ဖားကန့်မြို့နယ် ဆန်ခတ်ကူးကျေးရွာအနီးတွင် စွန့်ပစ်မြေစာပုံ ပြိုကျမှုဖြစ်ပွားပြီး အိမ်ခြေ ၈၀ ခန့် နစ်မြုပ်ပျက်စီးကာ လူ ၂၀၀ ခန့် ပျောက်ဆုံးနေ

ဖားကန့်မြို့နယ် ဆန်ခတ်ကူးကျေးရွာအနီးတွင် စွန့်ပစ်မြေစာပုံ ပြိုကျမှုဖြစ်ပွားပြီး အိမ်ခြေ ၈၀ ခန့် နစ်မြုပ်ပျက်စီးကာ လူ ၂၀၀ ခန့် ပျောက်ဆုံးနေ
Published 21 November 2015

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုနှင့် ဆိပ်မူကျေးရွာအုပ်စုအကြားရှိ ဆန်ခတ်ကူးကျေးရွာအပိုင်အတွင်း ကျောက်မျက်ကုမ္ပဏီများမှ  စွန့်ပစ်ထားသည့်မြေစာပုံ ပြိုကျမှု ဖြစ်ပေါ်ခဲ့ရာ ယင်းမြေစာပုံ အောက်ခြေအနီးတစ်ဝိုက်တွင်ရှိသော အိမ်ခြေ ၈၀ ခန့် နစ်မြှုပ်ပျက်စီးခဲ့ပြီး ခန့်မှန်းခြေ လူ ၂၀၀ ခန့် ပျောက်ဆုံးနေကြောင်း သိရသည်။မြေစာပုံပြိုကျမှုမှာ  နိုဝင်ဘာ ၂၁ ရက် နံနက် ၃ နာရီခွဲဝန်းကျင်က ပြိုကျခဲ့ခြင်းဖြစ်ပြီး မြေစာပုံအောက်ခြေတစ်ဝိုက်တွင် နေအိမ်တဲများဆောက်၍ ရေမဆေးကျောက် ရှာဖွေသည့်လုပ်ငန်း လုပ်ကိုင်ကြသော ဒေသခံများမှာ တဲများအတွင်း  အိပ်နေကြချိန်ဖြစ်၍  လူအများအပြား သေဆုံးနိုင်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။“ဒီအချိန်က အားလုံးအိပ်ကောင်းနေတဲ့ အချိန်လေ။  ပြေးချိန်မရလိုက်ဘူး။  အစပိုင်းက ဘက်ဟိုးကြီး ပြုတ်ကျလာတဲ့အသံ ထင်နေတာ။  အသံကတော့  မိုးကြိုးပစ်လိုက်သလိုပဲ။ သေချာကြည့်လိုက်မှ ပြိုကျတဲ့မြေစာပုံကြီးကနေ မြေစာတွေ ထိုးဆင်းလာတာ တွေ့လိုက်ရတယ်။ ပြိုကျချိန်က တစ်မိနစ် မကြာဘူး။ ကျွန်တော့်မျက်စိရှေ့မှာ အောက်မှာရှိတဲ့အိမ်တွေ အားလုံး ဖုံးသွားတယ်။ အခုဖုံးသွားတဲ့နေရာတွေဟာ  အိမ်တွေစိပ်တဲ့နေရာ ဖြစ်ပါတယ်။ တချို့မိသားစုလိုက် နေကြတဲ့ဟာတွေလည်း အကုန်ပါသွားတယ်။  ကျွန်တော်တောင်  ကံကောင်းလို့ လွတ်တာ။ မြေစာတွေက ကျွန်တော့်တဲဘက်ကို မရောက်လာဘူး” ဟု အဆိုပါမြေစာပုံအနီး နေထိုင်သူတစ်ဦးက ဆိုသည်။မြေစာပုံပြိုကျမှု ဖြစ်ပေါ်ခြင်းမှာ  ယင်း မြေစာပုံခြေရင်းတွင် တောင်ကြားမှ စိမ့်ထွက်သောရေများကို  မြေစာများ ဖုံးအုပ်မိခဲ့ခြင်းကြောင့်  အတွင်းပိုင်းလိုက်စားမှုဖြစ်ပေါ်ကာ ပြင်းထန်စွာ ပြိုကျမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ခန့်မှန်းခြေ အိမ်ခြေက ၅၀ ကနေ ၁၀၀ ကြား၊ လူဦးရေက ၁၀၀ ကနေ ၂၀၀ ကြား ပါသွားနိုင်တယ်။ မြေစာပုံမှာ ရှာနေတဲ့သူက သိပ်မပါပါဘူး။ မြေစာပုံအောက်ခြေမှာရှိတဲ့ အိမ်တွေကပဲ အများကြီးပါသွားတယ်။ အဲဒီနေရာက အိမ်တွေကလည်း စိပ်တယ်။ နေတဲ့လူတွေကလည်း တဲတစ်တဲမှာ အနည်းဆုံး လေး ငါးယောက်လောက် နေကြတယ်။ ၁၀ ယောက် လောက်နေကြတဲ့ဟာတွေလည်း ရှိတယ်။ ဒီရွာမှာက  အုပ်ချုပ်ရေးအဖွဲ့လည်းမရှိတော့ လူဘယ်လောက်နေတယ်ဆိုတာ  မသိရဘူး။ ဒီတော့  သေဆုံးတဲ့စာရင်းကလည်း  အတိအကျသိနိုင်မှာ မဟုတ်ဘူး။  အများကြီးသေဆုံးသွားတယ်ဆိုတာတော့ ခန့်မှန်းလို့ရပါတယ်” ဟု  ဖားကန့် NLD ပါတီမှ  ဦးထွေးမောင်က ပြောကြားသည်။အဆိုပါမြေစာပုံအောက်ခြေအနီးတစ်ဝိုက်တွင်   လာရောက်နေထိုင်သူများမှာ ရေမဆေးကျောက် ရှာဖွေရန် မိမိသဘောဆန္ဒအရ မှော်ဒေသအများအပြားမှ လာရောက်နေထိုင်သူများဖြစ်သည့်အတွက် မည်သည့်ကျေးရွာအုပ်စု၏ အုပ်ချုပ်အောက်တွင်မှ မရှိကြောင်း    မမုံကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။အဆိုပါပြိုကျသည့် နေရာအနီးတွင် နေထိုင်ကြသူများမှာ စွန့်ပစ်မြေစာပုံပေါများပြီး ကျောက်ရှာဖွေရန် နေရာလွယ်ကူသည့်အတွက် မှော်ဒေသအများအပြားမှ ယာယီလာရောက်နေထိုင်ကြခြင်း ဖြစ်ကြောင်း၊ ဈေးဆိုင်တန်းများလည်း ပေါများပြီး လူစည်ကားမှုရှိသည့်နေရာဖြစ်ကြောင်း သိရသည်။ပြိုကျမှုမှာ အလျားပေ ၅၀၀၀ ဝန်းကျင်ခန့်အထိ မြေစာလျှောဆင်းခဲ့ပြီး အောက်ခြေရှိ လူနေအိမ်အများအပြား နစ်မြှုပ်ပျက်စီးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကုမ္ပဏီမှ ဘက်ဟိုးဖြင့် ရှာဖွေမှုပြုလုပ်ပေးရန် ပြင်ဆင်လျက်ရှိပြီး ဒေသခံများက လွယ်ကူသည့်နေရာများတွင် မွန်းတည့် ၁၂ နာရီအထိ ပေါက်ပြားဖြင့် ရှာဖွေမှုပြုလုပ်ခဲ့ရာ အလောင်းကိုးလောင်း ရှာဖွေတွေ့ရှိခဲ့သည်။

Most Read

Most Recent