့အတွက် ဂျာမန်တွေက သူ့ကို ‘ချုပ်အပ်’ လို့ အမည်ဝှက်နဲ့ ခေါ်ကြတာဖြစ်ပါတယ်။ ချုပ်အပ်ဟာ လူသတ်တဲ့နေရာမှာ အလွန်လက်ယဉ်ပြီး စိတ်တည်တည်ငြိမ်ငြိမ်နဲ့ သတ်လေ့ရှိပါတယ်။ သူဟာ သူ့ရည်မှန်းချက်ကို အကောင်အထည် ဖော်တဲ့နေရာမှာ လူတစ်ယောက်ကို ရှင်းသင့်ပြီလို့ ထင်လိုက်မိတဲ့အခါတိုင်း သူရှင်းရမယ့် လူဟာ ယောက်ျားပဲ ဖြစ်နေဖြစ်နေ၊ မိန်းမပဲ ဖြစ်နေဖြစ်နေ အသက်ကြီးငယ်မရွေး ဘာမှ ထောက်ထားညှာတာ မနေဘဲ အမြဲအပြတ် ရှင်းပစ်လေ့ရှိသူ ဖြစ်ပါတယ်။
သူရဲ့အဓိကရည်မှန်းချက်နဲ့ တာဝန်ကတော့ မဟာမိတ်တွေ ဘယ်နေရာကနေ ကမ်းတက်ကြမလဲဆိုတာကို အတိအကျ စုံစမ်းထောက်လှမ်းပြီး ခေါင်းဆောင်ကြီး ဟစ်တလာကို လူကိုယ်တိုင် သွားတွေ့ပြီး တိုက်ရိုက် အစီရင်ခံ တင်ပြဖို့ပဲဖြစ်တယ်။ ချုပ်အပ်ဟာ ငယ်စဉ်ကတည်းက ပညာထူးချွန်သူ ဖြစ်သလို ကြေးနန်းစာတွေကိုလည်း မော့စ်အချက်ပြ သင်္ကေတစနစ်ကိုသုံးပြီး ကိုယ်တိုင်ကျွမ်းကျွမ်း ကျင်ကျင် ပို့ဖမ်းနိုင်သူဖြစ်တယ်။ အိမ်ထောင် မရှိသူ ဖြစ်တဲ့အပြင် ဘယ်မိန်းကလေးအပေါ်မှလည်း သံယောဇဉ် ထားခဲ့ဖူးသူမဟုတ်ပါဘူး။ နိုင်ငံ့တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ သံယောဇဉ် အချုပ်အနှောင် ကင်းကင်းနဲ့ ထမ်းဆောင်ချင်လို့ ရည်းစားတောင်မှ ဟုတ်တိပတ်တိ မထားခဲ့သူ ဖြစ်တယ်။ ချုပ်အပ်ပေးပို့တဲ့ ကြေးနန်းကို ရတာနဲ့တစ်ပြိုင်နက် U-Boat လို့ခေါ်တဲ့ ရေငုပ်သင်္ဘောတစ်စင်းကို သူခေါ်တဲ့ အင်္ဂလန် ကမ်းခြေတစ်နေရာဆီကို စေလွှတ်ပေးဖို့ အမိဂျာမနီနိုင်ငံအနေနဲ့လည်း အသင့်စီစဉ်ထားပြီး ဖြစ်ပါတယ်။
မဟာမိတ်တွေဟာ ရေပြင်အကျယ်ဆုံး နေရာကို ဖြတ်သန်းပြီး ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေကပဲ ကမ်းတက်တိုက်မှာ ဖြစ်တဲ့အကြောင်း၊ ကျန်တဲ့နေရာတွေက ကမ်းတက် တိုက်မယ်ဆိုတာတွေဟာ လှည့်ဖြားမှုတွေသာ ဖြစ်တဲ့အကြောင်း သိသွားပြီးတဲ့အချိန်မှာ သူဟာ ဂျာမနီကို ကြေးနန်းပို့လိုက်ပါတယ်။ ဘယ်နေ့ဘယ်အချိန်မှာ အင်္ဂလန်နိုင်ငံ မြောက်ပိုင်းအနီးက ဘယ်ရေလက်ကြားနေရာမှာ ‘ယူဘုတ်’ ကို စေလွှတ်ပေးထားဖို့ အကြောင်းပါပဲ။ နောက် အဲဒီနေရာကိုသွားဖို့ စက်လှေတစ်စင်းကို ခိုးပြီး ထွက်ခွာလာရာမှာ မမျှော်လင့်ဘဲ မုန်တိုင်းမိသွားတဲ့အတွက် သူ့စက်လှေဟာ ကျောက်ဆောင်နဲ့ တိုက်မိပြီး နစ်မြုပ်သွားပါတယ်။ ဒါကြောင့်သူဟာ ‘မုန်တိုင်းကျွန်း’ လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်သွားပါတယ်။ အဲဒီကျွန်းပေါ်မှာလည်း လူလေးယောက်ပဲ နေထိုင်နေပါတယ်။ အဲဒီလေးယောက်ကတော့ ‘လူစီ’ လို့ခေါ်တဲ့ မိန်းမချောလေး တစ်ယောက်ရယ်၊ တစ်ချိန်က မဟာမိတ်လေတပ်က ‘စပစ်ဖိုင်းယား’တိုက် လေယာဉ်မှူးဖြစ်ခဲ့ပြီး အခု ခြေမသန်တော့တဲ့ သူ့ယောက်ျား’ဒေးဗစ်’ရယ်၊ သုံးနှစ်သားအရွယ် သူတို့သားငယ်လေး’ဂျိုး’ရယ်နဲ့ သိုးကျောင်းသမား’တွမ်’ရယ်တို့ပဲ ဖြစ်ကြပါတယ်။ ဒေးဗစ် နဲ့လူစီတို့ ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ လေးနှစ်က အိမ်ထောင်ပြုခဲ့ကြပြီး ကားတစ်စီးနဲ့ ပျားရည်ဆမ်းခရီး ထွက်ကြရာမှာ ဒေးဗစ်ဟာ အရက်သောက်ထားတာကတစ်ကြောင်း၊ ကားမောင်းမြန်တာက တစ်ကြောင်းကြောင့်  ကားဟာ ချောက်ထဲကျသွားခဲ့ပါတယ်။ လူစီက ဘာမှမဖြစ်ခဲ့ပေမယ့် ဒေးဗစ်ကတော့ ခြေ ထောက်နှစ်ဖက် မသန်တော့တဲ့ ဒုက္ခိတဘဝကို ရောက်သွားခဲ့ရပါတယ်။
ဒါကြောင့်လည်း ဒေးဗစ်ဟာ စိတ်ဓာတ်ကျသွားပြီး လူသူမရှိတဲ့ မုန်တိုင်းကျွန်းပေါ်မှာ သိုးမွေးပြီး အသက်မွေးဝမ်းကျောင်းမယ်လို့ ဆိုလိုက်တဲ့အခါ  လူစီ့ခမျာ ဘာမှမပြောသာဘဲ ခေါင်းညိတ်ခဲ့ရတာပါပဲ။ ‘တွမ်’ဟာ အသက် ငါးဆယ်ကျော် အရွယ်လောက်ရှိပြီး ဒေးဗစ်တို့ သိုးတွေကိုကျောင်းပေးရုံသာမက ကျွန်းပေါ်က မီးပြတိုက်ရဲ့တာဝန်ခံအဖြစ်လည်း အမှုထမ်းနေသူ ဖြစ်ပါတယ်။ မီးပြတိုက်ထဲမှာရှိတဲ့ ဆက်သွယ်ရေး စက်တွေကို အသုံးပြု ပြီး လန်ဒန်ကို ပုံမှန်သတင်းပို့တဲ့ အလုပ်ကိုလည်း သူလုပ်ပါတယ်။ သူဟာကျွန်းပေါ်မှာ တစ်လုံးတည်းသာရှိတဲ့ လူစီတို့ရဲ့အိမ်မှာမနေဘဲ မီးပြတိုက်အခြေက ဆက်သွယ်ရေး စက်တွေထားတဲ့ ရုံးထဲမှာပဲနေပါတယ်။ ချုပ်အပ်ဟာ ညဘက် စက်လှေပျက်ပြီး ကမ်းပေါ်တက်လာရင်း လူစီတို့ အိမ်တံခါး၀ ရောက်တဲ့အခါ  မူးမေ့ပြီး လဲကျသွားပါတယ်။ အဲဒီလို ဘယ်ကမှန်းမသိ ဘာမှန်းမသိဘဲ ထူးထူးဆန်းဆန်း ရောက်လာခဲ့သူဖြစ်ပေမယ့် ဒေးဗစ်တို့ ဇနီးမောင်နှံကတော့ ဧည့်သည်ကို ကောင်းကောင်းမွန်မွန် ပြုစုကြတာပါပဲ။ ဒေးဗစ်ဟာ အချိန်တိုအတွင်းမှာပဲ ချုပ်အပ်ကို တော်တော်သံသယ ဖြစ်သွားတဲ့အပြင် စိတ်လည်း နည်းနည်းရှုပ်နေတာမို့ အဲဒီညက အိပ်ဆေးနှစ်လုံး သောက်ပြီးမှ အိပ်ရာဝင်သွားပါတယ်။
ဒေးဗစ်နဲ့သားလေးဂျိုးတို့ အိပ်ပျော်သွားတဲ့အချိန်မှာ ချုပ်အပ်နဲ့လူစီတို့နှစ်ဦးဟာ ဧည့်ခန်းထဲက မီးလင်းဖိုနံဘေးမှာ ဘရန်ဒီ အရက်သောက်ရင်း စကားပြောဖြစ်ကြပါတယ်။ ခင်ပွန်းသည် ဒုက္ခိတဘ၀ ရောက်သွားလို့ လူစီရဲ့ ဒီကျွန်းပေါ်မှာ နေခဲ့ရတဲ့ လေးနှစ်တာ အချိန်ကာလဟာ ဘယ်လောက်များ စိတ်ဆင်းရဲစရာ စိတ်ပျက်စရာ ကောင်းလိုက်လေမလဲဆိုတာကို အကင်းပါးတဲ့ ချုပ်အပ်က ချက်ချင်းသိ လိုက်ပါတယ်။ တိုတိုပြောရရင်တော့ အဲဒီညမှာပဲ သူတို့နှစ်ဦးဟာ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ ဥပဓိရုပ်ဖြောင့်ပြီး စူးရှတဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားတဲ့ ချုပ်အပ်အပေါ်မှာ ထိန်းမနိုင် သိမ်းမရလောက်အောင် လူစီသံယောဇဉ်တွေ ယိုဖိတ်သွားမိတာ အမှန်ဖြစ်ပေမယ့် တကယ်အသည်းနင့်အောင် သံယောဇဉ် ဖြစ်သွားမိခဲ့သူကတော့ မိန်းမအတွေ့အကြုံ မရှိတဲ့အပြင် အတွင်းစိတ် နှလုံးသားအခံ နူးညံ့တဲ့ ချုပ်အပ်သာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နောက်ရက်မှာ ပင်လယ်ကမ်းခြေမှာရှိတဲ့ တောင်းစောင်းက ရှုခင်းကောင်း တဲ့နေရာတစ်ခုကို သားငယ်လေးဂျိုးကိုခေါ်ပြီး ပျော်ပွဲစား ထွက်ကြတဲ့အထိ အနေမတတ် အထိုင်မတတ် ဖြစ်လာကြပါတယ်။
နောက်ဆုံး ချုပ်အပ်ဟာ သူ့အကြောင်း ရိပ်မိသွားပြီဖြစ်တဲ့ ဒုက္ခိတဒေးဗစ်ကို အဲဒီနေ့ ညနေမှာပဲ တောင်စောင်းကနေ ကျောက်ဆောင်ထူထပ်တဲ့ ပင်လယ်ကမ်းစပ်ထဲကို တွန်းချနိုင်ခဲ့သလို တွမ့်ကိုလည်း ဇီဝိန်ခြွေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သံယောဇဉ် တွယ်မိသွားပြီဖြစ်လို့ လူစီ့ကိုတော့ ချုပ်အပ် ဘယ်လိုမှ မသတ်ရက်တော့ပါဘူး။ ဒါဟာ ချုပ်အပ်ရဲ့ မဟာအမှားဖြစ်သလို ဂျာမနီနိုင်ငံအတွက် အကြီးအကျယ် ကံဆိုး သွားစေတဲ့ အချက်လည်း ဖြစ်ပါတယ်။
ဒေးဗစ်ကိုသတ်ပြီး နောက်တစ်နေ့ မနက်ခြောက်နာရီ မထိုးခင် အချိန်လေးမှာ မီးပြတိုက်ကို ချုပ်အပ် အပြေးအလွှား ရောက်လာပါတယ်။ ယူဘုတ်နဲ့ ချုပ်အပ်တို့ရဲ့ ဆက်သွယ်မှုယူရမယ့် သတ်မှတ်ချိန်ဟာ ညခြောက်နာရီနဲ့ မနက်ခြောက်နာရီအကြားမှာ ဖြစ်ပါတယ်။ ချုပ်အပ်ဟာ တွမ်ရဲ့ဆက်သွယ်ရေးစက်တွေနဲ့ ယူဘုတ်ကို ကြိုးစားပြီး ခေါ်နေပါတယ်။ အဲဒီအချိန်မှာ လူစီဟာ ဒေးဗစ်ရဲ့ အလောင်းကို မမျှော်လင့်ဘဲ တွေ့လာခဲ့ပြီးပါပြီ။  ဒါ့အပြင် ဂျာမန်ဘာသာစကားနဲ့ စက်ပေါ်မှာ ခေါ်နေတဲ့ ချုပ်အပ်ရဲ့အသံကိုလည်း ကြားလိုက်ရတဲ့အတွက် သူ့တိတ်တခိုးချစ်သူဟာ ဂျာမန်သူလျှို အကြီးစားကြီးတစ်ယောက် ဖြစ်နေပါလားဆိုတာကို လူစီသိလိုက်ရပါပြီ။ ဒါ့ကြောင့် လူစီဟာ မီးပြတိုက်တစ်ခုလုံး မီးပျက်သွားအောင် လက်ကိုဓာတ်အလိုက်ခံပြီး တွမ်ရဲ့အိမ်ထဲက လျှပ်စစ်မီးကြိုးတွေကို ရှော့တိုက်ပစ်လိုက်ပါတော့တယ်။
အဲဒီအချိန်မှာပဲ လူစီ့အနားကို ချုပ်အပ်ရောက်လာပြီး  The War has come down to the  two of us လို့ပြောလိုက်ပါတယ်။ ‘စစ်ပွဲကြီးတစ်ခုလုံးရဲ့ အနိုင်အရှုံးဟာ ငါတို့နှစ်ယောက်တည်းရဲ့အပေါ်မှာပဲ မူတည်နေပါ တော့လား’ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ နောက်ဆုံး ဇာတ်ကားမပြီးခင် အချိန်လေးမှာ မလှမ်းမကမ်းမှာ မြင်နေရတဲ့ ဂျာမန် ရေငုပ်သင်္ဘောဆီကို လက်ခတ်လှေလေးနဲ့ ရောက်အောင် လှော်ခတ်သွားဖို့ ကြိုးစားနေတဲ့ ချုပ်အပ်ကို လူစီက ခြောက်လုံးပြူးနဲ့ အသေ ပစ်သတ်နိုင်ခဲ့ပါတယ်။
ဒါ့ကြောင့် ဒီဇာတ်ကားကို ကြည့်ပြီး ရံဖန်ရံခါမှာ နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်နဲ့ ကံကြမ္မာဟာလည်း လူနှစ်ယောက်တည်းရဲ့ အတွေးအခေါ်၊ ခံယူချက်နဲ့ ဆုံးဖြတ်ချက် အပေါ်မှာ လုံး၀ မှီတည်နေနိုင်သလားလို့ စဉ်းစားနေမိပါတော့တယ်။

Most Read

Most Recent