လုပ်ခလစာ တိုးမြှင့်ပေးရေး ဆန္ဒပြရာတွင် အလုပ်သမားများဘက်မှ လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့သဖြင့် ပုဒ်မ-၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသော ကိုသူဇော်ကြည်ဝင်းနှင့် ကိုနိုင်ဇော်ကြည်ဝင်းတို့အား နိုဝင်ဘာ ၂၀ ရက်က ရန်ကင်းမြို့နယ် တရားရုံးတွင် ဆက်လက် ရုံးထုတ်ခဲ့သည်။
ယင်းနေ့ရုံးချိန်းတွင် တရားလိုဘက်မှ အမှုနှင့် ပတ်သက်၍ အပြီးသတ် လျှောက်လဲချက်ကို မြို့နယ်တရားရုံးသို့ လျှောက်တင်ခဲ့ပြီး စွပ်စွဲခံရသူတို့ဘက်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်ကတည်းက အပြီးသတ် လျှောက်တင်ချက်ကို တရားရုံးသို့ တင်ပြခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
“စွပ်စွဲခံရသူနှစ်ဦးက ထောင်ကျခံဖို့ အဆင့်သင့်ဖြစ်နေတဲ့ အချိန်မှာတောင် ကြန့်ကြာမှုတွေ ရှိနေတယ်။ အမှုကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးစေချင်ပါတယ်။ ပြီးတော့ တရားလိုဘက်က လျှောက်လဲချက်တင်တာ နောက်ကျတာကို တရားရုံးက မှတ်တမ်းတင် ထားစေလိုပါတယ်”ဟု တရားစွဲဆိုခံထားရသော ကိုသူဇော်ကြည်ဝင်းက တရားခွင်အတွင်း ပြောကြားခဲ့သည်။
တရားသူကြီးက အမှုနှင့်ပတ်သက်၍ တရားလိုပြ သက်သေတစ်ဦး၏ ထွက်ဆိုချက်တွင် မရှင်းလင်းသည့် အကြောင်းအရာအချို့ ရှိမှုကြောင့် ၎င်းအား ပြန်ခေါ်စစ်ဆေးမည် ဖြစ်ပြီး အမှုအား မြန်ဆန်မှုထက် မှန်ကန်မှုကိုလည်း အလေးပေး ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
“တရားလိုဘက်က လျှောက်လဲချက် ဒီနေ့မှလာပေးတယ်။ ပေးတဲ့အခါကျတော့ တရားသူကြီးက အမိန့်ချဖို့အတွက်ကို တရားလိုပြသက်သေထဲက ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း ထွက်ဆိုတဲ့ထဲမှာ တရားသူကြီးက မရှင်လင်းတဲ့အချက် နှစ်ချက်ရှိတယ်လို့ ပြောတယ်။ သူမရှင်းတဲ့ အချက်နှစ်ချက်ကို သမ္မန်စာထုတ်ပြီးတော့ ခေါ်မေးမယ်။ အဲဒါ ခေါ်မေးပြီးမှ အမိန့်ချမှာ။ အဲဒါကြောင့် ရုံးချိန်းကို ၃ ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်”ဟု တရားစွဲခံထားရသူ နှစ်ဦး၏ ရှေ့နေဦးနေလင်းအောင်က ပြောကြားခဲ့ သည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက ရွှေပြည်သာမြို့နယ်ရှိ စက်ရုံသုံးရုံ၏ အလုပ်သမား တစ်ထောင်ကျော်က အခြေခံလစာ တိုးမြှင့်ပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုရာ၌ ကိုသူဇော်ကြည်ဝင်းနှင့် ကိုနိုင်ဇော်ကြည်ဝင်းတို့က ဦးဆောင် ကူညီပေးခဲ့သည်ဟုဆိုကာ ပုဒ်မ-၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံရပြီး ပြီးခဲ့သည့် သြဂုတ် ၆ ရက်တွင် ရန်ကင်းမြို့နယ် တရားသူကြီးက အဆိုပါ ပုဒ်မဖြင့် စွဲချက်တင်ကြောင်း အမိန့် ချမှတ်ခဲ့သည်။
ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရင်ဆိုင်နေရသော အလုပ်သမားအရေး ဆောင်ရွက်ပေးသူနှစ်ဦး၏အမှု တရားလိုပြ သက်သေတစ်ဦးအား ပြန်ခေါ်စစ်ဆေးမည်ဖြစ်၍ အမိန့်မချဖြစ်သေး















