ရွေးကောက်ပွဲရလဒ်ကို လိုက်နာပြီး ငြိမ်းချမ်းစွာ တာဝန်လွှဲပြောင်းရေး လုပ်ဆောင်သွားမည်ဟု သမ္မတဦးသိန်းစိန်က အာဆီယံ၌ ကတိပေး ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။၂၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ KLCC ၌ စတင်ခဲ့ပြီး အာဆီယံ ခေါင်းဆောင်များ၏ မျက်နှာစုံညီအစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။“သမ္မတကြီးကတော့ ရွေးကောက်ပွဲ ရလဒ်ကို လိုက်နာပြီးတော့ ငြိမ်းချမ်းစွာ တာဝန်လွှဲပြောင်းတဲ့ ကိစ္စကို လုပ်သွားမယ် ဆိုတာကိုလည်း ထပ်ပြီးတော့ ကတိပေးတယ်ပေါ့။ ကျွန်တော်တို့နိုင်ငံနဲ့ ပတ်သက်လို့တော့ (အာဆီယံ ခေါင်းဆောင်များက) ရွေးကောက်ပွဲ ကိစ္စတစ်ခုပဲ ပြောပါတယ်။ ချီးကျူးတယ်။ ဂုဏ်ပြုတယ်။ တိုးတက်မှုကို အသိအမှတ်ပြု တယ်” ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကThe Daily Eleven သို့ ပြောကြားသည်။အာဆီယံ ခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေးအဖွင့်တွင်လည်း ၂၀၁၅ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က မြန်မာ့ရွေးကောက်ပွဲကို ဂုဏ်ပြုစကား ပြောကြားပြီး အစည်းအဝေးကို စတင်ခဲ့သည်။“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်တဲ့အပေါ် ကျွန်တော်ဂုဏ် ပြုပါတယ်။ မလေးရှားနိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကိစ္စတွေမှာ ဆက်ပြီးတော့ အကူအညီပေးသွားပါမယ်” ဟု မလေးရှားဝန်ကြီးချုပ်က မျက်နှာစုံညီ အစည်းအဝေးအဖွင့်၌ ပြောကြားသည်။ထို့နောက် အာဆီယံ၏ တိုးတက်မှု အခြေအနေများကို မလေးရှားဝန်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။“နေပြည်တော် အာဆီယံအစည်း အဝေးမှာ ကျွန်တော် ကတိပေးခဲ့တဲ့ အချက်နှစ်ချက် ရှိပါတယ်။ တစ်ခုက အာဆီယံအသိုက်အမြုံ လမ်းပြမြေပုံကို အပြီးသတ်ဖို့ဖြစ်ပြီး ဒုတိယတစ်ခုက ၂၀၁၅ အလွန် အာဆီယံ မျှော် မှန်းချက်တွေ ချမှတ်ပေးဖို့ ဖြစ်ပါတယ်။ မနက်ဖြန် (နိုဝင်ဘာ ၂၂ ရက်) ကျရင်တော့ ဒီဇင်ဘာ ၃၁ ရက်မှာ အာဆီယံ အသိုက်အမြုံ ထူထောင်မှုကို စတင်မယ့် အကြောင်းတရား ဝင်ကြေညာပါမယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် အထိ ရေးဆွဲထားတဲ့ အာဆီယံ မျှော်မှန်းချက်နဲ့ ပတ်သက်တဲ့ ကွာလာလမ်ပူ ကြေညာချက်ကိုလည်း ထုတ်ပြန်သွားပါမယ်”ဟု မလေး ရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က ပြောကြားသည်။အာဆီယံ ခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေးတွင် နိုင်ငံတကာ၌ ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ၊ IS အဖွဲ့၏ အန္တရာယ်နှင့် အာဆီယံအသိုက်အမြုံ ထူထောင်ခြင်းဆိုင်ရာများကို အဓိက အလေးအနက်ထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုအစည်းအဝေးအပြီးတွင် လူကုန်ကူးမှု (အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ) ဆန့်ကျင်တားဆီးရေးဆိုင်ရာ အာဆီယံ သဘောတူညီချက် (ACTIP) ကို အာဆီယံ ခေါင်းဆောင်များက လက်မှတ်ရေး ထိုးခဲ့ကြသည်။
ရွေးကောက်ပွဲရလဒ်ကို လိုက်နာပြီး ငြိမ်းချမ်းစွာ တာဝန်လွှဲပြောင်းမည်ဟု သမ္မတဦးသိန်းစိန် အာဆီယံ၌ ကတိပေး















